ဆောင်းပါး

ကောလာဟလ ထောင်ချောက်များနှင့် ရပ်ကွက် ညကင်းများ

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်မှ အသက် ၅၆ နှစ်အရွယ် ဒေါ်ယဉ်အေးသည် စစ်အာဏာသိမ်းပြီး နှစ်ပတ်အကြာတွင် ကိုယ့်ရပ်ကွက် ညဘက်လုံခြုံရေးအတွက် တာဝန်ယူရသည့် အမျိုးသမီးကင်းသမားတစ်ဦး ဖြစ်လာသည်။

နေ့အခါတွင် အသုပ်စုံရောင်းချပြီး ညဘက်တွင် စိတ်ဒုံးဒုံးချ၍ မအိပ်နိုင်ဘဲ ရပ်ကွက်အတွင်း လူစိမ်းဝင်လာမည်ကို စိုးရိမ်စိတ်ဝင်နေသည်။

မကြာသေးခင်ကမှ ကြေညာလိုက်သော လွတ်ငြိမ်းခွင့်တွင် ထောင်မှ လွတ်လာသူများထဲမှာ လူဆိုး၊ သူခိုးတချို့ ရပ်ကွက်အတွင်း ဒုက္ခလာပေးမည်ကို သူက စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အသက်အရွယ်ကြီးရင့်သူဖြစ်သော်လည်း ဒေါ်ယဉ်အေးက ရပ်ကွက်နေသူများနှင့်အတူ အလှည့်ကျ ကင်းစောင့်တာဝန် ယူလိုက်တော့သည်။ 

ကောလာဟလများ

အများသုံးစွဲနေသော ၅၀၀၀နှင့် ၁၀၀၀၀ တန် ငွေကြေးများကို ဖျက်သိမ်းမည်ဆိုသော ကောလာဟလသည် ပထမဆုံးထွက်ရှိခဲ့ပြီး လူအများကြား ကြောက်စရာအကောင်းဆုံး ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၆ တွင် ရန်ကုန်မြို့၊ လှည်းတန်းတွင် လူအများ လမ်းပေါ်ထွက်လာကာ ဆန္ဒပြပြီးနောက် ယင်းနေ့ နေ့လယ်ပိုင်းမှစ၍ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်လိုက်ရန် စီစဉ်ရာ အော်ပရေတာများက အင်တာနက် ၂ ရက် ဖြတ်တောက်မည်ဖြစ်ကြောင်း အသိပေး SMS  ပေးပို့ အကြောင်းကြားခဲ့ကြသည်။ 

ယင်းနေ့ ည ၁၀ နာရီခန့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်လိုက်‌ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းတွင် ကြေညာသွားသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့ပြီး အတည်ပြုနိုင်ရန် ခက်ခဲခဲ့သည်။ 

လူအများက လမ်းပေါ်ထွက်ကာ ဝမ်းသာအားရ ပျော်ရွှင်ခဲ့ကြသော်လည်း ထိုသတင်းသည် ကောလာဟလသာဖြစ်ကြောင်း နာရီပိုင်းအကြာတွင် သိရှိခဲ့ကြသည်။ အင်တာနက်ဖြတ်တောက်ခံထားရချိန်တွင် အဆိုပါ သတင်းမှားသည် နိုင်ငံအနှံ့ရှိ မြို့ကြီးများဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါသတင်းသည် မယုံကြည်ရကြောင်း အများအပြားက SMS စာတို ဆင့်ကဲဖြန့်ဝေကာ ချေဖျက်ခဲ့ကြသည်။ 

ထို့နောက် ဖေဖော်ဝါရီ ၈ နံနက်ပိုင်းတွင် အင်တာနက်ပြန်ရသော်လည်း ကောလာဟလများ ထပ်မံပျံ့နှံ့ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီး ၁၂ ရက်မြောက်နေ့တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများထဲမှ နှစ်သောင်းကျော် (၂၃,၃၆၉) ကို လွှတ်ပေးလိုက်သည်။

