
အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် ဆက်လက်အသိအမှတ်ပြုနေသည့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ၂၀၂၂ ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင်းမှ တရုတ်၏ရင်းနှီးမြှုပ်နှံမှုများကို မတိုက်ခိုက်ရန် သတင်းစကားတစ်ခု ပေးခဲ့သည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် တကောင်းနီကယ်စီမံကိန်းအတွက် အသုံးဝင်သည့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များကို ဒေသတွင်းတော်လှန်ရေးတပ်များက ဖောက်ခွဲခဲ့ပြီးနောက် ထိုသို့ အသိပေးခြင်းဖြစ်သည်။
ထိုအချိန်မှစပြီး ရေတွက်ပါက ၂ နှစ်ခွဲခန့်အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ထိုစီမံကိန်းအတွက် တရုတ်၏ နောက်ထပ်ဆက်သွယ်မှုတစ်ခုကို NUG က လက်ခံရရှိခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင် တောင်းဆိုမှုမှာ တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် ထိုစီမံကိန်းကို အကာအကွယ်ပေးရေးဖြစ်သည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Myanmar Now ကို သြဂုတ်လဆန်းပိုင်းတွင် ပြောသည်။
စီမံကိန်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၅၀ ကျော် လက်နက်ချခဲ့ပြီးနောက် ထိုစစ်သားများ စက်ရုံနှင့် အနီးဝန်းကျင်မှ ထွက်ခွာသွားနိုင်ရန် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က လုံခြုံရေးယူပေးခဲ့ကြသည်။
ထို့နောက် တကောင်းနီကယ်စီမံကိန်းသည် စစ်ကောင်စီထိန်းချုပ်မှုအောက်မှ NUG ထိန်းချုပ်မှုအောက်သို့ သေနတ်သံမကြားရဘဲ ရောက်သွားခဲ့ပြီး စီမံကိန်းဆက်လက်လည်ပတ်ရန် တရုတ်နှင့် NUG တို့ ဆက်လက်ဆွေးနွေးနေသည်ဟုလည်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုဖြစ်ရပ်က ဘေဂျင်းမှ တရုတ်ခေါင်းဆောင်များနှင့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်တို့အကြား ဆက်ဆံရေး အက်ကြောင်းထင်လာသည်ကို ပြသသည့်ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်လာသည်။

ဇူလိုင်လတတိယပတ်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲကို တက်ရောက်ခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သည့် ဦးသန်းဆွေက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအလားအလာ အလွန်ကောင်းသည့် နိုင်ငံဖြစ်သည့်အတွက် ရင်နှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ကြရန် ဖိတ်ခေါ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ထိုစီမံကိန်းကို ဆုံးရှုံးခဲ့သည်။
ထိုစီမံကိန်းမှ အာဏာသိမ်းစစ်ကောင်စီထံ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၁ သန်း စီးဝင်ခဲ့သည်ဟု ပွင့်လင်းမြင်သာမှုအတွက် နိုင်ငံတကာတွင် လှုပ်ရှားလှုံ့ဆော်နေသည့် Publish What You Pay အဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကြာမြင့်လာချိန်တွင် ကုန်သွယ်ရေးအရ အရေးပါသည့်မြို့များ၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် ရာနှင့်ချီသည့် စစ်စခန်းကုန်းများကို လက်လွှတ်နေရချိန်တွင် ဒေါ်လာသန်းနှင့်ချီသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုကို လက်လွှတ်ဆုံးရှုံးရသည်မှာ စစ်ကောင်စီအတွက် အထိနာစေသည့် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။
