
မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းတွင် ထိန်းထားသည့် လူငယ်နှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ သင်တန်းကျောင်းမှ ဝန်ထမ်းငါးဦးကို လူသတ်မှုဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ယနေ့ (ဩဂုတ် ၂၉) ညနေပိုင်းတွင် ပြောကြားသည်။
“ငါးယောက်တော့ ဖမ်းထားတယ်။ ဝန်ထမ်းငါးယောက်ပေါ့။ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတယ်။ မနေ့ကတည်းက ဖမ်းထားတာပါ။ တချို့အချက်တွေကတော့ ပြောလို့ မရသေးပါဘူးဗျ” ဟု အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းလေးက ပြောသည်။
အဆိုပါလူငယ်သင်တန်းကျောင်းမှ ကျောင်းသားနှစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ အမှတ် ၂ နယ်မြေရဲ စခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး အမှတ် ၈ နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် သီးခြားစီအမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း Myanmar Now ကို အတည်ပြုသည်။
“အမှတ် ၂ ကတော့ ကျူးလွန်သူက တစ်ယောက်ထက်ပိုတယ်လို့ ယူဆတဲ့အတွက် ပုဒ်မ ၁၁၄ ထည့်ထားတာပါ။ အမှတ် ၈ ကတော့ စစ်ဆေးပေါ်ပေါက်တာမှာ တစ်ယောက်တည်းလို့ ယူဆပုံပေါ်ပါတယ်။ ဒါအဲကြောင့် မထည့်ထားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် အသေးစိတ် မသိသေးပါဘူး။ တစ်ခုရှိတာက ဒီပုဒ်မတွေတပ်တာကလည်း ကနဦးတပ်ထားတာပါ။ တရားရုံးစွဲတင်ပြီးရင် ဥပဒေအကြံပေးလာတဲ့အတိုင်း ဖြစ်သွားပါ” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ပြောသည်။
ရင်ခွဲစစ်ဆေးချက်အရ လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်ဆဲကိစ္စဖြစ်သည့်အတွက် အသေးစိတ်ပြောလို့ မရသေးဘဲ အများပါနေသောကိစ္စမို့ ပြောဖို့ခက်သည်ဟုလည်း ၎င်းက ပြောသည်။
မူလက သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးခဲ့သော်လည်း ရင်ဘတ်၊ ဦးခေါင်းနှင့် ဝမ်းဘိုက်တို့တွင် ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် လူသတ်မှုဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းထားသည့် လူငယ်ငါးဦးမှာ ဇူလိုင်လ ၃၁ ရက်တွင် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်ခဲ့ဖမ်းခဲ့ပြီးနောက် လူငယ်နှစ်ဦးမှာ ယခုလဆန်းပိုင်းတွင် ရက်ခြား သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါလူငယ်နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ဌာနတွင်းစစ်ဆေးရေးအဖွဲ့များအပြင် တိုင်းဒေသကြီးအစိုးရအဆင့်နှင့် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့များအပြင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
လူငယ်နှစ်ဦးသေဆုံးခဲ့ခြင်းမှာ ကျောင်းသားအချင်းချင်းရိုက်နှက်မှုကြောင့်ဖြစ်သည်ဆိုသော ကျောင်းတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အပေါ် သေဆုံးသူလူငယ်များ၏ မိသားစုဝင်များက ကျေနပ်မှုမရှိခဲ့ပေ။
မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်ရှိ အဆိုပါလူငယ်သင်တန်းကျောင်းတွင် လက်ခံသင်ကြားပေးနေသည့် ကျောင်းသားဦးရေ ၄၉၆ ဦးရှိပြီး ဝန်ထမ်းအင်အား ၂၅ ဦးသာ ရှိပြီး လူငယ်များထွက်ပြေးသည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်ပြီး ဝန်ထမ်းအင်အားနည်းပါးချိန် ဖြစ်သည်ဟုလည်း ကျောင်းအုပ်ဖြစ်သူက ပြောကြားခဲ့သည်။