စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

နိုင်ငံရေးအိပ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှု

သင်္ဃန်းကျွန်း၊ ရန်ကုန် –စက်တင်ဘာ ၉ ရက် … မိုးများက တဖွဲဖွဲ ရွာကျနေသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ ခြံတစ်ခြံအတွင်းရှိ ခေတ်ပေါ်ပုံစံ နှစ်ထပ်အိမ်တစ်လုံးဆီသို့ အမျိုးသမီးများနှင့် ကလေးအများစုပါသည့် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် မိုးကို ဂရုမထားဘဲ သူ့ထက်ငါ အရင်ဦးအောင် သွားနေကြသည်။

သူ့ရှေ့မတိုင်ခင်တစ်ရက်ကဆိုလျှင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီဖြစ်သည်။ သို့သော် ချွေးများ မိုးရေများ စိုနေသည့် ယင်းလူစုသည် နိုင်ငံရေးကို စိတ်ဝင်စားပုံမရ။ ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရထက် တန်ခိုးရှင်တစ်ဦးထံမှ စောင့်ရှောက်မစမှုကိုသာ အားကိုးနေပုံရသည်။

အိမ်ထဲမှ ဘုရားခန်းစင်အမြင့်တစ်ခုပေါ်တွင် ပကတိလူတစ်ယောက် အရွယ်အစားခန့်ရှိပြီး ခြေချိတ်ထိုင်နေပုံ ထုလုပ်ထားသည့် မြန်မာအမျိုးသားကြီးတစ်ဦး၏ ဖယောင်းရုပ်တုကြီးတစ်ခုကို တွေ့နေရသည်။ ယင်းရုပ်တုကြီး၏ ရှေ့မှာတော့ စောစောက လူအုပ်သည် မိမိအလှည့် ပူဇော်ကန်တော့ခွင့်ရအောင် စောင့်နေကြသည်။

အိမ်အပေါ်ထပ် လသာဆောင်တွင် အလံများ၊ ရောင်စုံပူဖောင်းများ ချိတ်ထားသည့် ယာယီစင်မြင့်တစ်ခုဆောက်ထားပြီး အပြာရောင် ဘလောက်အင်္ကျီနှင့် ရွှေချည်ငွေချည် ထိုးထားသည့် ထဘီတို့ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဆိုင်းဝိုင်းမှ ထွက်ပေါ်လာသည့် တီးလုံးနှင့်အညီ ကခုန်နေသည်။

“ရတနာမိုးရွာစေ.. ငွေမိုးရွာစေ။ …..တိုင်းပြည်အတွက် အောင်အတိတ် အောင်နိမိတ်ဆောင်ပါစေ” ဟူသော သူ၏ သီချင်းသံသည် အသံချဲ့စက်များမှတစ်ဆင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးပေါ်တွင် ပျံ့လွင့်နေသည်။

ယခုပွဲသည် အဆင့်မြင့်သော နာမ်လောကသို့ လက်ရှိဘဝခန္ဓာကိုယ် မသေဆုံးဘဲ ကူးပြောင်းသွားသည်ဟု လူသိများသော အဘဘိုးမင်းခေါင်ဆိုသူ၏ ၆၃ နှစ်မြောက် “အရှင်ထွက်ပွဲ” အထိမ်းအမှတ် ကျင်းပနေခြင်းဖြစ်သည်။ ဘိုးမင်းခေါင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပါးတောင်တွင် ထွက်ရပ်ပေါက်ကျင့်စဉ်ကို အောင်မြင်သွားသည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။ ဘိုးမင်းခေါင်သည် ပုံစံအမျိုးမျိုးဖြင့် ပေါ်လာတတ်ပြီး ၎င်းအားကိုးကွယ်သူများ အခက်အခဲ အကျပ်အတည်းများ ကြုံလာပါက ကူညီတတ်ကြောင်း ယုံကြည်ကိုးကွယ်သူများက ဆိုသည်။

“ကျွန်မအလုပ်ထဲမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ကျွန်မကို အဘက နည်းအမျိုးမျိုးနဲ့ ကူညီပါတယ်” ဟု ပရိသတ်ထဲရောက်နေသည့် အသက် ၂၆ နှစ်အရွယ် မပိုးပိုးက ပြောသည်။

“အဘ တကယ်ရှိတယ်ဆိုတာ ကျွန်မကို တစ်ကြိမ် ထင်ထင်ရှားရှား ပြဖူးပါတယ်။ အရမ်းထူးခြားပါတယ်” ဟု ၎င်းက စိတ်လှုပ်ရှားပြီး ကျနေသည့် မျက်ရည်များဖြင့် ပြောသည်။

မပိုးပိုးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခုအဘထွက်ပွဲအတွက် တကူးတက ပြန်လာခြင်းဖြစ်သည်။ မပိုးပိုးအတွက်ကတော့ နိုင်ငံရေးအခြေအနေထက် တန်ခိုးရှင်များကသာ သူ့အနာဂတ်အတွက် ပိုမိုအကျိုးရှိပုံရသည်။