“လက်ရှိအခြေအနေမှာက စစ်တပ်အနေနဲ့ သမိုင်းစဉ်တစ်လျှောက် မကြုံဖူးတဲ့ အခြေအနေတွေ ကြုံနေရတာ။ တိုင်းစစ်ဌာနချုပ်တွေတောင် လက်လွှတ်လိုက်ရတဲ့အနေအထားဆိုတဲ့အခါကျတော့ (ဒါကို) တမင်လွှတ်ပေးတာတော့မဟုတ်ဘူး။ မနိုင်လို့ လွှတ်ပေးလိုက်ရတာ” ဟု စစ်ကိုင်းတိုင်းဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေက ဆိုသည်။

မြစ်အရှေ့ဘက်ကမ်းမှ ဒေါ်လာသန်းချီတန်သည့် စီမံကိန်း
ယခင်စစ်အစိုးရလက်ထက်က စတင်ခဲ့သည့် တကောင်းနီကယ်စီမံကိန်းသည် ထီးချိုင့်မြို့၏ တစ်ဖက်ကမ်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မောင်းကုန်းရွာအနီးတွင် တည်ရှိသည်။
တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နှင့် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနတို့ နှစ် ၂၀ သက်တမ်းဖြင့် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသည့် စီမံကိန်းဖြစ်သည်။
၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ပြီးနောက် Myanmar CNMC Nickel Company (Myanmar CNICO) ကို တည်ထောင်ကာ ၂၀၁၁ ခုနှစ်တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့သည်။
ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် နီကယ်စီမံကိန်းမှာ တစ်နှစ်လျှင် ဖယ်ရိုနီကယ် တန်ချိန် ၈၅,၀၀၀ ထုတ်လုပ်နိုင်ရန် လျာထားခဲ့သည်။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် ဒေသခံအများစုအတွက် ထိုစီမံကိန်းက မြေယာပြဿနာနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို သယ်ယူလာခဲ့သည်။
စီမံကိန်းဧရိယာ ၅၀၀၀ ကျော်အနက် ထက်ဝက်ကျော်ကို လျော်ကြေးအနည်းငယ်သာ ပေးပြီး ကုမ္ပဏီက သိမ်းခဲ့သည်။ ထို့ပြင် စီမံကိန်းမှ ထွက်ရှိလာသည့် စွန့်ပစ်မြေစာပုံများကြောင့် ရာနှင့်ချီသည့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှုကိုလည်း ဒေသခံတို့ ခါးစည်းခံစားခဲ့ကြရသည်။
တကောင်းနီကယ်စီမံကိန်းသည် လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည်ဟု လူထုပွင့်လင်းမြင်သာလှုပ်ရှားမှုအဖွဲ့ (Citizen Action for Transparency – CAfT) မှ ဒေါ်မိုးမိုးထွန်းက ပြောသည်။
“မြန်မာနိုင်ငံမှာတော့ လက်ပံတောင်းပြီးရင် နီကယ်က အကြီးဆုံးဖြစ်သလို လူမှုစီးပွားဘဝ သက်ရောက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမှာလဲ လက်ပံတောင်းထက် မလျော့ပါဘူး” ဟု ဒေါ်မိုးမိုးထွန်းက ဆိုသည်။
စတင်ထုတ်လုပ်ချိန်မှ ၂၀၁၈ ခုနှစ်အထိ ဖယ်ရိုနီကယ်တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်ထားပြီးဖြစ်သည်ဟု စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သည်။
ထုတ်လုပ်ပြီး နီကယ်များ တင်ပို့ရောင်းချမှုမှ ဓာတ်သတ္တုခွန်အဖြစ် ဒေါ်လာ ၂၄ သန်းကျော် ရရှိထားပြီး အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ အကျိုးအမြတ်ခွဲဝေမှုအဖြစ် ဒေါ်လာ ၂၅ သန်း ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဓာတ်သတ္တုခွန်အဖြစ် နီကယ်တန်ချိန် ၆၃၀၀ ကျော်နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုးအဖြစ် နီကယ်တန်ချိန် ၁၅၀၀ ကျော် ရရှိထားသည်ဟု ဆိုသည်။
စစ်တပ်အာဏာမသိမ်းမီက ဝန်ထမ်းအင်အား ၁၅၀၀ ကျော်ဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊ ဝန်ထမ်းများထဲတွင် တရုတ်နိုင်ငံသားများလည်း ပါဝင်သည်။

