သတင်း

Facebook မသုံးနိုင်သဖြင့် အလှူရှင်များနှင့် ရခိုင်စစ်ရှောင်များ အဆက်အသွယ်ပြတ်

စစ်တပ်၏ပိတ်ဆို့မှုများကြောင့် ရခိုင်ဒေသ စစ်ပြေးဒုက္ခသည်များ ရိက္ခာပြတ်လာသည်၊ အင်တာနက် မရသဖြင့် ငွေလွှဲပြောင်းမှု၊ အလှူငွေ စီးဆင်းမှုများလည်း ရပ်ဆိုင်းသွားသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရသဖြင့် စစ်ပြေးဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့မှု အကြီးအကျယ် ထိခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် အသက်လုပြေးနေရသူတို့သည် ကူညီသည့် အလှူရှင်များနှင့် အဆက်အသွယ်ပြတ်နေကြသည်ဟု စစ်ဘေးရှောင်ကူညီရေး တာဝန်ခံတစ်ဦးက ဆိုသည်။

“လိုင်းရတုန်းကတော့ Facebook ပေါ်ကနေ အလှူခံလိုက်ရင် ပိုက်ဆံတွေလှူကြတယ်။ အခုက လိုင်းဖြတ်ထားတော့ အလှူလည်းခံမရဘူး။ လှူထားတာတွေကိုလည်း ထုတ်မရဘူး။ ပြီးတော့ Kpay ,Wave money ဆိုင်တွေလည်း ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။

ရံဖန်ရံခါ လှူတတ်သည့် ရွာခံများလည်း အလုပ်အကိုင်အဆင်မပြေ၊ ငွေကြေးကျပ်တည်းနေသဖြင့် ထိုသူများထံမှ အလှူငွေကောက်ခံမှုကို ရပ်ဆိုင်းထားရသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာပြည်သား ပြည်တွင်းပြည်ပ အလှူရှင်များသည် သတင်းများ ကြည့်ရှုရန်၊ ဆက်သွယ် လှူဒါန်းရန် အသုံးပြုသူ များပြားသည့် Facebook ကို အားကိုးနေကြခြင်း ဖြစ်သည်။

စစ်တပ်က  ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက်ထားခြင်းမှာ တိုက်ပွဲကာလ သတင်းစီးဆင်းမှု ဟန့်တားလိုခြင်းကြောင့် ဖြစ်သည်ဟု အများက ယူဆကြသည်။

နိုဝင်ဘာလတွင် ရက္ခိုင့်တပ်တော် AA က ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နှင့်  ရခိုင်ပြည်နယ်အတွင်းရှိ မြို့များကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၃ သိန်းခန့်ရှိနေကြောင်း AA က ဆိုသည်။

ဤအခြေအနေတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့်ကန့်သတ်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့်ကို တားမြစ်ခြင်းတို့ကြောင့် အရေးပေါ်အကူအညီမှာ ဒုက္ခသည်များထံ ရောက်ရန်  ခက်ခဲလာသည်။

မြောက်ဦးမြို့ပေါ် မြို့ဦးခေါင်းစစ်ရှောင်စခန်းမှ တဲအိမ်တချို့ကို ၂၀၂၂ ဧပြီ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယခင်က လူတစ်ဦးလျှင် တစ်နေ့ ဆန်နှစ်ဘူးကျစီ ရခဲ့သော်လည်း ယခုအခါ အလှူရှင်များ မလာတော့ကြောင်း ပေါက်တော မြို့နယ် ရွာတစ်ရွာတွင် ရောက်နေသူ အသက် ၅၅ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“စားသောက်ရေး ဘာမှအဆင်မပြေဘူး။ အခုလည်း တောင်းစားနေရတယ်၊ ကျွန်မမှာ စားဖို့သောက်ဖို့ ဘာမှမရှိလို့။ ကျွန်မတို့မှာ ပိုက်ဆံလည်း သိပ်မပါလာဘူး၊ ပါတဲ့ဟာကိုလည်း စားပြီးပြီ” ဟု ၎င်းက ဆိုသည်။

စားနပ်ရိက္ခာပြဿနာအပြင် ဆေးဝါးကုသမှုအခက်အခဲများလည်း ကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