“အဘ (ဘိုးမင်းခေါင်) လမ်းညွှန်ချက်အတိုင်း ကျွန်မ ဥပုသ်စောင့်တယ်၊ ပုတီးစိပ်တယ်။ အကျိုးပေးပါတယ်” ဟု မပိုးပိုးက ပြောသည်။ “ကျွန်မ နိုင်ငံရေးဆိုတာတော့ နားမလည်ဘူး။”

နတ်နှင့် ထွက်ရပ်ပေါက်ဘိုးတော်များ ကိုးကွယ်မှုအလေ့အထသည် ဗုဒ္ဓဘာသာအများစုကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသမိုင်းနှင့်အပြိုင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းက စပြီး နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး အရပ်သားတစ်ပိုင်းအစိုးရကလည်း ရာစုနှစ်ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးစနစ်မှ ခွဲထွက်ကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လျက်ရှိသည်။ သို့သော် နတ်ကိုးကွယ်မှုသည် ဆက်လက် ခိုင်မြဲလျက်ပင်ရှိသည်။

အဓိကနိုင်ငံရေးပါတီအားလုံး ပထမဆုံးအကြိမ် ဝင်ပြိုင်ကြမည့် နိုဝင်ဘာ ၈ ရက် လွှတ်တော်ရွေးကောက်ပွဲများသည် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွင် အရေးကြီးသည့် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်သည်။ သို့သော် ဆန္ဒမဲပေးရမည့်သူအချို့ကတော့ သူတို့၏ အနာဂတ်အတွက် နိုင်ငံရေးထက် တန်ခိုးဖြင့် ကူညီစောင်မမည့်သူများကို မျှော်လင့်ထားကြသည်။

နတ်၊ ဘိုးတော် အားကိုးမှု

ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ၏ အိမ်တွင် ရိုးရာနတ်စင်ကိုလည်း အိမ်တိုင်းနီးပါးတွင် တွေ့ရတတ်ပြီး နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာများသည် ရောထွေးလျက်ရှိသည်။ နတ်ကိုးကွယ်သူတို့သည် နတ်များကို ပုံမှန် ပူဇော်ပသကြသည်။ လုံလောက်သည့်ငွေကြေး မရှိပါကလည်း ရှာဖွေချေးငှားပြီး ပူဇော်ပသကြသည်။

ယခုပွဲတွင် ယောဂီရောင်အဝတ်များနှင့် အရောင်တူခေါင်းပေါင်းကို ပေါင်းထားသည့် သက်လတ်ပိုင်းအရွယ် သီလရှင်ကဲ့သို့ အသွင်ရှိသူ အမျိုးသမီးတစ်ဦးကို လူအများက မြန်မာကျပ်ငွေများအထပ်လိုက်နှင့် အမေရိကန်ဒေါ်လာတန်များ ပေးလှူနေသည်။ အဆိုပါအမျိုးသမီးသည် စိပ်ပုတီးတစ်ကုံးကို ဘယ်ဘက်လက်တွင် ပတ်ထားပြီး မျက်လုံးများကလည်း နတ်ဝင်ပူးနေသလို မျက်နှာကြက်ကို လျှောက်ကြည့်ပြီး သူ့ရှေ့သို့ ရောက်လာသူများ၏ ဦးခေါင်းကို ပွတ်သပ်ဆုတောင်းပေးနေသည်။

ပရိသတ်ထဲတွင် အိမ်ခြံမြေပွဲစားတစ်ဦးဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဒေါ်နှင်းခိုင်လည်းပါသည်။ “ကျွန်မကို ငွေကြေးပြေလည်အောင် ကူညီမစဖို့နဲ့ ကျန်တဲ့သူတွေလည်း အားလုံးအဆင်ပြေအောင် စောင့်ရှောက်ဖို့ အဘဆီမှာ ဆုတောင်းခဲ့ပါတယ်” လို့ သူက ဆိုသည်။

သူ့အနေဖြင့် အလုပ်ကိစ္စ စကားပြောဆိုခါနီးတွင် နတ်များ၊ “ပုဂ္ဂိုလ်”များကို တိုင်တည်ပြီးမှ ပြောဆိုလုပ်ကိုင်လေ့ရှိကြောင်း ပြောသည်။ “တကယ်ကို ယုံယုံကြည်ကြည် လုပ်ကြည့်ပါ။ အကျိုးပေးပါတယ်” ဟု ဒေါ်နှင်းခိုင်က ပြောသည်။