“ရပ်ကွက်အတွင်း လူစိမ်းလာ၍ မီးကွင်းပစ်သည်၊ လူသုံးရေကန်များအတွင်း အဆိပ်ခတ်သည်၊ စစ်အာဏာရှင်ကို လက်မခံသူကို လာဖမ်းခေါ်မည်” စသည်ဖြင့်  ကောလာဟလမျိုးစုံသည် လူထုအကြား ပျံ့နှံ့ရောက်ရှိခဲ့သည်။  

” ရင်ခွဲရုံမှ အလောင်းများ ယူသွားသည်၊ လမ်းထိပ်တွင် အလောင်းပစ်ကာ အဓိကရုဏ်းဖန်တီးမည်” ဆိုသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ 

ထို့နေ့ရက်မတိုင်မီလည်း စစ်တပ်နှင့် ရဲက လူတချို့ကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးမှုများလည်း ရှိနေခဲ့သည်။ ထို့ကြောင့် အကြောင်းအရာများပေါင်းစုံပြီး လူထုသည် မလုံခြုံဟူသော အတွေးများ စတင်ပေါ်ပေါက်လာရသည်။

အဆိုပါ ရက်များတွင် အများအပြားသည် စိုးရိမ်ထိတ်လန့်လွန်းပြီး ညဘက် တစ်ရေးအိပ်ရန်ပင် ခက်ခဲသော အမှောင်နေ့ရက်များ ဖြစ်ခဲ့သည်။ 

“ညဘက်ဆို ကြောက်နေရတယ်။ ဘယ်သူက ငါ့ကို ဘာလာလုပ်မလဲ။ လာပြီးတော့ တက်ဖမ်းမလဲဆိုတဲ့ ခံစားရတာမျိုးတွေ ကြုံနေရတယ်။ လွတ်လပ်မှုမရှိတော့ဘူး”ဟု ဆန္ဒပြနေသော တတိယနှစ်ကျောင်းသားတစ်ဦးက ပြောသည်။

ရပ်ကွက်လန့်သည့် ဖြစ်စဉ် 

ထောင်ခါသည့်ညမှာပင် ရန်ကုန်၊ သုံးခွလမ်းဆုံတွင် သောင်တင်နေသော ရဲဘက်စခန်းမှ လွတ်ငြိမ်းဖြင့်ပါလာသူ ၂၃ ဦး တွေ့ရှိခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းလူများကို အရေးပေါ်လူနာတင်ယာဉ် ဆိုင်းဘုတ်တပ်ထားသည့် ယာဉ်တစ်စီးက ထိုသူများကို ခေါ်ဆောင်သွားသည်ဟု ဖြစ်စဉ်ကို ဓာတ်ပုံဗီဒီယိုမှတ်တမ်းယူထားသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့မှာပင် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာမြို့တို့တွင် “အိမ်အပြင်မထွက်ရ” အမိန့်ထုတ်ထားသော ညအချိန် လူစိမ်းဖမ်းမိသောဖြစ်စဉ်များ တစ်ပြိုက်နက် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၃ တွင် တာမွေ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ စမ်းချောင်း၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ အစရှိသဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် ထောင်ထွက်များ ညအချိန် နေအိမ်များအနီး ဝင်ရောက်လာသည်ဆိုသော သတင်းများ ပေါ်ထွက်လာခဲ့သည်။

ဗဟန်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်အချို့တွင် ဖမ်းမိသူအချို့ရှိခဲ့ပြီး ရပ်ကွက်လူထုက စစ်မေးခဲ့သည်။

ဖမ်းမိသူများနှင့်အတူ တွေ့ရလေ့ရှိသည်မှာ ဖေဖော်ဝါရီ ၁၂ ရက်စွဲပါ ထောင်ထွက်လက်မှတ်နှင့် မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ရာတွင် ကူညီသောဆေးအဖြစ် အသုံးပြုသည့် မက်သဒုံး (Methadone) ခေါ် မူးယစ်ဆေးအစားထိုး သောက်ဆေးဖြစ်သည်။

