သတင်း

မြဝတီသို့ စစ်တပ်က စစ်ကူအလုံးအရင်းပို့နေ

နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော မြဝတီမြို့ မကျစေရေးအတွက် တက်လာသော စစ်ယာဉ်တန်းသည် တော်လှန်ရေးတပ်များထိန်းချုပ်ထားသော ကော့ကရိတ်နှင့် မြဝတီအကြား ဖြတ်သန်းပြီးမှသာ ပိတ်ဆို့ခံနေရသော ခလရ ၂၇၅ ကို စစ်ကူနိုင်မည်ဖြစ်သည်။

ယမန်နေ့ကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီက သံချပ်ကာကားများပါဝင်သော စစ်ယာဉ်တန်းများဖြင့် စစ်ကူရန် ကြိုးပမ်းနေသည်။

ဖားအံမြို့မှ တက်လာသည့် သံချပ်ကာ ၅ စီးထက်မနည်း ပါဝင်ကာ အစီးရေ ၂၀ ခန့် ပါဝင်သော စစ်ယာဉ်တန်းသည် ယနေ့ (ဧပြီ ၁၀) မွန်းလွဲ ၁ နာရီကျော်တွင် သာမညဒေသကို ကျော်ကာ ကော့ကရိတ်မြို့ဘက် ဦးတည်လာနေကြောင်း ဒေသခံများက ပြောကြသည်။

ထိုစစ်ယာဉ်တန်း တက်လာသည့် ရုပ်သံဖိုင်များလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သင်္ဃန်းညီနောင်စစ်ဗျူဟာမှ စစ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော် KNU ထံ လက်နက်ချခဲ့သည့်အတွက် မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း (ခလရ) ၂၇၅ သည် စစ်ကောင်စီအတွက် ထိုမြို့၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်လာသည်။

ယနေ့ နံနက် ၅ နာရီခန့်မှ စတင်၍ မြဝတီမြို့ပြင်ရှိ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းအနီး တိုက်ပွဲဖြစ်နေပြီး လေတပ်က ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေခဲ့ကာ ထိုင်းဒေသတွင်းသတင်းများက ၎င်းတို့ဘက်အခြမ်းမှပင် ကျယ်လောင်သော ပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားကြသည်။

လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးလင်းထက်အောင်ကလည်း တိုက်ခိုက်ခံနေရသော ခလရ (၂၇၅) ကို စစ်ကူနိုင်ရန် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ထွက်ခွာလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။

“အင်အားက ၅၀၀ ကနေ ၁၀၀၀ ကြားလောက်တော့ ရှိတယ်။ ပစ်ကူအင်အားကိုလည်း ပိုမိုသုံးစွဲပြီးတော့ သူတို့ (စစ်တပ်က) တိုက်ခိုက်မယ်ဆိုတာလည်း ကျွန်တော်တို့ ကြားရတယ်” ဟု သူက ဆိုသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီ၏ ခလရ (၉၇) ၊ (၂၃၀) ၊ (၂၃၁) နှင့် အမြောက်တပ်ရင်း (၃၁၂) တို့ ရှိပြီး မြဝတီမြို့အနောက်ဘက်တွင် ခလရ (၂၇၅) အခြေစိုက်သည်။

အာရှလမ်းမကြီးတစ်လျှောက်ရှိ ကော့ကရိတ်မြို့အထွက်မှစ၍ သင်္ဃန်းညီနောင်အထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက ထိန်းချုပ်ထားပြီး မြဝတီမြို့ရှိ ခလရ (၂၇၅) ကို တိုက်ခိုက်၍ မြို့ကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်။

အဆိုပါ နယ်မြေများသည် KNU ၏ အုပ်ချုပ်မှုနယ်မြေ တပ်မဟာ (၆) တွင် ပါဝင်နေပြီး တပ်မဟာ (၆) ဗျူဟာမှူး နယ်ဒါးထူးက ခလရ (၂၇၅) ကို သိမ်းသည့် တိုက်ပွဲစတင်နေပြီဟု Myanmar Now ကို အတည်ပြုသည်။

တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

မြဝတီမြို့တွင် ရောက်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ခလရ (၂၇၅) ၏ တပ်ဝင်းအတွင်းထဲအထိ KNLA,PDF ပူးပေါင်းတပ်များ ထိုးဖောက်ဝင်နေပြီဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြောသည်။

ခလရ (၂၇၅) အနီး ယမန်နေ့ (ဧပြီ ၉ ရက်) မွန်းလွဲမှစ၍ တိုက်ပွဲဖြစ်နေရာ ယနေ့ နေ့လယ်အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားရနေသလို မီးခိုးလုံးများလည်း မြင်နေရသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီလက်အောက်မှ ခွဲထွက်ထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ကမူ မြဝတီမြို့တွင် လုံခြုံရေးယူထားပြီး ယခုတိုက်ပွဲတွင် ကြားနေအဖြစ်သာ ရှိနေပြီး ၎င်းတို့ကို တိုက်ခိုက်မှသာ ခုခံမည်ဟု ဆိုထားသည်။

မြဝတီမြို့တောင်ဘက် ၉ မိုင်ကျော်အကွာရှိ စစ်ကောင်စီ၏ စွယ်တော်ဗျူဟာကုန်းကို တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် ယနေ့ နံနက်တွင် ဗုံးကြဲတိုက်ခိုက်ထားသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကူယာဉ်တန်းသည် KNU,PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့အနီးမှ မြဝတီမြို့အထိ မိုင် ၂၀ အကွာအဝေးကို ထိုးဖောက်တိုက်ခိုက်ရမည့်အခြေအနေ ရှိနေသည်။