အဆိုပါ အဘဘိုးမင်းခေါင်ထွက်ပွဲကို မြန်မာနိုင်ငံမှ ထင်ရှားသည့် အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ရွှေသံလွင်မာတီမီဒီယာကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ကမကထပြုခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် မကြာသေးမီက ရှင်အပါး ၇၀၀၀ ရှင်သာမဏေဝတ်ပွဲကို မြန်မာနိုင်ငံအလယ်ပိုင်းမြို့တစ်မြို့၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲကို နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း တက်ခဲ့သည်။

ယခုထွက်ပွဲကို အနောက်တိုင်းပြက္ခဒိန်၏ ၉ လပိုင်းဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၉ ဂဏန်းသည် ကံကောင်းစေသော ကိန်းဂဏန်းတစ်ခုအဖြစ် အစွဲထားသည့် မြန်မာနိုင်ငံတွင် ကျင်းပလေ့ရှိသည့် အထင်ကရပွဲတစ်ပွဲလည်း ဖြစ်သည်။

ထိုနေ့နံနက် ၉ နာရီက နေပြည်တော်၌ အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၉ ဦးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအဆင့်ကို ဆွေးနွေးကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲနှစ်ခု ၉ ဂဏန်းကျသည့် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျင်းပခြင်းမှာလည်း ထူးခြားသည်။

“၉ ဂဏန်းဟာ တန်ခိုးရှိပြီး ကံကောင်းတဲ့ နံပါတ်ပါ။ မသေဂဏန်းလို့ လည်း ခေါ်ပါတယ်” ဟု ရန်ကုန်မြို့လယ်တွင် ဗေဒင်ဟောလုပ်ငန်းလုပ်ကိုင်သည့် ဗေဒင်ဆရာ ဦးမင်းသူက ပြောသည်။

နိုင်ငံရေးအပေါ် စိတ်အားသိပ်မထက်သန်
 
 
စက်တင်ဘာ ၈ ရက်မှစ၍ နိုင်ငံရေးပါတီ ၉၀ အား မဲဆွယ်စည်းရုံးခွင့် တရားဝင်စတင်ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မဲဆွယ်စည်းရုံးခဲ့သည့် နေရာများမှလွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများ၏ မဲဆွယ်စည်းရုံးရေးများအပေါ် လူထု၏ စိတ်ဝင်စားမှု နည်းပါးနေသည်။

Asia Barometer Survey က မကြာသေးမီက မြန်မာပြည်သူ ၁၆၀၀ ကို မေးမြန်းပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ၅၃ ရာခိုင်နှုန်းကျော်က စီးပွားရေးဖွံ့ဖြိုးမှုသည် ဒီမိုကရေစီထက် ပိုအရေးကြီးသည်ဟု ဖြေကြားခဲ့သည်။

ယခုနတ်ပွဲသည်လည်း သိသာထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။ နေမဝင်ခင်ကပင် အဆိုပါလူအုပ်သည် တဖြည်းဖြည်းများလာပြီး အိမ်တွင်းရော ခြံဝင်းအတွင်းမှာပင် ပြည့်ကျပ်သွားပြီး အမျိုးသမီးအချို့ လဲကျသည်အထိ ဖြစ်သွားခဲ့သည်။ ရောက်လာသူများကို ကမကထပြုသည့် အလှူရှင်က စောင်နှင့် ထမင်းအိုးအပါအဝင် ပစ္စည်း “၉” မျိုး လက်ဆောင်ပေးခြင်းကလည်း ယခုလို လူအများအပြားလာရသည့် အကြောင်းတစ်ခု ဖြစ်နေနိုင်သည်။

လူအုပ်ထဲတွင် တန်းစီနေသည့် အသက် ၅၁ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းက နတ်များကို ကိုးကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ဘိုးမင်းခေါင်အပါအဝင် အခြားနတ်များ သူ့ဆီကို အိပ်မက်ထဲတွင် လာပြီး ထီဂဏန်း၊ ချဲဂဏန်းများ ပေးကြောင်း ပြောသည်။

“ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ချဲတွေ၊ ထီတွေ မကြာခဏ ပေါက်တယ်။ သာသနာပြုခွင့်ရဖို့ အခုလာပြီး ဆုတောင်းတာပါ” ဟု သူက ပြောသည်။ ဘုရားများ၊ ဘုန်းကြီးကျောင်းများတွင် ပိုပြီး လှူဒါန်းနိုင်ရန် ငွေတွေ ထပ်ဝင်ချင်ပါသေးသည်ဟု သူက ဆက်၍ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရန်နှင့် ၎င်းမဲပေးမည့်ပါတီ အနိုင်ရဖို့ ဆုတောင်းမှာလားဟု မေးသည့်အချိန်တွင်မူ ဒေါ်မြင့်မြင့်စန်းက မနှစ်မြို့သော အမူအရာဖြင့် “ဒီမိုကရေစီဆိုတာက မနေ့တစ်နေ့ကမှ ပေါ်လာတာလေ” ဟု ပြောလိုက်သည်။

Show More

Related Articles

Back to top button