အာဏာသိမ်းပြီးနောက် ဒေသခံတချို့သည် တော်လှန်ရေးအင်အားစုတွင် ပါဝင်သွားခြင်း၊ စစ်တပ် ဖမ်းဆီးခံရခြင်း၊ တိမ်းရှောင်နေခြင်းတို့ကြောင့် ဝန်ထမ်းအင်အား အနည်းငယ်လျော့ပါးသွားသော်လည်း စက်ရုံမှာ ပုံမှန်အတိုင်းနီးပါး လည်ပတ်နေခဲ့သည်ဟု စက်ရုံဝန်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
အာဏာသိမ်းပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၂ နှစ်ဆန်းတွင် နီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် လအတန်ကြာ လုပ်ငန်းရပ်တန့်သွားသော်လည်း ထိုနှစ် မေလမှစတင်ပြီး လုပ်ငန်းကို ပြန်လည် စတင်ခဲ့သည်။
စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်သည့် သတ္တုတူးဖော်မှုဆိုင်ရာ အချက်အလက်များအရ ၂၀၂၂ ဇန်နဝါရီလတွင် နီကယ်စီမံကိန်းမှ တန်ချိန် ၂၅၀၀ ကျော် ထွက်ရှိသည်ဟု ဆိုသော်လည်း ဖေဖော်ဝါရီလနှင့် မတ်လအတွက် ထုတ်လုပ်မှုတန်ချိန် သုညအဖြစ် ဖော်ပြထားသည်။
ထိုနှစ်မတ်လနောက်ပိုင်းမှစတင်ပြီး ဝန်ကြီးဌာနက လအလိုက် သတ္တုတူးဖော်မှုဆိုင်ရာ အချက်အလက်များကို ဝက်ဆိုက်တွင် ထုတ်ပြန်ခြင်းမရှိတော့ပေ။
အာဏာသိမ်းပြီးနောက်ပိုင်း နီကယ်စက်ရုံ၏ ထုတ်လုပ်မှုအသေးစိတ်အခြေအနေကို မသိရဘဲ တစ်နှစ်ထုတ်လုပ်မှုတန်ချိန် လျာထားချက်ကို ကျော်လွန်နိုင်ခြေသာရှိသည်ဟု ဒေါ်မိုးမိုးထွန်းက မှတ်ချက်ပြုသည်။
ယခင်စစ်အစိုးရလက်ထက်ချုပ်ဆိုခဲ့သည့် စာချုပ်အရ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေရာတွင် လန်ဒန်သတ္တုဈေးကွက် (Londong Metal Exchange) ပေါက်ဈေးအပေါ် မူတည်ပြီး ဖယ်ရိုနီကယ် တစ်တန်လျှင် ဒေါ်လာ ၁၅၀၀၀ အောက် ရှိပါက သတ္တုတွင်းဝန်ကြီးဌာနသို့ ၁ ရာခိုင်နှုန်းကို ဝေစုအချိုးအဖြစ် အကျိုးအမြတ်ခွဲဝေပေးသဖြင့် စီမံကိန်းရရှိသည့်အကျိုးအမြတ်မှာ နည်းပါးလွန်းကြောင်း ဒေါ်မိုးမိုးထွန်းက ထောက်ပြသည်။
“စာချုပ်မှာ နီကယ်မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကျော်မှသာ အမြတ်ငွေခွဲပေးမှာ ဆိုတော့ တန်ဖိုးက ၁၅,၀၀၀ အောက်မှာပဲ ရှိနေတော့ ကျန်ငွေအပေါ်ခွဲဝေမှုမှာ နိုင်ငံက ၁% သာ ရနေတော့ အကျိုးအမြတ်က မရှိသလောက်ပါပဲ“ ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီအစိုးရလက်ထက် တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ် (EITI) အကောင်အထည်ဖော်နေချိန်တွင် တကောင်းနီကယ်စက်ရုံ၏ အကျိုးအမြတ်ခွဲဝေမှုကို ပြင်ဆင်သတ်မှတ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုအနေဖြင့် စီမံကိန်းနှင့်ပတ်သက်ပြီး အကျိုးအမြတ်ခွဲဝေမှုကို ပြင်ဆင်သတ်မှတ်သင့်ကြောင်း ဒေါ်မိုးမိုးထွန်းက အကြံပြုသည်။
ဒေါ်လာသန်းနှင့်ချီ စစ်ကောင်စီထံ စီးဝင်ခဲ့သော နီကယ်စီမံကိန်းကို တော်လှန်ရေးအင်အားစုက ထိန်းသိမ်းလိုက်ပြီးနောက် အနာဂတ်တွင် စက်ရုံမှ စီးဆင်းမည့် အခွန်အပါအဝင် အကျိုးအမြတ်ခွဲဝေမှုတို့ကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။
စီမံကိန်းအရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံဘက်မှ အမျိုးသားညီညွတ်ရေးအစိုးရထံ ဆက်သွယ်လာမှု ရှိသည်ဟု သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောကြားထားသော်လည်း သူက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
Myanmar Now က Myanmar CNICO ကုမ္ပဏီကို အီးမေးဖြင့် ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
