သတင်း

စစ်ရှုံးနေသည့် ရခိုင်ဒေသတွင် စစ်တပ်က တိုင်းမှူး အပြောင်းအလဲပြုလုပ်

အပြင်းအထန် ထိုးစစ်ဆင်ခံနေရသည့် ရခိုင်ပြည်နယ်တွင် ဒေသအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တာဝန်ယူမည့်သူမှာ တနင်္သာရီဒေသမှ ပြောင်းလာသည့် တိုင်းမှူး ဖြစ်လာသည်။

ရခိုင်ပြည်နယ်၏ ထက်ဝက်ခန့် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်မှုအောက် ရောက်သွားပြီးနောက် စစ်ကောင်စီက ထိုဒေသ၏ တိုင်းမှူးသစ်အဖြစ် ဗိုလ်မှူးချုပ်ကျော်စွာဦးကို ခန့်ထားလိုက်သည်။

ဗိုလ်မှူးချုပ်ကျော်စွာဦးကို မတ်လ ၂၄ ရက်က ပြည်နယ်မြို့တော် စစ်တွေတွင် ပြုလုပ်သည့် ဘာသာရေးအခမ်းအနားတစ်ခုတွင် ပွဲထုတ်လာသည်ကို တွေ့ရသည်။ လောကနန္ဒာစေတီ သာသနာ့ဗိမာန်တွင် ကျင်းပသည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်ပေးအခမ်းအနားကို ဗိုလ်မှူးချုပ်ကျော်စွာဦး တက်ရောက်လာသည်။

တိုင်းမှူးနေရာ အပြောင်းအလဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိဘဲ အခမ်းအနားသတင်းများတွင် ပါဝင်သည့် အမည်များကို ကြည့်ပြီးမှ အများက သိရှိကြခြင်း ဖြစ်သည်။

တိုင်းမှူးအပြောင်းအလဲသည် ပြီးခဲ့သည့် မတ် ၁၉ တွင် ပေါ်ပေါက်ခဲ့ပြီး တိုင်းမှူးဟောင်း ဗိုလ်ချုပ်ထင်လတ်ဦးကို အရန်အင်အားသို့ ပို့လိုက်သည်ဟု သိရကြောင်း ဗိုလ်ကြီးဇင်ယော်က Myanmar Now ကို ပြောသည်။

“အရန်အင်အားစာရင်းသွင်းတာက အနားပေးတဲ့သဘောပါပဲ။ ဒါမှမဟုတ်ရင်လည်း မင်းအောင်လှိုင်က ပြန်သုံးရင်လည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ ပက်ပက်စက်စက် စစ်ရှုံးထားတဲ့ တိုင်းမှူးတစ်ယောက်ဖြစ်တဲ့အတွက် တစ်ဆင့်မြင့်ရာထူးတော့ ပေးစရာ အကြောင်းမရှိဘူး” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။

တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးသည် အလုပ်သင်ဗိုလ်လောင်းအပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်သည်၊ တနင်္သာရီတိုင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟုလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းမှူးတာဝန်များကို ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၉ မေလအထိ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ၂၀၁၉ မေလမှ ၂၀၂၀ ဇူလိုင်အထိ ဗိုလ်ချုပ်ဖုန်းမြတ်၊၂၀၂၀ သြဂုတ်မှ ၂၀၂၃ မတ်လအထိ ဗိုလ်ချုပ်ထင်လတ်ဦးတို့က တာဝန်ယူခဲ့သည်။

စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားစဉ် ရခိုင်ပြည်နယ်တွင် ယခင်တိုင်းမှူးများမှာ ၂ နှစ်မပြည့်မီ နေရာပြောင်းခံရသော်လည်း ဗိုလ်ချုပ်ထင်လတ်ဦးကမူ သုံးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် မကြာသေးမီက အခြားစစ်အရာရှိတစ်ဦးနှင့် ထိုးကြိတ်ကြသည်အထိ အချင်းများခဲ့သည်ဟု သတင်းထွက်ခဲ့သည်။

ရခိုင်သို့ ရောက်လာသည့် ဗိုလ်မှူးချုပ်ကျော်စွာဦး ကိုင်တွယ်ခဲ့ရသည့် တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေသည် ထိုးစစ်ကြီးများ မရှိပေ။ တနင်္သာရီတိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များ၊ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

တနင်္သာရီဒေသကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း ဗိုလ်မှူးချုပ်ကျော်စွာဦးက ကြည်း၊ ရေ၊ လေ တပ်များကို သုံးပြီး ခုခံစစ် ဆင်ရမည် ဖြစ်သည်။

သို့သော် မိုးရာသီမတိုင်မီ AA ၏ ပြင်းထန်သည့်ထိုးစစ်များ ဆက်လက် ရှိလာနိုင်ပြီး တိုင်းမှူးသစ်သည်လည်း အစွမ်းပြနိုင်ဖွယ်မရှိဟု ဗိုလ်ကြီးဇင်ယော်က မှန်းဆသည်။

“အခုဆိုရင် ERO (တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့) တွေရော၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရော ဒရုန်း (တပ်ဖွဲ့တွေနဲ့) တွဲဖက်ပြီး တိုက်ခိုက်တဲ့စစ်ဆင်ရေးမျိုးတွေပါ လုပ်လာတာဆိုတော့ ခေတ်သစ်စစ်ပွဲမှာ သူအတွေ့အကြုံမရှိသေးဘူး။ ပြီးရင် AA မှာက ရေတပ်ကိုပါ ကောင်းကောင်း တိုက်ခိုက်နိုင်တဲ့ အတွေ့အကြုံတွေရှိပြီးသားဆိုတော့ သူ့အတွက်တော်တော်လေး အခက်တွေ့မယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

 ရခိုင်နိုင်ငံရေးလေ့လာသူ ဦးဖေသန်းကမူ ရခိုင်ပြည်နယ်သို့ စစ်တိုင်းမှူးအသစ် တာဝန်ချပေးလျှင်လည်း စစ်ကောင်စီနှင့် AA ကြား စေ့စပ်ညှိနှိုင်းမှုမရှိပါက စစ်ပွဲပြင်းထန်လာဦးမည်ဟု ခန့်မှန်းသည်။

“ရခိုင်ပြည်ရဲ့ အနေအထားကတော့ ဘယ်သူ့ကိုပဲ ချပေး၊ ချပေး AA ဘက်ကပဲ အားသာချက်ရှိမယ်။ စစ်တပ်ဘက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း ရင်ဆိုင်နေရတယ်၊ ရခိုင်ပြည်အတိုင်းအတာနဲ့လည်း အခက်အခဲရှိတယ်” ဟု ဦးဖေသန်းက ပြောသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ်ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ယခုအခါ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ရှိ စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။

ပြည်နယ်မြို့တော် စစ်တွေကိုလည်း AA သည် အဘက်ဘက်က ဝိုင်းရံပိတ်ဆို့ထားကာ ရခိုင်ရှိ တပ်စခန်းတိုင်းကို တိုက်မည်ကြေညာထားသည်။ AA ၏ ထိုးစစ် ရပ်ဆိုင်းခြင်းမရှိ၊ စစ်ကောင်စီကလည်း ထိုဒေသသို့ တပ်ကူမပို့နိုင်သည့်အတွက် စစ်တွေအပါအဝင် ကျန်ရှိနေသော မြို့များအားလုံး AA လက်အောက် ကျရောက်နိုင်ခြေရှိနေသည်။

Show More

Related Articles

Back to top button