
အမျိုးသားရေးဆရာတော် ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် ဦးဆောင်ဆန္ဒပြခဲ့သူလေးဦးကို ဝတ္တရားနှောင့်ယှက်မှု၊ ငြိမ်းစုစီပုဒ်မများဖြင့် တရားစွဲဆိုသွားမည်ဟု အင်းစိန်မြို့နယ်ရဲစခန်းမှူး ဒုတိယရဲမှူး တင်လတ်က Myanmar Now ကို ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသူ ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အမျိုးသားရေးအမည်ခံ ရဟန်းနှင့် လူပုဂ္ဂိုလ် ၅၀ ခန့်က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် ယနေ့ (ဇန်နဝါရီ ၁၆) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ဝတ္တရားနှောင့်ယှက်မှုပုဒ်မ ၂ ခုဖြင့် တရားစွဲရန် ရဲတပ်ဖွဲ့က ပြင်ဆင်နေသည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြပွဲဦးဆောင်သူ ရဟန်းနှစ်ပါးနှင့် အခြားလူတစ်ဦးကိုလည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲသွားရန်ရှိသည်ဟု ဒုရဲမှူး တင်လတ်က ဆိုသည်။
“သူ့ကို (ယနေ့နံနက်က အဖမ်းခံရသူ) ဝတ္တရားနှောင့်ယှက်မှုနဲ့ အမှုဖွင့်လိမ့်မယ်။ ပုဒ်မ ၃၅၃၊ ရဲတွေကို ထိုးတာကြိတ်တာတွေ ဖြစ်တော့ ၃၃၂ တို့ ပါလာနိုင်တယ်။ ဘုန်းကြီးတွေကိုကျတော့ ငြိမ်းစုစီနဲ့ ဖွင့်မှာ။ ဘုန်းကြီးတွေက အားလုံးပေါင်း ၂၀ လောက်ရှိတယ်။ အဲဒီထဲက ဦးဆောင်တဲ့သူရယ်၊ ဝန်းရံတစ်ပါးကိုတော့ အမှုဖွင့်မယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် အင်းစိန်ထောင်ဘူးဝရှေ့တွင် ဆန္ဒပြရန် ကြိုးပမ်းသော အမျိုးသားရေးသမားများကို တားမြစ်နယ်မြေဖြစ်သဖြင့် ဆန္ဒထုတ်ဖော်ခြင်းမပြုရန် ရဲတပ်ဖွဲ့က နှစ်ကြိမ်သွားရောက်ဟန့်တားခဲ့သည်။
အမျိုးသားရေးသမားများက ဦးဝီရသူကို ဝန်းရံရေး ဆိုင်းဘုတ်များကိုင်၍ ကြွေးကြော်ခဲ့သည့်အပြင် ဆန္ဒဖော်ထုတ်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များကို စတင်ထိုးနှက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလအတွင်း Video conferencing စနစ်ဖြင့် အမှုများစစ်ဆေးခြင်း၊ ရမန်ယူခြင်းစသည်တို့ကို တရားရုံးများ၌ အသစ်ပြောင်းလဲကျင့်သုံးလျက်ရှိရာ ထိုသို့ အွန်လိုင်းမှတဆင့် စစ်ဆေးနေခြင်းသည် ဦးဝီရသူအတွက် ခုခံချေပခွင့် မရှိဘဲ တစ်ဖက်သတ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အင်းစိန်ထောင်ရှေ့ ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသားရေးသမားများက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်ကလည်း ရန်ကုန် အနောက်ပိုင်းခရိုင်တရားရှေ့တွင် ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရန် အမျိုးသားရေးသမားဆိုသူ ၅၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဦးဝီရသူသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က ဖြင့် ၂၀၁၉ တုန်းက တရားစွဲဆိုခံရပြီးနောက် တစ်နှစ်ကျော်ထွက်ပြေးတိမ်းရှောင်နေရာမှ ရွေးကောက်ပွဲကျင်းရန် ရက်ပိုင်းအလိုတွင် ရဲတပ်ဖွဲ့ထံ သွားရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။