လေ့လာသုံးသပ်ချက်

စစ်ရှုံးနေသော စစ်ကောင်စီကို အာဆီယံလက်ခံရန် ထိုင်းနှင့်လာအို ပူးပေါင်းကြိုးပမ်း

ကမ္ဘောဒီးယား အလုပ်မဖြစ်ခဲ့သည့် အကူအညီပေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဦးစားပေးသည့် နည်းလမ်းကို ထိုင်းက ပြန်သုံးပြီး စစ်ကောင်စီကို တဖြည်းဖြည်း စည်းရုံးရန် ခြေလှမ်းပြင်နေသည်။

၂၀၂၄ ခုနှစ်၏ ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံမြောက်ပိုင်း ယဉ်ကျေးမှုမြို့ဟောင်း လွမ်ပရာဘမ်မြို့၌ ယခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်၍ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့ပါသည်။ ယခင်နှစ်များကဲ့သို့ပင် ထိုအစည်းအဝေးကို မြန်မာအရေးက လွှမ်းမိုးထားခဲ့သည်ဟု သိရှိရပါသည်။

လာအိုက အလှည့်ကျဥက္ကဋ္ဌတာဝန်စယူသည့် နှစ်ဆန်းမှာပင် ပေါ်ပေါက်လာသော အပြောင်းအလဲတစ်ခုမှာ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များမှာကဲ့သို့ မြန်မာထိုင်ခုံနေရာ လွတ်နေခြင်းမရှိဘဲ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်က နိုင်ငံရေးအရကိုယ်စားမပြုသော ကိုယ်စားလှယ်အဖြစ် ထိုအစည်းအဝေးသို့ တက်ရောက်လာသည်ကို တွေ့ရှိရသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော မြန်မာအရေးဖြေရှင်းရန် “တူညီ ဆန္ဒ ၅ ရပ်” ကို ထိုစဉ်က အစည်းအဝေး ကိုယ်တိုင်တက်ရောက်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူညီခဲ့ပြီးမှ နောက်ပိုင်း အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့သည်။

အဆိုပါ လုပ်ရပ်ကြောင့် မင်းအောင်လှိုင်ကို အပြစ်ပေးအရေးယူရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့ပြီး၊ အာဆီယံထိပ်သီးအစည်းအဝေးများ (ASEAN Summits) နှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ (AMMs) သို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရကိုယ်စားပြုသော ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ နိုင်ငံရေးအရကိုယ်စားမပြုသော ကိုယ်စားလှယ်ကိုသာ လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

အာဆီယံ၏ ထိုဆုံးဖြတ်ချက်သည် အာဆီယံပဋိညာဉ်ပါ တစ်နိုင်ငံ၏ပြည်တွင်းရေးကို အခြားအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားမှုမရှိ တန်းတူဆက်ဆံရေး “မူ” များနှင့် ကိုက်ညီမှုမရှိဟုဆိုကာ စစ်ကောင်စီသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ်နှောင်းပိုင်း ပေါ်ပေါက်လာသော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် အကြီးအကျယ် စစ်ရှုံးနေသော စစ်ကောင်စီ၏ တိုင်းပြည်ထိန်းချုပ်နိုင်စွမ်းကို နိုင်ငံတကာက ကျယ်ကျယ်လောင်လောင် မေးခွန်းထုတ်လာချိန်၊ မင်းအောင်လှိုင်သည် အာဆီယံ၏ ပိတ်ပင်အရေးယူထားသော ဆုံးဖြတ်ချက်အတိုင်း နောက်ဆုံးတွင် ခေါင်းငုံ့လက်ခံလိုက်ရပြီး နိုင်ငံရေးအရကိုယ်စားမပြုသော အမြဲတမ်းအတွင်းဝန်အဆင့် ဝန်ထမ်းအကြီးအကဲတစ်ဦးကို စေလွှတ်ခဲ့သည်။