တရုတ်အစိုးရက စက်ရုံနှင့် ပတ်သက်ပြီး ထိုနေရာကို ထိန်းချုပ်ထားသူနှင့်သာ ဆက်ဆံလိမ့်မည်ဟု တော်လှန်ရေးအင်အားစုနှင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖိုရမ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဝင်းဆွေက သုံးသပ်သည်။
“သိမ်းတာကတော့ ဟုတ်တယ်။ ဘယ်လောက်ကြာကြာ ထိန်းချုပ်နိုင်မှာလဲဆိုတဲ့အပိုင်းတွေနဲ့ စိတ်ချရတဲ့ အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးတော့မှ (တရုတ်က) ဆက်ဆံရေး အတိုးအဆုတ်လုပ်မယ်လို့ ထင်တယ်” ဟု ဦးစိုးဝင်းဆွေက မှတ်ချက်ပြုသည်။

သေနတ်မဖောက်ဘဲ သိမ်းဆည်းနိုင်ခဲ့သည့် နီကယ်စီမံကိန်း
နီကယ်စက်ရုံတည်ရှိရာ ထီးချိုင့်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နှင့် ထိစပ်နေပြီး ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်နိုင်သည့် လမ်းကြောင်းများအလယ်တွင် ရှိနေသဖြင့် ဗျုဟာအရ အရေးပါသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်စဉ် နိုင်ငံအလယ်ပိုင်း ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုက နှစ်ကြိမ်တိုင် ထိုးစစ်ဆင်ရာ ရဲစခန်းနှင့် တပ်စခန်းမှအပ မြို့ထဲရှိ စစ်တပ် တပ်စွဲထားရာနေရာများကို စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်။
ထီးချိုင့်မြို့ကို လက်မလွှတ်ရရေးအတွက် စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့နှင့် အပြင်းအထန်တုံ့ပြန်ရာ မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရကာ တော်လှန်ရေးအင်အားစုလည်း မြို့ပြင်သို့ ပြန်လည်ဆုတ်ခွာသွားသည်။
စစ်တပ်က မြို့ပေါ်ရပ်ကွက်ကို ထိန်းချုပ်ထားနိုင်သော်လည်း တော်လှန်ရေးအင်အားစုက ကျေးရွာအများစုကို နယ်မြေစိုးမိုးပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။
ပြီးခဲ့သည့်လပိုင်းမှစတင်ကာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတစ်လျှောက် သပိတ်ကျင်း၊ တကောင်း၊ စဉ့်ကူးမြို့နယ်တို့တွင် တော်လှန်ရေးအင်အားစုက ထိုးစစ်အရှိန်မြှင့်ခဲ့သည်။
ဇူလိုင် တတိယပတ်အတွင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ နယ်မြေရဲစခန်း၊ တကောင်းတောင်ပေါ် ရဲကင်းစခန်း၊ စီမံကိန်းအနီး အင်းနက်ရွာရှိ တပ်စခန်းတို့ကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သည်။
မန္တလေး – ဗန်းမော် ဗျူဟာလမ်းတစ်လျှောက် တိုက်ပွဲများပြင်းထန်လာပြီး စီမံကိန်းအနီးဝန်းကျင်ရှိ တပ်စခန်းများ ဆက်တိုက် ကျသွားချိန်တွင် စက်ရုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ PDF ထံ လက်နက်ချလိုက်ကြသည်။
“တိုက်ပွဲက မဖြစ်လိုက်ဘူးဗျ။ အဲ့ဒီနယ်မြေမှာ ကာကွယ်ရေးအဖွဲ့တွေက တိုးတိုးပြီးတော့ နယ်မြေက ချဲ့လာတာ။ … ဝိုင်းမိတဲ့သဘောမျိုးဖြစ်သွားတယ်။ သူတို့ထွက်ပေါက်မရှိတော့ လက်နက်ချသွားတာ” ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇူလိုင် ၂၇ ရက်နေ့တွင် တကောင်းနီကယ်စီမံကိန်းတည်ရှိရာ မောင်းကုန်းရွာထဲမှ ဒေသခံတို့က ယူနီဖောင်းအပြည့်အစုံဖြင့် စီတန်းချီတက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များကို သပြေခက်နှင့် ကြိုဆိုကြသည်၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထိုမြင်ကွင်းကို ရုပ်သံရိုက်ကူးပြီး သတင်းထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးအင်အားစုသိမ်းပိုက်ပြီးနောက် စက်ရုံမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီဖြစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“စက်ရုံထဲမှာ ဝင်ရောက်စွက်ဖက်တာတွေမရှိဘူး။ အကြောင်းကိစ္စရှိလို့ သွားတာကလွဲရင် စက်ရုံထဲမှာ တပ်စွဲတာတို့၊ ဝင်ထိုင်တာတို့လည်း မလုပ်ထားပါဘူး” ဟု ၎င်းက ဆိုသည်။
