
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် တအာင်း/ပလောင်တပ်နှင့်အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည့် ဓနုတပ်က ၎င်းတို့၏စစ်ရေးသြဇာကို ပြည်နယ်တောင်ပိုင်းအထိ လွှမ်းမိုးနိုင်ရန် ပြင်ဆင်နေသည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပထမဆုံးသော ဓနုလူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထံတွင် စစ်သင်တန်းတက်ထားသည့် အဖွဲ့ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ခန့်မှန်းစာရင်းအရ လူဦးရေ ၄ သိန်းခန့်ရှိသည့် ဓနုလူမျိုးများသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအနက် စတုတ္ထမြောက် လူဦးရေအများဆုံးဖြစ်ကြောင်း သိရသည်။ ပြည်နယ်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်မြို့နယ်တို့နှင့် ပြည်နယ်မြောက်ပိုင်းမှ နောင်ချိုမြို့နယ်တို့တွင် တစ်ဆက်တစ်စပ်တည်း စုစည်းနေထိုင်နေကြသည်။
စစ်ဗိုလ်ချုပ်များက စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။ ဓနုအများဆုံး နေထိုင်ကြသည့် မြို့နယ်နှစ်မြို့နယ်ဖြစ်ပြီး ထိုဒေသကို စစ်ကောင်စီလက်အောက်ခံ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က အုပ်ချုပ်သည်။
ဓနုပြည်နယ်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး စသည့် ဦးတည်ချက်များဖြင့် DPLA ကို ၂၀၂၂ သြဂုတ် ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲ ဝင်လာပြီး ဩဂုတ်လ ၈ ရက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ကြောင်း DPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရပ်စောက်မြို့မြောက်ဘက် ၃၈ မိုင်အကွာ ကျောက်ဂူရွာဝန်းကျင်တွင် DPLA နှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိုနေ့က နေ့လယ် ၁၁ နာရီ ၃၀ မိနစ်မှစတင်ကာ တွေ့ဆုံပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ကြောင်း DPLA ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက Myanmar Now ကို ပြောသည်။
“ကျောက်ဂူနားက လွယ်ဟောင်ရွာနဲ့ ပုန်းအင်းရွာကြားမှာ ဖြစ်တာဗျ။ ညနေ ၃ နာရီ ၄၅ မိနစ်မှာ တိုက်လေယာဉ် ဗုံး ၂ လုံး လာကြဲတာရှိတယ်။ ကျနော်တို့ဘက်ရော လူထုတွေရော ဘေးကင်းပါတယ်” ဟု DPLA ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ဆိုသည်။
တိုက်ပွဲသည် ညနေ ၄ နာရီတွင် ပြီးစီးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေပြီး ၈ ဦးကို အရှင်မိထားကြောင်း၊ ဖမ်းမိထားသူများမှာ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း DPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုင်သည့် ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MA စီးရီးဝင် ရိုင်ဖယ် ၁၉ လက်ကို သိမ်းဆည်းမိကြောင်း DPLA က ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားသဖြင့် တိုက်ပွဲယာယီငြိမ်နေကြောင်း DPLA ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။
တိုက်ပွဲဖြစ်သည့် လွယ်ဟောင်နှင့် ပုန်အင်းရွာသည် ကျောက်ဂူအနောက်မြောက်ဘက် ၃ မိုင်အကွာတွင် ရှိသည်။
လွယ်ဟောင်ရွာမြောက်ဘက်ရှိ တောင်ခမ်းရွာတွင် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်တစ်ခုရှိပြီး အဆိုပါဌာနချုပ်လက်အောက်ခံ အမှတ် (၃၅၄) ၊ (၂၀၆) ၊ (၄၀၆) အမြောက်တပ်ရင်း ၃ ရင်း ရှိသည်။
စစ်ကောင်စီတပ်သည် တောင်ခမ်းရှိ အမြောက်စခန်းဌာနချုပ်ကို ကာကွယ်နိုင်ရန် ဩဂုတ်လ ၄ ရက်မှ စတင်ကာ တောင်ခမ်းမြောက်ဘက် ၇ မိုင်အကွာရှိ ရွှေမုဋ္ဌောရွာနှင့် ကန်ကြီးရွာဝန်းကျင်ကို စစ်အင်အားတချို့စေလွှတ်၍ ခံစစ်ပြင်ထားသည်။
နောင်ချိုမြို့နယ်ကို ထိန်းချုပ်ထားသည့် TNLA နှင့် ၎င်း၏ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တို့ကလည်း ပြန်လည်တိုက်စစ်ဆင်သဖြင့် ရွှေမုဋ္ဌောနှင့် ကန်ကြီးရွာအနီးတွင်လည်း တိုက်ပွဲများရှိနေသည်။
TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ ဩဂုတ် ၈ ရက် ညနေပိုင်းထုတ်ပြန်သော သတင်းအရ လေတပ်က ဩဂုတ်လ ၈ ရက်တွင် ကန်ကြီးရွာအနီးသို့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကလည်း နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ထားသည့် DPLA သည် စစ်ကောင်စီတပ် ခံစစ်ပြင်ထားသည့်ကြားက တောင်ခမ်းကို ကျော်၍ ရပ်စောက်မြို့နယ် ကျောက်ဂူရွာအနီးအထိ ဝင်လာပုံရကြောင်း ပြောသည်။
“ကျောက်ဂူကို ပြန်ဝင်တာတော့ ဓနုဒေသထဲ ပြန်ဝင်တာပေါ့။ သူတစ်ဖွဲ့တည်းတော့ ဟုတ်ပုံမရဘူး။ TNLA နဲ့ PDF တွေလည်း ပါလာတယ်လို့တော့ ယူဆရတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
“TNLA ကတော့ DPLA ကို backup ပေးတာပေါ့။ PDF တွေအဖို့ကတော့ ရှမ်းတောင်ကို နယ်မြေတိုးချဲ့ဖို့ လုပ်လာတဲ့သဘောပေါ့”
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ကြီးမြို့၊ စစ်ဦးစီးတက္ကသိုလ်ရှိရာ ကလောမြို့နှင့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းရှိရာ ရပ်စောက်မြို့နယ် ဗထူးတပ်မြို့တို့ရှိသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အဓိကမြို့များနှင့် နေရာအများစုကို စစ်ကောင်စီတပ်ကသာ ထိန်းချုပ်ထားသည်။
ရပ်စောက်မြို့နယ်တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSA/RCSS) တို့လည်း ဝင်ရောက်လှုပ်ရှားကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် နယ်စပ်ရှိ ဆီဆိုင်မြို့နယ်တွင်မူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် မဟာမိတ်တော်လှန်ရေးတပ်များက စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းထိုင်သော စခန်းငယ်တချို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေသည်။
ဩဂုတ်လ ၆ ရက်ကလည်း ဆီဆိုင်အရှေ့ဘက် ၅ မိုင်အကွာ လွယ်ထွဲရွာရှိ စစ်ကောင်စီစခန်းကို PNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အသေရမိ၊ ဒရုန်းတစ်စင်းအပါအဝင် သေနတ် ၁၀ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့် PNO က ထိန်းချုပ်ထားသော်လည်း မြို့၏ အရှေ့ဘက်ရွာတချို့၌ PNLA နှင့် ပူးပေါင်းတပ်များ ရှေ့တိုးလာနေသည်ဆိုသော သတင်းကြောင့် မြို့ခံတချို့ နေရပ်စွန့်ခွာကြကြောင်း PNO ထောက်ခံသူ ခွန်ဆန်းအောင်၏ Facebook တွင် ပြောဆိုချက်အရ သိရသည်။