အာဆီယံအပေါ် စစ်ခေါင်းဆောင်၏ သဘောထားအပြောင်းအလဲသည် အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်ကို လက်ခံ အကောင်အထည်ဖော်ရန်ထက်၊ ပြည်တွင်း၌ ရင်ဆိုင်နေရသော စစ်ရေးနှင့် နိုင်ငံရေး ဖိအားများ ပြင်းထန်လာချိန် နိုင်ငံတကာဆက်ဆံရေးပိုင်းတွင် ဖိအားလျှော့ချရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုအဖြစ် တွေ့မြင်လာရသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တွေ့ရသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု။ (ဓာတ်ပုံ – General Strike Committee )

စစ်ကောင်စီကို အာဆီယံထဲ ပြန်ဆွဲသွင်းရေး ထိုင်းအစိုးရ၏ မြန်မာ့အရေး အဆိုပြုချက်သစ်

လွမ်ပရာဘမ်အစည်းအဝေး၏ နောက်ထပ် ထူးခြားမှုတစ်ခုမှာ ထိုင်းအစိုးရက ဦးဆောင်အဆိုပြုသော ထိုင်းနှင့် မြန်မာ ကြက်ခြေနီအသင်းနှစ်ခု ပူးပေါင်းဆောင်ရွက်ပြီး၊ ထိုင်း-မြန်မာနယ်စပ်တွင် လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ် အကောင်အထည်ဖော်ရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြိုဆိုကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြလာခြင်း ဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် အပိုဒ် ၂၅ တွင် “ထိုင်းနှင့် မြန်မာအကြား နှစ်နိုင်ငံ ကြက်ခြေနီအသင်းများမှတစ်ဆင့် အခြေခံလိုအပ်ချက်ရှိသူများကို ခွဲခြားမှုမရှိဘဲ ထိရောက်သော၊ ယုံကြည်ထိုက်သော၊ ပွင့်လင်းမြင်သာသော လူသားချင်းစာနာမှု အထောက်အပံ့များ မြှင့်တင်ပေးအပ်ရေး အစပျိုးလုပ်ဆောင်မှုကို ကြိုဆိုပါသည်။ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center) အနေဖြင့် ထိုအစီအစဉ်အရ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများကို ပူးတွဲစောင့်ကြည့်လေ့လာသွားရေးကိုလည်း မျှော်လင့်ပါသည်” ဟု ဖော်ပြထားသည်။

သို့သော် ထိုင်းအစိုးရ၏ အဆိုပြုချက်သည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အဓိက တာဝန်ယူကြိုးပမ်းနေသော တူညီဆန္ဒ ၅ ရပ်ကို တိုက်ရိုက်အကောင်အထည်ဖော်ခြင်းမျိုး မဟုတ်ဘဲ၊ တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် လွန်ခဲ့သော ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara နှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့အကြား တွေ့ဆုံဆွေးနွေးရာမှ ပေါ်ထွက်လာသော သဘောတူညီမှုတစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် ထိုင်း၏အဆိုပြုချက်ကို အာဆီယံက ချမှတ်ထားသော တူညီဆန္ဒ ၅ ရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်မည်ဆိုပါက ASEAN Summit သို့ တင်ပြရန်၊ အာဆီယံခေါင်းဆောင်များအားလုံးက သဘောတူရန် လိုအပ်သည်။

လတ်တလောတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ထိုင်း၏အဆိုပြုချက်ကို ကြိုဆိုပြီး၊ အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ကြိုဆိုကြောင်း ထည့်သွင်းဖော်ပြခဲ့သော်လည်း၊ လာမည့် ASEAN Summit တွင် တင်ပြမည်ဟု တုံ့ပြန်ခဲ့သည်။

မြန်မာအရေးဖြေရှင်းရန် ထိုင်း၏ တစ်ကိုယ်တော်ကြိုးပမ်းမှု

ထိုင်းအစိုးရ၏ အဆိုပြုချက်အရ ထိုင်းနှင့်မြန်မာ ကြက်ခြေနီအသင်းများက ဦးဆောင်အကောင်အထည်ဖော်မည့် လူသားချင်းစာနာမှုအကူအညီပေးရေး အစီအစဉ်မှာ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် လုံခြုံ စိတ်ချရသော လူသားချင်းစာနာမှုဇုန် (A safe humanitarian zone) တစ်ခု ဖော်ဆောင်၍ အကူအညီပေးရန် ဖြစ်သည်ဟု Bangkok Post သတင်းစာက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree ၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြထားသည်။