ဆေးဘူးခွံတွင် အဆိပ်ဟု ရေးသားပါရှိသဖြင့် လူထုအကြားတွင် စိုးရိမ်မှုမြင့်တက်ခဲ့ရသည်။

ဗဟန်းမြို့နယ်တွင် ဖမ်းမိသူကို စစ်မေးထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် “မင်းကို ဘယ်သူခိုင်းတာလဲ။ မင်း ဘယ်ကလာတာလဲ။ ထောင်ဝင်နံပါတ် ဘယ်လောက်လဲ။ ဘာမှုနဲ့ ကျတာလဲ”ဟု စသဖြင့် ရပ်ကွက်လူထုက စစ်မေးခဲ့ကြရာ “၎င်းသည် တောင်ဒဂုံတွင် နေထိုင်သူဖြစ်ပြီး အိမ်ပြန်ရန် ကားခမရှိသဖြင့် ဗဟန်းတွင် ညအခါ သောင်တင်နေခြင်း”ဟု ဖမ်းဆီးစစ်မေးခံရသော အမျိုးသားက ပြောပြနေသည်ကို တွေ့ရသည်။

ရပ်ကွက် ညကင်း

ရပ်ကွက်တွင် အမျိုးသမီးများအပါအဝင် ညဘက်လုံခြုံရေး စောင့်နေရသည်။ (ဓာတ်ပုံ- Myanmar Now) 

ထိုအချိန်မှစ၍ ကောလာဟလသတင်းနှင့်အတူ အမှန်တကယ်ဖြစ်လာပါက ရင်ဆိုင်နိုင်ရန် ပြည်သူများက ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် အလှည့်ကျလူစု၍ ကင်းစောင့်ကြမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၁၅ တွင် စတင်လိုက်ကြသည်။

ရပ်ကွက်အဝင်အထွက်လမ်း၊ လမ်းသွယ်စသည်များကို အကာအရံများချထားပြီး လူစု၍ အလှည့်ကျ ညကင်းစောင့်ကြပ်ရသည်။ ညအခါ ခြင်ကိုက်သည့်ဒဏ်ကို ကာကွယ်ရန် မီးဖို၍လည်း ထားကြသည်။

ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၏ လမ်းအချို့တွင် တစ်ညလျှင် ညကင်းသမားခုနစ်ဦး အလှည့်ကျစောင့်ကြရသည်။ 

ထိုသူများသည် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ည ၈ နာရီအချိန် သံပုံးတီးပြီးသည့် အချိန်မှစ၍ နောက်တစ်နေ့ နံနက် ၄ နာရီခန့်အထိ လမ်းများပေါ်တွင် လှည့်လည်စောင့်ကြပ်ရသည်။

ကင်းစောင့်သူများကို ရပ်ကွက်သူအချို့က လက်ဖက်သုပ်၊ အရွက်သုပ်နှင့် ရေနွေးအခါးရည် တိုက်ကျွေးကူညီကြသည်။

‘ပြည်သူလူထုအတွက် အသက်ကိုပေး၍ ကာကွယ်မည်’ဆိုသော တပ်မတော်က အာဏာရယူလိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၅ တွင် သံချပ်ကာများ၊ စစ်ကားများဖြင့် ရန်ကုန်၊ စစ်တွေနှင့် မြို့ကြီးအချို့တွင် လုံခြုံရေးလှည့်လည်နေသည်ဟု အသံချဲ့စက်များဖြင့် မြို့ပတ်ကြေညာခဲ့သည်။ 

သို့ရာတွင် ရပ်ကွက်အတွင်း ရည်ရွယ်ချက်မျိုးစုံဖြင့် ရောက်လာတတ်သည့် လူဆိုး၊ သူခိုးတို့၏ ရန်ကြောင့် လူထုသည် ကိုယ်တိုင်ကင်းစောင့်နေကြခြင်း ဖြစ်သည်။ ရဲစခန်းရှိသည့်လမ်းတွင် နေထိုင်သူများကိုယ်တိုင် ကင်းစောင့်နေကြသည်ကို ကြည့်လျှင် လုံခြုံရေးအခြေအနေကို သိနိုင်သည်။

အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကိုယ်ထူကိုယ်ထ လုံခြုံရေးရယူနေကြရပြီး နယ်မြို့များတွင်မူ စောင့်ကြည့်ရသည်အထိ အခြေအနေမဆိုးသေးကြောင်း နယ်မှ ဒေသခံတချို့က ပြောသည်။ 

ရပ်ကွက် အန္တရာယ်မကျရောက်စေရန် လုံခြုံရေးယူသည့် ကင်းသမားသည် အန္တရာယ်နှင့် ကြုံတွေ့နိုင်ရဆုံးဖြစ်လာတတ်သည်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရသည်။ ထိုညက ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ ကင်းသမားတစ်ဦး ရဲကားတစ်စီးနှင့် ရင်ဆိုင်ရစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို သိရှိရန် သတင်းဌာနများက ရဲစခန်းကို မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီက မကြာသေးမီက ပြုလုပ်သော ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။

နေပြည်တော် သပြေကုန်းပစ်ခတ်မှုတွင် မမမြသွဲ့သွဲ့ခိုင်သေဆုံးမှုမှာ ရဲတပ်ဖွဲ့၏ အလွန်မဟုတ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ရဲတပ်ဖွဲ့ကို စတင်ပြီးတော့ ပစ်ပေါက်တာတွေ၊ စတင်ပြီးတော့ ဆဲဆိုတာတွေကနေ စခဲ့တာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြပြီး နိုင်ငံ့ဝန်ထမ်းများလည်း ပူးပေါင်းလာကြသည်။ (ဓာတ်ပုံ- Myanmar Now) 

၈၈ လူထုအုံကြွမှုနှင့် နှိုင်းယှဉ်ချက်

စစ်တပ်အာဏာသိမ်းမှုကို ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ တို့တွင်လည်း တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။

ယခုတစ်ကြိမ် အာဏာသိမ်းသည့် ကာလတွင်လည်း ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့် အခြေအနေမျိုး ဖန်တီးသူတို့ ကြိုးစားလာမည်ကို စိုးရိမ်သူအများအပြား ရှိနေသည်။

ယခုလူထုလှုပ်ရှားမှုတွင် ၁၉၈၈ လူထုအုံကြွမှုကာလ နာမည်ဖျက်ခံရမှုမျိုး ရင်မဆိုင်ရရန် သတိထားရမည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၆၃ နှစ်ရှိ တက္ကစီယာဉ်မောင်း ဦးစိုးထွန်းက ပြောသည်။

“အရင်ခေတ်ကလို ခေါင်းဖြတ်သတ်တာတွေ၊ မီးရှို့တာတွေ မရှိဘူး။ ရပ်ကွက်ထဲ ဝင်လာရင် စိတ်တော့တိုတာပေါ့။ ဒါပေမယ့် သူဘယ်သူလဲ၊ ဘယ်ကလဲ။ ဘယ်လိုရောက်လာသလဲ။ ဒါတွေမေးပြီး မှတ်တမ်းယူပြီး ထိန်းထားကြတာ”ဟု ဦးစိုးထွန်းက ပြောသည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလတွင် လူထုက ဒီမိုကရေစီရရှိရေး တောင်းဆိုကြချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။

အကြမ်းဖက်မှုများရှိသဖြင့် နိုင်ငံတော်၏အခြေအနေကို တပ်မတော်က ဝင်ထိန်းသိမ်းလိုက်သည်ဆိုကာ နိုင်ငံ့အာဏာ ရယူခဲ့သည်။

