သတင်း

ရှမ်းမြောက်တွင် စစ်ပွဲပြန်စနိုင်ဟု မြောက်ပိုင်းမဟာမိတ်တို့သတိပေး

TNLA နယ်မြေများကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာခြင်းက အပစ်ရပ်သဘောတူညီချက်ကို ထိခိုက်နိုင်ဟု မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။

တအာင်းတပ် TNLA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခြင်းကြောင့် အပစ်ရပ်ရန် သဘောတူထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့ (မတ် ၆) တွင် ကြေညာချက်ထုတ်ကာ သတိပေးလိုက်သည်။

စစ်ကောင်စီသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းဆည်းထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်း မတ်လ ၄  ရက်က ကြေညာခဲ့သည်။

အဆိုပါ စစ်အုပ်ချုပ်ရေး ကြေညာချက်သည် တရုတ်၏ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ၎င်းတို့အကြား ဇန်နဝါရီ ၁၁ ရက်နေ့က သဘောတူထားသည့် ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်သည်ဟု ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရက္ခိုင့်တပ် AA တို့၏ ပူးတွဲကြေညာချက်က ဆိုသည်။

ဟိုင်ဂင်သဘောတူညီချက်တွင် ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ရေး၊ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး၊ စစ်ဘေးသင့်ဒေသပြန်လည်ထူထောင်ရေး၊ ခိုင်မာသည့်အပစ်ရပ်သဘောတူညီမှုရရန် ဆက်လက်ဆွေးနွေးရေးတို့ ပါဝင်သည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

TNLA သည် ၂၀၂၃ အောက်တိုဘာ ၂၇ မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ မိုင်းငေါ့၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင်၊ သိန္နီမြို့တို့ကို စစ်ကောင်စီလက်ထဲမှ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၏ အဆိုပါစစ်အုပ်ချုပ်ရေး ကြေညာချက်သည် ဒေသခံပြည်သူများကို ထိတ်လန့်စေရန် ဆောင်ရွက်ခြင်းဟု PSLF/TNLA ကလည်း ယနေ့တွင် သီးခြားထုတ်ပြန်ချက်ဖြင့် ဝေဖန်ခဲ့ပြီး စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့များအပါအဝင် ၎င်းတို့သိမ်းထားသည့် နယ်မြေများသည် စစ်ရေးအခြေအနေများ တည်ငြိမ်နေပြီဟုလည်း ဆိုသည်။

စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့သည် ဟိုင်ဂင်သဘောတူညီချက် နောက်ဆက်တွဲဆွေးနွေးပွဲအဖြစ် ယခုလအစောပိုင်းက တရုတ်ပြည်တွင် ထပ်မံတွေ့ဆုံခဲ့သည်။

ထိုဆွေးနွေးပွဲအတွင်း MNDAA ကို ကိုးကန့်ဒေသ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရေး၊ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် ရှမ်းမြောက်မှ မြို့များကို စစ်ကောင်စီက တရားဝင်စွန့်လွှတ်ရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် မြောက်ပိုင်းမဟာမိတ်တပ်များ ဦးဆောင်အခွန်ကောက်ခွင့်တို့ကို သဘောတူညီမှု ရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော်လည်း အဆိုပါ သတင်းများကို နှစ်ဖက်စလုံးက သီးခြားအတည်ပြုခြင်း၊ ငြင်းဆန်ခြင်းတို့ကို မပြုလုပ်ခဲ့ပါ။

စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုတို့သည့် တရုတ်အစိုးရနှင့် စစ်ကောင်စီလက်ထဲတွင်သာ ရှိနေသေးသည်ဟု မတ်လ ၄ ရက်နေ့က ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲအတွင်း သဘောတူညီချက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် သဘောတူထားသည့်အတွက် အသေးစိတ်ကို ပြောကြားမည်မဟုတ်ကြောင်းနှင့် ပိုင်နက်နယ်မြေနှင့် နယ်နိမိတ်အချုပ်အခြာအာဏာသည် မပြောင်းလဲသေးဟုလည်း ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button