ဝန်ကြီး Parnpree သည် လူသားချင်းစာနာမှု အကူအညီပေးရေးအစီအစဉ်ထူထောင်ရန်အတွက် သင့်လျော်သော မြေနေရာကို လေ့လာကြည့်ရှုရန် ဖေဖော်ဝါရီလ ၈ နှင့် ၉ ရက်နေ့တို့တွင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ကပ်လျက်တည်ရှိသော တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ သွားရောက်မည်ဟု သိရပါသည်။

ထို့ပြင် ဝန်ကြီး Parnpree က ထိုင်း၏အဆိုပြုချက်ကို အာဆီယံ တူညီဆန္ဒ ၅ ရပ်နှင့် ချိတ်ဆက်ထားမှုအကြောင်း ရှင်းလင်းပြောကြားရာတွင် “လူသားချင်းစာနာမှု အထောက်အပံ့သည် အာဆီယံတူညီဆန္ဒများထဲမှ တစ်ချက်ဖြစ်ပြီး၊ ထိုအချက်မှ စတင်၍ အကောင်အထည်ဖော်လျှင် ပြဿနာများကို ဖြေရှင်းရန် အခြားအချက်ဆီသို့ ဦးတည်သွားပါလိမ့်မည်” ဟု ဆိုသည်။ 

ထို့ပြင် ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကလည်း “ထိုင်းနိုင်ငံက အဆိုပြုသော လူသားချင်းစာနာမှုအကူအညီပေးရေးကို စစ်ကောင်စီသည် အစပြုလုပ်ဆောင်လာခြင်းဖြင့် အာဆီယံအသင်းကြီးထဲ ပြန်လည်ပါဝင်လာပြီး၊ အဆင့်မြင့်ဆွေးနွေးပွဲ (High-level Dialogue) များအထိ ပါဝင်လာရန် ထိုင်းနိုင်ငံက မြင်တွေ့လိုသည်၊ သို့သော် စစ်ကောင်စီဘက်က အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သည်” ဟု ထိုင်းအစိုးရ၏ မြန်မာ့အရေး အဆိုပြုချက်သစ် နောက်ကွယ်မှ ရည်ရွယ်ချက်ကို Bangkok Post ကို ထုတ်ဖော်ပြောဆိုထားသည်။

ထို့ကြောင့် ထိုင်းအစိုးရ၏ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် အဆိုပြုချက်သစ်သည် ကမ္ဘောဒီးယားအစိုးရ မအောင်မြင်ခဲ့သော နည်းလမ်းကို ထပ်မံကြိုးပမ်းခြင်း ဖြစ်သည်။

၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်က အာဏာသိမ်းခေါင်းဆောင်ကို နေပြည်တော်သို့ သွားရောက် တွေ့ဆုံကာ အာဆီယံဘုံသဘောတူညီမှုများ လိုက်နာရန် နားချခဲ့သည် (ဓာတ်ပုံ – EPA/EFE)

၂၀၂၂ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ကမ္ဘောဒီးယားက တူညီဆန္ဒ ၅ ရပ်ကို “တစ်ဆင့်ပြီး တစ်ဆင့်” အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ပြီးဖြစ်သည်။ ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မအောင်မြင်ခဲ့ရုံမက အရှုံးပြသွားသည်ဟု ဆိုနိုင်သည်။ ဒေသတွင်း ထိပ်တန်းခေါင်းဆောင်များ ၎င်းတို့နှင့် လာရောက် ထိတွေ့ဆက်ဆံကြောင်း စစ်ကောင်စီက ဝါဒဖြန့်နိုင်ခဲ့သည်။