တကောင်းနီကယ်စက်ရုံကို လက်လွှတ်လိုက်ရသည့်အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပေ။
စစ်တပ်က ထိုနေရာကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် လှုပ်ရှားပြင်ဆင်သည့် အရိပ်အယောင်မတွေ့ရသေးကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
“အဓိကတော့ လုပ်ချင်းလုပ်နိုင်မှာဆိုရင် လေကြောင်းတိုက်ခိုက်မှုပဲ စိုးရိမ်ရတယ်။ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်မှုကတော့ အဲ့ဒါကို မီအောင်ပစ်နိုင်တဲ့နေရာ (စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့က) ဒီနားတစ်ဝိုက်မှာ မရှိတော့ပါဘူး” ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ဆိုသည်။
ထိုစက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစုက စီမံကိန်းလုံခြုံရေး၊ တရုတ်နိုင်ငံသားများနှင့် မိသားစုဝင်များ၏လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးနေသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
အာဏာသိမ်းမှုမတိုင်မီ ချုပ်ဆိုထားသည့် စာချုပ်များ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြု ကာကွယ်ပေးမည်ဆိုသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Alpha ဘိလပ်မြေစက်ရုံကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင် ခွင့်ပြုခဲ့သည့် ထိုစီမံကိန်းမှာ ဒေါ်လာ ၂၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံ Anhui Cement Conch ကုမ္ပဏီက ၅၅ ရာခိုင်နှုန်း၊ မြန်မာဘက်မှ Myint Investment Group Co.Ltd က ၄၅ ရာခိုင်နှုန်းဖြင့် ဖက်စပ်လုပ်ကိုင်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်ရုံဝင်းကို အခြေပြုပြီး တပ်စခန်းပြုလုပ်ထားခြင်း၊ စက်ရုံနှင့် ကပ်လျက် တောင်ပေါ်တွင် ကာကင်းစခန်းများ တည်ဆောက်ထားခြင်းတို့ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်၊ စစ်တပ်က အဆောက်အအုံတစ်ခုကို မီးရှို့ပြီး စက်ရုံမှ ဆုတ်ခွာသွားသည်ဟု တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုက စိုးမိုးနယ်မြေ ကျယ်ပြန့်လာချိန်တွင် ၎င်းတို့နယ်မြေအတွင်းရှိ တရုတ်အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်ပတ်သက်ပြီး သဘောထားများကို ထုတ်ဖော် ပြောဆိုလာသည်။
ကိုးကန့်တပ် (MNDAA) ကလည်း စီးပွားရေးအရ အချက်အချာကျသည့် လားရှိုးမြို့ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးမည်ဟု ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ ရခိုင်ပြည်နယ်ထက်ဝက်ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ကလည်း နိုင်ငံခြားစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံသူတို့၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု ကြေညာထားသည်။
