သတင်း

အာဏာသိမ်းစစ်အုပ်စုက တရုတ်ကိုပစ်ပယ်ကာ အနောက်ကမ္ဘာနှင့် ဆက်ဆံလိုကြောင်း ဝါဒဖြန့်စစ်ဆင်ရေးစတင် 

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးကထွက်ခွာဖို့ ဆန္ဒပြင်းပြနေပြီး တရုတ်ကိုခွာနိုင်ရန်အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လိုကြောင်း စစ်အုပ်စုက ငှားရမ်းထားသည့် လော်ဘီအား ကိုးကားလျက် ယနေ့ (မတ် ၇) နံနက်ပိုင်း Reuters က ဆိုသည်။ 

အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အာဏာသိမ်းမြန်မာစစ်ခေါင်းများက အစ္စရေး စစ်ထောက်လှမ်းရေးဟောင်းကို ငှားရမ်းထားသည်ဟု နိုင်ငံခြားရေးရာလောဘီအစီရင်ခံစာက ယမန်နေ့ (မတ် ၆) ထုတ်ဖော်ရေးသားခဲ့ပြီးနောက် Reuters သတင်းဌာနက အစ္စရေး စစ်ထောက်လှမ်းရေးဟောင်း Ari Ben-Menashe ကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာမွတ်စလင်များကိုလည်း ပြန်လည်လက်ခံလိုကြောင်း၊ ၎င်းတို့အပေါ် နားလည်မှုလွဲနေသော အမေရိကန်အပါအဝင် အခြားနိုင်ငံများနှင့် ဆက်ဆံရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းကိုငှားရမ်းထားသည်ဟု Ari Ben-Menashe က ပြောသည်။ 

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် တရုတ်၏ ရုပ်သေးရုပ်မဖြစ်လိုကြောင်းလည်း ဇင်ဘာဘွေအာဏာရှင်ဟောင်း ရောဘတ်ဘူဂါဘီနှင့် ဆူဒန်စစ်ခေါင်းဆောင်များအတွက် အလုပ်လုပ်ပေးခဲ့ဖူးသူ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း Ari Ben-Menashe က ဆိုသည်။ 

အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အာဏာသိမ်းစစ်ဗိုလ်ချုပ်များက စစ်လော်ဘီဟောင်းကို ငှားရမ်းထားသော်လည်း အမေရိကန်နိုင်ငံကမူ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ အရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်က အာဏာသိမ်းစစ်အုပ်စုအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန် သမ္မတအမိန့်များ ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည် အသက်သွင်းရေးနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင်လည်း အမေရိကန်နိုင်ငံက ဖိအားပေးတိုက်တွန်းခဲ့သည်။

အာဏာသိမ်းပြီးခါစတွင် အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ဖြစ်မှုကို ခံနိုင်ရည်ရှိသည်ဟု လေလုံးထွားခဲ့သော်လည်း စစ်အာဏာသိမ်းပြီး တစ်လစွန်းစွန်းရှိလာချိန်တွင် စစ်ထောက်လှမ်းရေးဟောင်းလော်ဘီကိုပင် ငှားရမ်းကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ရန် အာဏာသိမ်းစစ်အုပ်စုက ခြေလှမ်းပြင်လာသည်။ 

စစ်အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီက ပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်မည်ကို မမှုကြောင်း အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ရာတွင် စစ်တပ်ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်းတို့အနေဖြင့် အရေးယူပိတ်ဆို့မှုများကို ကျင့်သားရနေပြီးဖြစ်ကြောင်း၊ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကြောင့် အထီးကျန်ဖြစ်မည်ဆိုပါကလည်း မိတ်ဆွေအချို့နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ 

စစ်ဗိုလ်ချုပ်ကြီးများသည် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိနေပြီး မတရားဖမ်းဆီးထိန်းသိမ်းကာ အရေးယူခြင်းခံထားရသည့်  ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အခြားဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ယနေ့အချိန်ထိ တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ 

ထို့ပြင် မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်ကြောင်း တရုတ်က ထုတ်ဖော်ပြောကြားခဲ့သည့်နည်းတူ ကုလသမဂ္ဂတွင် မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရေး အနောက်နိုင်ငံများက အရေးဆိုသည့်အခါတိုင်း တရုတ်နှင့် မြန်မာနိုင်ငံ၏ အဓိကစစ်လက်နက်ဈေးသည်ကြီးဖြစ်သော ရုရှားက ကန့်ကွက်လေ့ရှိသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်များကို အမေရိကန်၊ ယူကေ၊ ကနေဒါတို့ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဥရောပသမဂ္ဂသည်လည်း အရေးယူပိတ်ဆို့ရန် ပြင်ဆင်လျက်ရှိသည်။ အာရှအင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သော ဂျပန်က မြန်မာနိုင်ငံရှိ ၎င်း၏ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး အကူအညီများကို ဆိုင်းငံ့ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသော အရပ်သားပြည်သူ ၅၀ ထက်မနည်းသေဆုံးခဲ့ရပြီးဖြစ်ကာ အာဏာသိမ်းခေါင်းဆောင်များ၏ လုပ်ရပ်အပေါ်  အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံတကာက ဆက်တိုက် ပြစ်တင်ဝေဖန်လျက်ရှိသည့်နည်းတူ ယနေ့အချိန်ထိ မည်သည့်နိုင်ငံကမျှ အာဏာသိမ်းစစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုထောက်ခံခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button