သို့ဖြစ်ရာ မြဝတီနှင့် မြဝတီအနောက်ဘက်ရှိ ကော့ကရိတ်မြို့ဝန်းကျင်တွင် စစ်တပ်နှင့် KNU, PDF ပူးပေါင်းတပ်များအကြား ပိုမိုပြင်းထန်သည့် စစ်ပွဲများ ဖြစ်လာမည့်အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူများက တွက်ဆကြသည်။

မဲဆောက်ဘက်ခြမ်းနှင့် ချစ်ကြည်ရေးတံတားများအနီး ထိုင်းစစ်တပ်ကလည်း လူအများအပြားဖြင့် နေရာယူထားပြီး စစ်ရေးအခြေအနေ စောင့်ကြည့်နေသည်ကိုလည်း တွေ့ရသည်။

မြဝတီမြို့အခြေအနေကို သောင်ရင်းမြစ်တစ်ဖက်ကမ်းမှ စောင့်ကြည့်နေသော ထိုင်းစစ်သားတစ်ဦး (ဓာတ်ပုံ – AFP ရုပ်သံမှ)

မြဝတီမြို့အခြေအနေ

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့အကြား ကူးသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) လည်း ယနေ့ မွန်းလွဲ ၃ နာရီအထိ ဖွင့်ထားဆဲပင်ဖြစ်သည်။ မြန်မာဘက်ခြမ်းတွင်မူ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံမည့်သူ ရာနှင့်ချီ တန်းစီနေသည်ဟု သိရသည်။

တံတားတွင် တာဝန်ကျသည့် စစ်ကောင်စီ၏ လဝကရုံးများလည်း ဖွင့်ထားဆဲ ဖြစ်သည်ဟု မြဝတီဒေသခံတချို့က ပြောသည်။

မြဝတီမြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအသင်းအဖွဲ့ ၅ ဖွဲ့ထက်မနည်းက တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုများရှိလာပါက ကယ်ဆယ်ကုသနိုင်ရန် ဆေးဝါးများ အသင့်ပြင်ထားကြသည်။

မြဝတီမြို့တွင် ဈေးလည်း မပိတ်သေးသလို ကုန်စည်များ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟု ဆိုကြသည်။

မြဝတီမြို့ခံအမျိုးသမီးတစ်ဦးကလည်း “အသံဗလံတွေ ကြားနေတော့လည်း မြို့ခံလူထုက စိုးရိမ်ကြောင့်ကြမှုရှိတာပေါ့။ မြဝတီမှာက စစ်က အခုဖြစ်ချင်လည်းဖြစ်တယ်။ ငြိမ်ချင်လည်း ငြိမ်သွားတယ်။ ခန့်မှန်းလို့မရဘူးပေါ့။ အစ်မတို့က ရှောင်ဖို့တိမ်းဖို့မစဉ်းစားထားဘူး။ မပြင်လည်းမပြင်ဆင်ထားဘူး” ဟု ဆိုသည်။

စစ်ကောင်စီဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ချက်မရှိသေးသော်လည်း ဝါဒဖြန့်တယ်လီဂရမ်များတွင် မြဝတီမြု့၌ တိုက်ပွဲများဖြစ်နေကြောင်း ဖော်ပြထားကြသည်။

အလားတူ ယမန်နေ့  ညနေ ၅ နာရီခန့်က မြဝတီမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ရန် စစ်ရှောင် ၅၀၀ ခန့်က ဆန္ဒပြခဲ့ကြသည်ဟု ထိုတယ်လီဂရမ်များက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြသည်။

ဆန္ဒပြသူများသည် သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်း၊ အတွင်းမဲကနယ်၊ မယ့်ပလဲရွာဘက်မှ စစ်ရှောင်များဖြစ်ပြီး မြဝတီတွင် တိုက်ပွဲထပ်ဖြစ်မည်ဆိုပါက ထပ်မံစစ်ရှောင်ရမည့်အရေး စိုးရိမ်သဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြန်မာ-တရုတ်နယ်စပ်မြို့ကြီးများကို လက်လွှတ်ခဲ့ရရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ကချင် လွယ်ဂျယ်မြို့ကို ယခုလဆန်းက ထိန်းချုပ်လိုက်သလို ဝါရင့်လက်နက်ကိုင်အဖွဲ့ KNU ကလည်း ထိုင်းနယ်စပ် ကုန်သွယ်ရေးမြို့ မြဝတီကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးကို ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဇုန်ကိုမူ မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် မဲကနယ်ကျေးရွာအကြား သင်္ကန်းညီနောင်ကျေးရွာမှ နှစ်မိုင်ခန့်ကွာနှင့် မြဝတီမြို့မှ ၆ မိုင်ခွဲအကွာတွင် တည်ဆောက်ထားသည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ ၂၀၂၃-၂၄ ဧပြီမှ ဖေဖော်ဝါရီထိ အမေရိကန်ဒေါ်လာ ၁,၀၈၅ သန်းသာရှိပြီး လွန်ခဲ့သည့်နှစ် ကာလတူ၌ ဒေါ်လာ သန်း ၁,၈၆၆ သန်းအထိ ရှိခဲ့ရာ သန်း ၈၀၀ နီးပါး ကျဆင်းသွားသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင် နယ်စပ်ဂိတ် ၆ ခုရှိသည့်အနက် တိုက်ပွဲများကြောင့် မြဝတီနယ်စပ်မှာ ထိခိုက်မှု အကြီးမားဆုံးဖြစ်သည်။

ယနေ့ နံနက်က နှစ်နိုင်ငံနယ်စပ်ဂိတ်အနီး မြန်မာဘက်မှ ဝင်ရောက်ရန် စောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ – သိန်းသန်းမြင့်စိန် Facebook)

Show More

Related Articles

Back to top button