မြန်မာပြည်ရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးကို မထိပါးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇူလိုင် ၂၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်ရေးစီမံကိန်းများ၏ အလားအလာ
တကောင်းတောင်နီကယ်စီမံကိန်းအပါအဝင် သတ္တုတူးဖော်ရေးတွင် တရုတ်၏ ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးနီတောင်စီမံကိန်းတို့မှာ လက်နက်ကိုင်ခုခံမှု၏ ပင်မမျက်နှာစာဖြစ်သော၊ ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းတွင် တည်ရှိနေသည်။
မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးနှင့် ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီတူးဖော်ရေးတို့ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီ၏ မြန်မာကုမ္ပဏီခွဲများဖြစ်သည့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီတို့ ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အစိုးရက ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေထားသည်။
စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ မြန်မာ့စီးပွားရေးဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ မြန်မာယန်စီကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ခွဲဝေရန် ဟူသော စာချုပ်အရ စစ်တပ်က ထိုစီမံကိန်းများမှ ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရရှိနေသည်။
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် လက်ပံတောင်းကြေးနီစီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းမှ ဒေါ်လာ ၁၈၇ သန်း စစ်ကောင်စီထံ စီးဝင်ခဲ့သည်ဟု ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့ အစီရင်ခံစာအရ သိရသည်။
လုပ်သားအင်အား ၁၅၀၀ နီးပါးဖြင့် လည်ပတ်ခဲ့သည့် ကြေးနီစီမံကိန်းမှ ဝန်ထမ်းအင်အား ၉၅ ရာခိုင်နှုန်းနီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သဖြင့် ကြေးနီထုတ်လုပ်မှုယန္တရား ရပ်တန့်ခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ စက်ရုံ ပြန်လည်လည်ပတ်ရန် စိုင်းပြင်းလာခဲ့သည်။
ဒေသခံတို့၏ကန့်ကွက်မှုများကြားမှပင် ယခုနှစ် မေလဆန်းကစပြီး စက်ရုံ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း CDM ဝန်ထမ်းများနှင့် ဒေသခံများက ဆိုသည်။
တကောင်းနီကယ်စီမံကိန်းကို စစ်တပ်က လက်လွှတ်လိုက်ရပြီးနောက် လက်ရှိအချိန်ထိ လက်ပံတောင်းကြေးနီစီမံကိန်းအပေါ် သိသာသည့် ရိုက်ခတ်မှုမျိုးမရှိသေးသော်လည်း စစ်တပ်နှင့် ကုမ္ပဏီဘက်က သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ယင်းမာပင်မြို့နယ် ကျေးရွာပေါင်းစုံသပိတ်ကော်မတီမှ ကိုလွမ်းသူက ဆိုသည်။
စီမံကိန်းတည်ရှိရာ ဆားလင်းကြီးမြို့နယ်တစ်ဝိုက်တွင် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု အားကောင်းသည့် တကောင်းနီကယ်စက်ရုံစီမံကိန်းနည်းတူ တော်လှန်ရေးအင်အားစုက စီမံကိန်းကို သိမ်းပိုက်နိုင်ရန်မှာ အခက်အခဲများရှိနိုင်ကြောင်း ဒေသခံတို့က သုံးသပ်သည်။
အထူးသဖြင့် တည်နေရာအထားအရ လက်ပံတောင်းတောင်စီမံကိန်းမှာ စစ်တပ် အခိုင်အမာအခြေစိုက်စခန်းဖြစ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသည်။ ထို့ပြင် စက်ရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား တပ်စွဲထားသည့်အပြင် အနီးရှိ စစ်ဌာနချုပ်ကလည်း စစ်ကူ အလျင်အမြန်ပို့နိုင်သည်ဟု ယူဆရကြောင်း ဒေသခံများက ဆိုသည်။