စီးပွားရေး

တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်မြဝတီမှ ကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းကျော်ကျဆင်း

တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေး လနှင့်ချီ ရပ်ဆိုင်းနေချိန် အရေးပါဆုံးသော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းမကို တိုင်းရင်းသားအဖွဲ့များက ပို၍ထိန်းချုပ်လာရာ စစ်ကောင်စီအတွက် ကုန်သွယ်မှုဝင်ငွေအကြီးအကျယ် ထိခိုက်မည့်အလားအလာရှိနေသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါဆုံးသော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးနှင့် ကုန်တင်ကားများ ခရီးတစ်ထောက်နားရာ ကော့ကရိတ်မြို့တို့တွင် တိုက်ပွဲဖြစ်နေသဖြင့် မြဝတီမှ နယ်စပ်ကုန်သွယ်မှု ၄၂ ရာခိုင်နှုန်း ကျဆင်းသွားရာ စစ်ကောင်စီအတွက် ကုန်သွယ်မှုဝင်ငွေအကြီးအကျယ် ထိခိုက်မည့်အလားအလာရှိနေသည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ ၂၀၂၃-၂၄ ဧပြီမှ ဖေဖော်ဝါရီထိ အမေရိကန်ဒေါ်လာ ၁,၀၈၅ သန်းသာရှိပြီး လွန်ခဲ့သည့်နှစ် ကာလတူ၌ ဒေါ်လာ သန်း ၁,၈၆၆ သန်းအထိရှိခဲ့ရာ သန်း ၈၀၀ နီးပါး ကျဆင်းသွားသည်။

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင် နယ်စပ်ဂိတ် ၆ ခုရှိသည့်အနက် လက်နက်ကိုင်တိုက်ပွဲများကြောင့် မြဝတီနယ်စပ်မှာ ထိခိုက်မှု အကြီးမားဆုံးဖြစ်သည်ကို တွေ့ရသည်။

အာရှလမ်းနှင့် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူကာကွယ်ရေးမတော် (PDF) ပူးပေါင်းအဖွဲ့က ၂၀၂၃ နှစ်ကုန်ပိုင်းမှစကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

မြဝတီနယ်စပ်မှ ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့သည့်အတွက် အာဏာသိမ်းစစ်တပ်အတွက် အခွန်ရငွေ ထိခိုက်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်အခမ်းအနားတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ − KNU)

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနတွင် လိုင်စင်လျှောက်၊ အခွန်ဆောင်ကာ ကုန်သွယ်ခြင်းထက် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို အခွန်ပေး၍ တောလမ်းများမှ ကုန်သွယ်သည့်ပမာဏ တိုးလာသည်ဟု မြဝတီမြို့မှ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“လိုင်စင်၊ ဂျူတီနဲ့ တရားဝင်အလုပ်လုပ်တဲ့သူတွေက အလုပ်မရှိတော့ဘူး။ မြဝတီကုန်သွယ်ရေးဇုန်ဆိုရင် ခတ္တပိတ်ထားတယ်။ မြဝတီမြို့က အခွန်စစ်ဆေးတဲ့ ကားဝင်းဟောင်းမှာ ကားတွေနည်းသွားတယ်။ ပါမစ်ရထားတဲ့ လိုင်စင်လက်ကျန်ရှိတဲ့ လိုင်စင်သက်တမ်းတိုးပြီး သွင်းတဲ့သူတွေလောက်ပဲ ရှိတော့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုအမျိုးသားက ပြောသည်။

အာရှလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသည့်ကား မရှိတော့ဘဲ မြဝတီ-ထို့ကော်ကိုး တောင်ပတ်လမ်းကို အသုံးပြုလာကြကြောင်း၊ ထိုလမ်းပိုင်းတွင် စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် KNU အပါအဝင် လက်နက်ကိုင်အဖွဲ့ပေါင်းစုံကို အခွန်ပေးဆောင်ကြရကြောင်း ၎င်းက ဆိုသည်။

မိုင်းခွဲခံရ၍ ကျိုးကျပျက်စီးသွားသော ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးရှိ တံတားတစ်စင်းကို ပြန်လည်မပြုနိုင်သေး၍ အာရှလမ်းကို အသုံးမပြုနိုင်သလို နှစ်ဖက်တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် မြဝတီနယ်စပ်ကုန်သွယ်မှုကျဆင်းသွားသည်ဟု စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က Myanmar Now ကို ပြောသည်။

“တောလမ်းလို့ ပြောရမှာပေါ့။ ထို့ကော်ကိုး-ကျော်ခိုလမ်း မြေသားလမ်းကနေ ကုန်သွယ်မှုတွေဆင်းလာတယ်။ ကုန်ကားကြီးတွေ သွားလို့မရဘူး။ တွဲကားတွေ တက်လို့မရဘူး။ ၆ ဘီးကားပဲ သွားလို့ရတဲ့အတွက် အဲ့ဒီမှာ ကုန်သွယ်မှုတွေက သိသိသာသာ ကျဆင်းရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကုန်သွယ်မှုပြန်လည်ချောမွေ့လာရန်၊ ထိုးကော်ကိုးလမ်းပိုင်းကို မိုးတွင်းသွားနိုင်ရန် အတက်ကြမ်းသည့် နေရာများတွင် ကွန်ကရစ်ခင်းမည်ဖြစ်သည်ဟုလည်း စစ်ကောင်စီ၏ ပြည်နယ်စီးပွားရေးဝန်ကြီးက ဆိုသည်။

အာရှလမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ရန် စစ်ကောင်စီလက်အောက်မှ ခွဲထွက်လိုက်သည့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) က အဖွဲ့စုံနှင့် ညှိနှိုင်း၍ တံတားပြင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွား၍ မြဝတီနယ်စပ်ဂိတ်မှ လိုင်စင်ခွင့်ပြုထားသည့် ပို့ကုန်သွင်းကုန်များကို အခြားလမ်းကြောင်းများမှ ပြောင်းလဲကုန်သွယ်ခွင့်ပြုသည်ဟု စစ်ကောင်စီ၏ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီ ၇ တွင် ထုတ်ပြန်ကြေညာသည်။

မြဝတီနယ်စပ်မှ ကုန်သွယ်မှုအခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံ(KNU) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်ထက်တွင် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်သော တရုတ်နှင့် ထိုင်းအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့်နိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယာယီအပစ်ရပ်ထားသော်လည်း တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သည်မှာ နှစ်လနီးပါးရှိလာပြီ ဖြစ်သည်။ ယခုလဆန်းပိုင်းတွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ စတုတ္ထအကြိမ် တွေ့ဆုံပြီး အပစ်ရပ်ကိစ္စ ခိုင်မာရေးနှင့် နယ်စပ်ကုန်သွယ်ရေးပြန်စနိုင်ရန် ဆွေးနွေးခဲ့ကြသော်လည်း ရလဒ်တစ်စုံတစ်ရာ မထွက်ခဲ့ပေ။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က သိမ်းယူထားသည့် မြို့နယ်သုံးခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြန်စနိုင်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ယမန် (မတ် ၆) နေ့တွင် ထုတ်ပြန်သတိပေးထားသည်။​

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားသည်ဟု ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုက ယနေ့ ရေးသားသည်။

ရခိုင်ပြည်နယ်တွင် တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်နေသည့် AA က နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်ပေးနိုင်ရန် စီစဉ်နေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယခုရက်ပိုင်းအတွင်း ပြောသော်လည်း အသေးစိတ်ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

“ကျွန်တော်တို့လက်ထက်မှာကျတော့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိချင်သလို နှစ်ဖက်ပြည်သူတွေအကျိူးရှိမယ့် လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ ULA /AA အနေနဲ့ ပူးပေါင်းလုပ်ကိုင်လိုတဲ့ ဆန္ဒရှိပါတယ်။ အပြည့်အဝလည်း ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ကျွန်တော်တို့ဘက်က ပြင်ဆင်ထားပါတယ်”

တိုက်ပွဲမပြတ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင်လည်း အိန္ဒိယနှင့် နယ်စပ်ကုန်သွယ်မှုရပ်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအရှေ့ဘက်ပိုင်းရှိ အိမ်နီးချင်း လာအိုနိုင်ငံနှင့် ကုန်သွယ်ရန် ကျိုင်လပ်နယ်စပ်ဂိတ် ဖွင့်လှစ်ထားသော်လည်း အမှန်တကယ်ကုန်သွယ်မှု မရှိပေ။

နိုင်ငံအနှံ့တွင် အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံသည့် တိုက်ပွဲများဖြစ်ပွားနေချိန် ကရင်ပြည်နယ်တွင် နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီး သံလွင်မြစ်ကြောင်းတစ်လျှောက် မြန်မာနှင့် ထိုင်းနယ်စပ်ကို KNU/KNLA တပ်များက စိုးမိုးထားကြောင်း KNLA တပ်မဟာ ၂ ဗိုလ်မှူးချုပ် စောဩဂတ်စ်တင်းက ပြောဆိုထားသည်။

မြန်မာနှင့် ထိုင်းနယ်စပ်ကို ကရင်တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်ပါက စစ်တပ်အတွက် ပင်လယ်ရေကြောင်းထွက်ပေါက်သာ ကျန်တော့သည်ဟု စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအကြောင်း စောင့်ကြည့်လေ့လာနေသူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိဘဏ္ဍာနှစ် ၂၀၂၃-၂၄ ဖေဖော်ဝါရီအထိ နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၈၅ သန်းရှိသည်ဟု စစ်ကောင်စီ၏ စီပွားကူးသန်းဝန်ကြီးဌာနက ဆိုသည်။

နယ်စပ်ကုန်သွယ်မှု ပြတ်တောက်နေသော်လည်း နိုင်ငံခြားငွေလိုအပ်နေ၍ ပို့ကုန်တိုးမြှင့်နိုင်ရန်နှင့် ကုန်သွယ်မှု မနှောင့်နှေးရန် ကြိုးပမ်းနေကြောင်း စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ယခုလ ၅ ရက်နေ့က အစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

၂၀၂၃ အောက်တိုဘာမှ ယခုနှစ် ဖေဖော်ဝါရီထိ ပို့ကုန်ကုမ္ပဏီ ၁,၃၀၀ ထံမှ အမေရိကန်ဒေါ်လာ ၂၈၃ သန်း၊ ထိုင်းဘတ် ၈၇၆ သန်းထိရရှိခဲ့ပြီး လာဘ်စားမှုဖြင့် ထောင်ချခံလိုက်ရသည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း တာဝန်ယူထားချိန် ယခင်နှစ် ကာလတူနှင့် ယှဉ်လျှင် တိုးတက်လာသည်ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button