ထို့နောက် ၁၉၉၀ တွင် ရွေးကောက်ပွဲ ပြန်လုပ်ပေးခဲ့သော်လည်း အနိုင်ရသော ပြည်သူ့ကိုယ်စားလှယ်များကို ထောင်ထဲထည့်ကာ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့သည်။ ထို့နောက် စစ်အစိုးရ ဆက်အုပ်ချုပ်ခဲ့ပြီး ၂၀၁၀ တွင်မှသာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ 

၈၈ လူထုအုံကြွမှုတွင်လည်း အကျဉ်းသားများလွှတ်ပေးပြီး ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ခြင်း၊ လမ်းပေါ်ထွက်သူတို့ ပစ်သတ်ခံရခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု ဦးစိုးထွန်းက ဆိုသည်။  

လက်ရှိအခြေအနေသည် ၁၉၈၈ ကာလနှင့် တူညီသည့် အချက်များရှိသော်လည်း ယခုမျိုးဆက်များ၏ တုံ့ပြန်ဖြေရှင်းပုံကောင်းသောကြောင့်သာ ယင်းကောလာဟလ ထောင်ချောက်အတွင်း မကျရောက်ခြင်းဖြစ်ကြောင်း အုံကြွမှုအဆက်ဆက်ကို ဖြတ်သန်းဖူးသူတချို့က ပြောပြကြသည်။

‘စစ်အာဏာရှင်အလိုမရှိကြောင်း’ ဝန်ကြီးများရုံးအနီးတွင် ထိုင်လျက်ဆန္ဒပြနေသူ အသက် ၅၈ နှစ်အရွယ် ဦးထွန်းထွန်းလင်းက စစ်တပ်၏ နိုင်ငံရေးထောင်ချောက်ကို မသိ၍ အကျအဆုံးများခဲ့ရသည် ဆိုသည်။

“၈၈ တုန်းကတော့ ကျွန်တော်တို့က နိုင်ငံရေးမသိခဲ့တော့ ကျောင်းသားတွေရော၊ ရဟန်းရှင်လူတွေရော အသေအကြေများတယ်။ အခုခေတ်လူငယ်လေးတွေကျတော့ စည်းလည်းစည်းလုံးတယ်။ ညီလည်းညီညွတ်တယ်” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုရှိခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီထိန်းသိမ်းလိုက်ပြီး အာဏာသိမ်းလိုက်သည်။

ထို့နောက် ဖေဖော်ဝါရီ ၆ မှစ၍ နိုင်ငံအနှံ့တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ အစိုးရဌာနပေါင်းစုံပါဝင်သော သန်းနှင့်ချီသော လူထုက စစ်အာဏာရှင်ကို ရှုတ်ချကြောင်း လမ်းပေါ်ထွက်၍ ချီတက်ဆန္ဒပြလျက် တွန်းလှန်နေကြသည်။

ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲက အင်အားသုံးဖြိုခွင်းမှုများရှိနေပြီး မန္တလေး၊ နေပြည်တော်အပါအဝင် မြို့တချို့တွင် အသေအပျောက်ရှိလာနေသည်။ 

စစ်အာဏာသိမ်းမှုကို အန်တုပြီး ဒီမိုကရေစီဖော်ဆောင်ရေးလှုပ်ရှားမှုတွင် အများပြည်သူတို့ ဆက်လက်ကြံ့ကြံ့ခံ ရပ်တည်ရန်လည်း ဦးထွန်းထွန်းလင်းက တိုက်တွန်းလိုက်သည်။

“အောင်မြင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့်အသက် သေနေ့ရောက်နေပါပြီ။ သေပါစေတော့ မထူးတော့ဘူး။ ရအောင်တိုက်မယ်။ မရရအောင်တိုက်မယ်ဗျာ။ ကျွန်တော့်ရင်သွေးလေးတွေ အခုမှ ပညာရေးအခွင့်အလမ်းလေးတွေ ရတယ်။ ဒါကို အခု ဒီလိုပြန်လုပ်တယ်ဆိုတော့ တိုက်မယ်ဗျာ၊ မခံနိုင်ဘူး”ဟု ဦးထွန်းထွန်းလင်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button