သတင်း

ဦးမင်းကိုနိုင် အပါအဝင် ၇ ဦး ကို ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီထုတ်ပြန်

နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားအောင် လှုံ့ဆော်ဟောပြောရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့်  ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမင်းကိုနိုင်အပါအဝင် ပြည်သူလူထုကြား ထင်ရှားသူ ၇ ဦးကို ဖမ်းဆီးနိုင်ရေး သတင်းပေးတိုင်ကြားရန် အာဏာသိမ်းစစ်ကောင်စီက ယနေ့ (ဖေဖော်ဝါရီ ၁၃) ညနေပိုင်းတွင် ထုတ်ပြန်သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၈၈ မျိုးဆက်  ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးဂျင်မီတို့အပြင် အဆိုတော် လင်းလင်း၊ စာရေးဆရာ အင်းစိန်အောင်စိုး၊ ဦးမျိုးရန်နောင်သိမ်း၊ လူမှုကွန်ရက်တွင် ကျော်ကြားသည့် ကိုမောင်မောင်အေးနှင့် မအိပန်ဆယ်လို တို့ပါဝင်သည်။

၎င်းတို့ကို အမြင့်ဆုံး ထောင်နှစ်နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားပြီး သက်ဆိုင်ရာတရားရုံးများကလည်း ဖမ်းဝရမ်းများ ထုတ်ထားသည်ဟု ဆိုသည်။

၎င်းတို့သည် “လူသိများသည့် အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန်အကြောင်းရှိသည့် ရေးသားချက်များ၊ ပြောဆိုချက်များကို Social မီဒီယာများ၊ လူမှုကွန်ရက်များကို အသုံးပြုလုပ်ဆောင်နေကြောင်း” တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲရေးသားထားသည်။

ထို့အပြင် ၎င်းတို့ကို တွေ့ရှိလျှင် သတင်းပေးပို့တိုင်တန်းရန်နှင့် ၎င်းတို့အား လက်ခံထားသူများကိုလည်း အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီက သတိပေးထားသည်။ 

စစ်တပ်က ယခုကဲ့သို့ ထုတ်ပြန်လိုက်သူများသည် စစ်အာဏာသိမ်းမှုအပေါ် လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားသူများဖြစ်သလို စစ်ကောင်စီက ယခုကဲ့သို့ သတင်းပေးတိုင်ကြားရန် သတိပေးခြင်းဖြစ်လျှင် ယင်းထုတ်ပြန်ချက်သည် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် ပြည်သူလူထု၏ ဆန္ဒတင်ပြခွင့်ကို မလေးစားသည့်ပုံစံဖြစ်ကြောင်း ညီမျှခြင်းမြန်မာအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။

“အဲဒါမျိုးကတော့ မဖြစ်သင့်ပါဘူး။ ဒီလိုမျိုးထုတ်ဖော်ပြောဆိုမှုတွေကို ဖမ်းဆီးတဲ့ဟာမျိုးကတော့ ဘယ်လိုမှ လက်ခံနိုင်တဲ့အကြောင်းအရာမျိုး မဟုတ်ပါဘူး” ဟု လူ့အခွင့်အရေးပညာပေးသူတစ်ဦးဖြစ်သည့် ဦးအောင်မျိုးမင်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ၁၀ သန်းကျော် တွေ့ရှိပြီး အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန် ပျက်ကွက်သည်ဟူသော စွပ်စွဲချက်ဖြင့် တပ်မတော်သည် ရွေးကောက်ပွဲရလဒ်များ စတင်အသက်ဝင်ကာ ပြည်သူ့လွှတ်တော်အစည်းအဝေးများ စတင်မည့် ဖေဖော်ဝါရီ ၁ မိုးမလင်းမီ အချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်း၍ အာဏာသိမ်းယူခဲ့သည်။

တပ်မတော်က ရွေးချယ်ထားသည့် ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတခန့်အပ်ခဲ့ပြီး ဦးမြင့်ဆွေက အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတော်အာဏာလွှဲအပ်လိုက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး တိုင်းနှင့်ပြည်နယ်အဆင့် ကောင်စီဝင်များကိုလည်း ခန့်အပ်ခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လှုပ်ရှားမှုများ နိုင်ငံတစ်ဝန်း အုံကြွမှုအသွင်ဖြင့် ပေါ်ပေါက်လာခဲ့ကာ ပြည်သူ့ဝန်ထမ်းအများအပြားကလည်း စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားကို ဖြတ်တောက်ရန် ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) များ ပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအပြင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ အောင်နိုင်ရေးအဖွဲ့ဝင်အချို့၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အကြီးအကဲများ၊ ဝန်ကြီးချုပ်များ၊ ရွေးကောက်ခံ NLD အမတ်အချို့နှင့် အနုပညာရှင်အချို့ကို စစ်ကောင်စီက ထိန်းသိမ်းထားသည်။​

တစ်ဖက်တွင် ဆန္ဒပြလှုပ်ရှားမှုများ အားကောင်းလာသည့်အလျောက် လူထုကြား ဩဇာအာဏာရှိသူများ၊ ဆန္ဒပြပွဲဦးဆောင်လှုပ်ရှားသူများ၊ CDM လှုပ်ရှားမှုကို ဦးဆောင်သူများကို ပစ်မှတ်ထားကာ ညဉ့်သန်းခေါင်အချိန်တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိသည်။

ရန်ကုန်အခြေစိုက် အသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကလည်း စစ်ကောင်စီ၏ ကြေညာချက်ကို ကန့်ကွက်လိုက်သည်။

“အာဏာသိမ်းစစ်တပ်က သူတို့ကို တွန်းလှန်ဖယ်ရှားဖို့ ကြိုးစားသူတိုင်းကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးထောင်ချဖို့ လုပ်မှာပါပဲ။ စစ်အာဏာရှင်စနစ်အောက်မှာ လူ့အခွင့်အရေးဆိုတာ မရှိနိုင်တော့ပါဘူး။ ဒီထက်ကြီးမားတဲ့ ချိုးဖောက်မှုတွေ တရားစွဲဆိုမှုတွေ ထပ်ရှိလာဦးမယ်ထင်ပါတယ်” ဟု  မောင်ဆောင်းခက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ၁၂ အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူ ၃၂၆ ဦးအထိ ရှိပြီး ယင်းတို့အနက် ၂၃ ဦး ပြန်လည်လွတ်မြောက်ခဲ့ကာ ထိန်းသိမ်းစစ်ဆေးခံနေရဆဲ ၃၀၃ ဦး ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button