“(မြေးတစ်ယောက်) ပါးမှာ အနာပေါက်နေတယ်။ ဆေးခန်းပြဖို့ ပိုက်ဆံမရှိဘူး။ ဖြစ်နေရတဲ့ဘဝတွေကို ကြည့်ပါဦး” ဟု ပေါက်တောမြို့ခံ အဆိုပါ စစ်ပြေးဒုက္ခသည်က ဆိုသည်။ 

အလားတူ ပေါက်တောမြို့မှ ထွက်ပြေးလာသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကလည်း ကုန်စျေးနှုန်း အလွန်မြင့်တက်နေသဖြင့် ထမင်းလျှော့စားနေရသည်ဟု ဆိုသည်။

“အခက်အခဲက ပေါင်းစုံပါပဲ။ ကိုယ့်မှာ ငွေရေးကြေးရေးက အဲ့လောက်မရှိဘူး။ ပါလာတာတွေနဲ့ စားကြတယ်၊ သောက်ကြတယ်။  လုပ်လို့ကိုင်လို့လည်း အဆင်မပြေဘူး။ လုပ်ဖို့စီးပွားရေးလည်း မရှိဘူး၊ ဘာကိုလုပ်ကိုင်စားသောက်ရမလဲ၊ စိတ်ပင်ပန်းနေရတယ်” ဟု ၎င်းက ပြောသည်။

ရသေ့တောင်မြို့နယ်ကျေးရွာများမှ ထွက်ပြေးလာသည့် စစ်ရှောင်များကို စစ်တွေမြို့ ရွှေပြည်သာဘုန်းကြီးကျောင်းတွင် ဖွင့်ထားသည့် ယာယီစစ်ရှောင်စခန်းတွင် ၂၀၂၁ မတ် ၁၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

စစ်ဘေးရှောင်အများစုသည် လက်ရှိတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေကြသည်။

မိုးရာသီတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ခိုလှုံရန် သီးသန့်စခန်းတစ်ခု လိုအပ်လာမည်ဟု စစ်ဘေးရှောင်တို့က ဆိုကြသည်။ 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် လက်နက်ကြီးကျည်ထိခြင်း၊ လေတပ် ဗုံးကြဲခြင်းတို့ကြောင့် နေအိမ်အများအပြား မီးလောင် ပျက်စီးကြသည်။

ရမ်းဗြဲမြို့မှ စစ်ဘေးရှောင်တစ်ဦးက ၎င်း၏နေအိမ် ဆုံးရှုံးလိုက်ရသည်ဟု ပြောသည်။

“အသက်လည်း ကြီးလာပြီ။ နေဖို့အိမ်လည်း မရှိဘူး။ လူများဆီမှာလည်း ကပ်နေလို့ တစ်သက်လုံးနေလို့ အဆင်မပြေဘူး” ဟု သူက ပြောသည်။

“ကြက်သွန်၊ ဆီ၊ ငရုတ်တို့ တစ်ခါတလေပေးတယ်။ ဆန်တော့ ကျောင်းက ပေးနေလို့ တစ်ဖက်တစ်လမ်းက သက်သာတယ်။  ဒါပေမဲ့ လုံးဝသက်သာတာမျိုး မဟုတ်ဘူး”

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် AA ၏ထိုးစစ်စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ မှစတင်ကာ တစ်မြို့နှင့်တစ်မြို့ သွားလာခွင့်ပိတ်ပင်လိုက်သည်။

ရခိုင်မြို့များနှင့် ပြည်မမှ စီးပွားရေးမြို့တော် ရန်ကုန်အကြား ကုန်းလမ်း၊ ရေလမ်းသွားလာခွင့်ကိုလည်း စစ်တပ်က ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ အလွန်မြင့်တက်နေကာ ကုန်စည်ရှားပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်။

ရခိုင်ပြည်နယ်တွင် စားအုန်းဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်၊ ငရုပ်သီး တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ဟင်းချိုမှုန့် တစ်ပိဿာကို ၂၀၀၀၀ စသည်ဖြင့် စျေးနှုန်းမြင့်တက်လျက်ရှိသည်။

တစ်ကျော့ပြန်ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ မှ ၂၀၂၄ဖေဖော်ဝါရီ ၁၃ အထိစာရင်းများအရ ရခိုင်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ရာနှင့်ချီသေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် AA သည် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

Show More

Related Articles

Back to top button