သို့သော် ကမ္ဘောဒီးယားနှင့် ကွာခြားချက်မှာ ထိုင်းသည် မြန်မာနှင့် နယ်စပ်ချင်း ရှည်လျားစွာထိစပ်နေသည့်အပြင်၊ နယ်စပ်တစ်လျှောက် မြန်မာဘက်အခြမ်း နယ်မြေအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယခုအခါ မည်သည့်အချိန်ကာလနှင့်မျှ မတူသော နယ်စပ်ဒေသ နယ်မြေများကို ကျယ်ပြန့်စွာ ထိန်းချုပ်စိုးမိုးထားခြင်းဖြစ်သည်။

ထိုနယ်မြေများ ပြန်လည်ရရှိရေး စစ်ကောင်စီက ထိုးစစ်ဆင်လာသည့်အခါ တိုက်ပွဲပြင်းထန်သည့်အချိန်မျိုးတွင် စစ်ပြေးဒုက္ခသည်များ မကြာခဏ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနယ်မြေထဲ ဝင်ရောက်ခိုလှုံလေ့ရှိသည်။ ထိုအခြေအနေကို ထိုင်းအစိုးရက တဖြည်းဖြည်း ပို၍စိုးရိမ်လာပြီး မြန်မာဘက်က စစ်ပြေးဒုက္ခသည်များ ထိန်းမနိုင်အောင် အတားအဆီးမရှိ ဝင်ရောက်လာမည့်အရေး ကာကွယ်ရန် ယခုလို ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။

မြန်မာ့ပြဿနာ၏ ဆိုးကျိုးကို ထိုင်းနိုင်ငံက အများဆုံးတိုက်ရိုက်ခံစားနေရသဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးမှုများတွင် ထိုင်းနိုင်ငံက ဦးဆောင်သင့်သည်ဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ဖူးသည်။

သို့သော် အာဆီယံ၏ တူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်ခြင်းမှာ အာဆီယံ၏ ချဉ်းကပ်ပုံနည်းလမ်း မှားယွင်းမှုကြောင့် မဟုတ်ဘဲ၊ စစ်ကောင်စီက အဓိကပြဿနာ ဖြစ်နေသောကြောင့်ပင်။

လက်ရှိအချိန်ထိ စစ်ကောင်စီသည် တူညီဆန္ဒ ၅ ရပ်ထဲမှ လူသားချင်းစာနာမှုအကူအညီပေးရေး အချက်ကို ၎င်းတို့က အပြည့်အဝထိန်းချုပ် စီမံခန့်ခွဲရန်နှင့် မည်သည့် ပြင်ပစောင့်ကြည့်လေ့လာမှုကိုမျှ လက်မခံဆိုသည့် တင်းမာသောသဘောထားဖြင့် အာဆီယံ AHA Center ထံမှ အထောက်အပံ့များ လက်ခံရယူပြီး၊ တူညီဆန္ဒ ၅ ရပ်၏ ကျန်အချက်များကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုအဖြစ် လက်မခံငြင်းဆန်နေခြင်း ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ကွဲလွဲနေသော ထိုင်း၏ အဆိုပြုချက်သစ်

လွမ်ပရာဘမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး နောက်တစ်နေ့၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်ဒိုနီးရှား အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ရရှိခဲ့သော ရလဒ်များကို လာအိုအလှည့်ဥက္ကဋ္ဌ လက်ထက်တွင် ဆက်လက်အကောင်အထည်ဖော်သွားရန် ထိုအစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ယခင်နှစ် အင်ဒိုနီးရှားအလှည့်ကျဥက္ကဋ္ဌလက်ထက် မြန်မာအရေး ဆောင်ရွက်ခဲ့သမျှ မှတ်တမ်းအားလုံးကို ယခုနှစ်အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် “တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုကို အဟန့်အတား သို့မဟုတ် ပြောင်းပြန် ဖြစ်စေမည့် မည်သည့် အခြားလုပ်ဆောင်ချက်မျိုးမှ မမျှော်လင့်ပါ” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က သတိပေးထားသည်။

