သတင်း

စစ်ရှောင်စခန်းမှ ၂၈ ဦး သေဆုံးမှု စစ်ကောင်စီလက်ချက်ဟု HRW ပြော

KIA ဌာနချုပ်အနီး ဒုက္ခသည်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခြင်း ဖြစ်သည်ဟု HRW လူ့အခွင့်အရေးအဖွဲ့က ပြောသည်။ အနီးရှိ AA ၏ စခန်းလည်း တိုက်ခိုက်ခံရပြီး တပ်သား ၁ ဦး သေဆုံးသည်။

အရပ်သား ၂၈ ဦး သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကို သုတေသနပြုလုပ်ဆန်းစစ်ခဲ့ရာ စစ်ကောင်စီ၏ တိုက်ခိုက်မှုဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း Human Rights Watch – HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် ထုတ်ပြန်သည်။

မျက်မြင်သက်သေ ၅ ဦး၏ ထွက်ချက်၊ တိုက်ခိုက်မှုအပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ရုပ်သံမှတ်တမ်းများကို လေ့လာဆန်းစစ်ရာတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ကနဦးပြုလုပ်ပြီးမှ မြေပြင်မှ အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နယူးယော့ခ်အခြေစိုက် HRW အဖွဲ့က ဆိုသည်။

ရာဇ၀တ်မှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် စစ်ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကျူးလွန်ခြင်း သို့မဟုတ် အမိန့်ပေးခြင်းသည် စစ်ရာဇ၀တ်မှုမြောက်သည်၊ စစ်ရေးပစ်မှတ်များမရှိဘဲ ဥပဒေမဲ့တိုက်ခိုက်မှုများသည် မဆင်မခြင်လုပ်ရပ်ဖြစ်သည်ဟုလည်း HRW က ဆိုသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အခြားနိုင်ငံများသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများနှင့် လေယာဉ်ဆီ ရောင်းချမှုကို ကန့်သတ်ခဲ့ကြသော်လည်း ထိရောက်သည့်ဖိအားပေးမှုများပြုလုပ်ရန် HRW က တောင်းဆိုထားသည်။

လန်ဒန်အခြေစိုက် Amnesty International – AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လေ့လာနေသည့် လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်သည်။

အောက်တိုဘာ ၉ ညသန်းခေါင်ယံတွင် တရုတ်နိုင်ငံနှင့် ချောင်းတစ်ခုသာ ခြားသည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်အကွာမှ မုန်လိုင်ခက်စခန်း တိုက်ခိုက်ခံခဲ့ရမှုသည် စစ်တပ်က အရပ်သားများကို အလေးမထားကြောင်း ပြသနေခြင်းဖြစ်သည်ဟုလည်း AI အဖွဲ့မှ ပဋိပက္ခတုံ့ပြန်ရေးအစီအစဉ် ဒါရိုက်တာ Matthew Wells က ယခုလ ၁၃ ရက်တွင် ပြောဆိုထားသည်။

“မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေကို ကမ္ဘာက သတိပြုရမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်နေတာကြောင့် လေယာဉ်လောင်စာဆီ ထောက်ပံ့မှုအပါအဝင် လက်နက်ကုန်သွယ်မှုကို ပိတ်ဆို့ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်” ဟု Matthew Wells က ပြောသည်။

မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုပိတ်ပင်ရန်အပြင် နိုင်ငံတကာရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးရန် ထိုအဖွဲ့၏  အောက်တိုဘာ ၁၃ ရက်နေ့ထုတ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်လိုင်ခက်ရွာကို စစ်ကောင်စီက တိုက်ခိုက်ရာတွင် ၁၂၀ မမ လက်နက်ကြီးများအပြင် နည်းပညာမြင့် မောင်းသူမဲ့ဒရုန်းများပါ အသုံးပြုခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ခန့်မှန်းထားသည်။

တိုက်ခိုက်မှုက မုန်လိုင်ခက်စစ်ရှောင်စခန်း၏ အနောက်ဘက် ၆ ကီလိုမီတာ (၄ မိုင်) ခန့်တွင် ရှိသည့် ခါရာတောင်နှင့် ဘွမ်ရယ်တောင်ပေါ်တို့ရှိ စစ်ကောင်စီတပ်စခန်းတို့မှ လာသည်ဟုလည်း ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောထားသည်။

သို့သော် စစ်ကောင်စီကမူ ထိုဖြစ်စဉ်သည် မုန်လိုင်ခက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၁ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သိုလှောင်ရုံထဲတွင် KIA ခေါင်းဆောင်များနှင့် ဒေါ်အားလီ (အားလီကျဲ) ဆိုသူတို့ ပိုင်ဆိုင်သည့် အမိုနီယမ်နိုက်ထရိတ် (ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ ထားရှိကြောင်း စစ်ကောင်စီထုတ်ပြန်ချက်က စွပ်စွဲထားပြီး မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ထောက်လှမ်းရေးသတင်းကို ၎င်းတို့၏ အမာခံသတင်းပေးများနှင့် မြေပြင်သတင်း ဖော်ထုတ်ချက်များမှတစ်ဆင့် ရရှိသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

မုန်လိုင်ခက်ရွာသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိပြီး စစ်ဘေးရှောင်များနှင့် နယ်ခံရွာသားများ ရောနှောနေထိုင်သည့် နေရာတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံနှင့် ကူးလူးဆက်ဆံရာတွင် အချက်အချာကျပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ကတည်းက တည်ထားသည့်ရွာတစ်ခုလည်းဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့ညက မုန်လိုင်ခက်ရွာ တိုက်ခိုက်ခံရချိန်တွင် ရက္ခိုင့်တပ်တော် (AA) ၏ တပ်စခန်းတစ်ခုလည်း လက်နက်ကြီးနှင့် ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရသွားသည်။ 

တပ်စခန်းသည် အဆိုပါရွာနှင့် မိုင်အနည်းငယ် ဝေးကွာသည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button