အင်ဒိုနီးရှား၏ သတိပေးထောက်ပြချက်သည် အကြောင်းရှိပါသည်။ ယခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Don Pramudwinai သည် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ၊ စစ်ကောင်စီနှင့် တစ်ကိုယ်တော် တွေ့ဆုံဆွေးနွေး လုပ်ဆောင်နေမှုများအပေါ် ထိုစဉ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက သတိပေးခဲ့ရဖူးသည်။

နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထိုင်းအစိုးရသစ်ထံ လွှဲပြောင်းပေးရမည့် ရက်ပိုင်းသာလိုသည့် အချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Don ကို စစ်ကောင်စီက နေပြည်တော်သို့ နေ့ချင်းပြန်ခေါ်ယူ၍၊ အထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ပြတွေ့ဆုံခွင့်ပေးခဲ့ပြီး၊ အာဆီယံခေါင်းဆောင်များ၏ သဘောထားပြောင်းလဲရန် သွေးတိုးစမ်းခဲ့ဖူးပြီး၊ ဝန်ကြီးဟောင်း Don သည် စစ်ကောင်စီ၏ အသုံးချခံ ဖြစ်ခဲ့သည်။

သို့သော် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားအပါအဝင် အာဆီယံကို စတင်ထူထောင်ခဲ့ကြသော စင်ကာပူ၊ မလေးရှား စသည့် နိုင်ငံများက အာဆီယံတစ်ဖွဲ့လုံး၏ စည်းလုံးညီညွတ်စွာ ဆုံးဖြတ်ချက်ဖြင့်သာ မြန်မာအရေး ဖြေရှင်းရန် “မူ” ချမှတ်ထားပြီး၊ အဖွဲ့ဝင်တစ်နိုင်ငံက ကိုယ့်သဘောဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုသည် အာဆီယံ၏ ညီညွတ်ရေးကို ထိခိုက်စေရုံမျှမက၊ မြန်မာအရေးဖြေရှင်းရန် ကြိုးပမ်းမှုများကိုလည်း အားနည်းသွားစေလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဝန်ကြီးဟောင်း Don ၏ ကြိုးပမ်းမှုကို အာဆီယံကြေညာချက်များတွင် ထည့်သွင်း အသိအမှတ်ပြုခြင်းပင် မပြုလုပ်ခဲ့ကြပါ။

ထို့ဖြစ်စဉ်ဖြစ်ရပ်များကြောင့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များသည် တူညီဆန္ဒ ၅ ရပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို အခိုင်အမာလုပ်ဆောင်ထားခဲ့ကြသည်။

အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ထဲ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး ဆုံးဖြတ်ချက်မှာ တူညီဆန္ဒ ၅ ရပ်ကို တစ်စုံလုံး အကောင်အထည်ဖော်ရန် (Implement Five-Point Consensus in its entirety) ဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ၏ စစ်ကောင်စီနှင့် နှစ်ဦးနှစ်ဖက်တည်း ပူးပေါင်းအကောင်အထည်ဖော်မည့် အဆိုပြုချက်အသစ်မှာ ထိုဆုံးဖြတ်ချက်နှင့် သွေဖည်လျက် ရှိနေသည်။

ထို့ကြောင့် ထိုင်း၏ကြိုးပမ်းမှုသည် ဝန်ကြီး Parnpree ခေါ်ဆိုသကဲ့သို့ Thai Initiative ဖြစ်လာမည်လား၊ လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး၊ ထိုင်းအဆိုပြုချက်ကို လက်ခံ၍ တူညီဆန္ဒ ၅ ရပ်ကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ရန် လက်ခံသဘောတူမည်လား စောင့်ကြည့်ရပေလိမ့်မည်။

အကယ်၍ အာဆီယံထိပ်သီးခေါင်းဆောင်များသည် ၎င်းတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသော တူညီဆန္ဒ ၅ ရပ်ကို တစ်စုံတစ်ရာ တိုးတက်မှုရှိနေကြောင်း ပြသနိုင်ရန်အလို့ငှာ ထိုင်း၏ အဆိုပြုချက်ကို လက်ခံလိုက်ပါက အာဆီယံအတွက် ရှက်ဖွယ်အလီလီ ဖြစ်လာပါလိမ့်မည်။

Show More

Related Articles

Back to top button