အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လိုင်ဇာရှိ AA စခန်း လက်နက်ကြီးထိ၊ တစ်ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရသည့်တစ်ချိန်တည်းမှာပင် ထိုမြို့ရှိ ရက္ခိုင့်တပ်တော်(AA) ၏ တပ်စခန်းတစ်ခုလည်း ပစ်ခတ်ခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရခဲ့သည်။ 

အောက်တိုဘာ ၉၊ ည ၁၁ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါ တပ်စခန်း   ထိခိုက်ခဲ့ကြောင်း AA ပါဝင်သည့် မြောက်ပိုင်းညီနောင်အဖွဲ့ သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်သည်။ 

စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး AA သို့ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးသဖြင့် အသေးစိတ်မသ်ိရသေးပေ။ 

တရုတ်နိုင်ငံနှင့် နီးကပ်စွာ တည်ရှိသည့်၊ ဒုက္ခသည်များ နေထိုင်သည့် မုန်လိုင်ခတ်စခန်းကို တိုက်ခိုက်မှုတွင်  ကလေး ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံး၊  ၅၄ ဦး  ဒဏ်ရာရသွားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မုန်လိုင်ခက်စခန်းသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူလူထုများ ခိုလှုံနေထိုင်ကြသော စစ်ဘေးရှောင်စခန်းတစ်ခုသာဖြစ်သည်ဟု  TNLA (တအာင်းတပ်မတော်)၊ MNDAA (ကိုးကန့်တပ်မတော်) နှင့် AA တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့က ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ဤကဲ့သို့ လုပ်ရပ်များမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခြင်းများပင်ဖြစ်သည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများ သေဆုံးသွားရခြင်းအတွက်  များစွာဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနှင့် အမှန်တရားရရှိရေးတို့အတွက် မိမိတို့အနေဖြင့် ကချင်ပြည်လူထု၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် တစ်သွေးတည်း၊ တစ်သားတည်းရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

မိုခါမုန်တိုင်းကယ်ဆယ်ရေးအတွက် ရောက်ရှိနေသော AA တပ်ဖွဲ့ဝင်တစ်ဦး။

ရခိုင်ပြည်နယ်ပြင်ပ AA စခန်းများ တိုက်ခိုက်ခံရခြင်း

စစ်တပ်နှင့် ၂၀၁၈ မှ ၂၀၂၀ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည့် AA သည် ယမန်နှစ်ကလည်း တိုက်ပွဲ လအနည်းငယ်ကြာ ပြန်ဖြစ်ခဲ့သည်။ ၂၀၂၂ နိုဝင်ဘာမှစ၍ နှစ်ဖက် အပစ်ရပ်နိုင်ခဲ့သော်လည်း ထိုအပစ်ရပ်သဘောတူညီချက်မှာ ရခိုင်ပြည်နယ်အတွင်းသာ အသက်ဝင်နေသည်ကို တွေ့ရသည်။

ယခုနှစ် စက်တင်ဘာ ၂၈ နံနက်ကလည်း စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ မုန်လိုင်ခက်စခန်းအတွင်း ကျရောက်ပေါက်ကွဲကာ AA ဗိုလ်ကြီး တစ်ဦးသေဆုံးကာ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့ကြောင်း AA က ပြောခဲ့ဖူးသည်။ 

အာဏာသိမ်းစစ်တပ်က KIA နယ်မြေကို ထိုးစစ်ဆင်လာချိန်တွင် ထိုနယ်မြေရှိ AA တပ်များလည်း စစ်ပွဲတွင် ပါဝင်လာသည်။

အလားတူ ၂၀၁၄ နိုဝင်ဘာအတွင်း လိုင်ဇာရှိ KIA ၏ သင်တန်းကျောင်းကို စစ်တပ် က လက်နက်ကြီးနှင့် ပစ်ခတ်စဉ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဗိုလ်လောင်းတချို့ သေဆုံးခဲ့ရာ ထိုအထဲတွင် AA ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။ 

၂၀၂၂ ဇူလိုင်အတွင်းကလည်း ထိုင်း – မြန်မာနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၅) နယ်မြေဖြစ်သော ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ AA စခန်းတစ်ခု လေကြောင်းမှ ဗုံးကြဲခံရပြီး တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ သည်။

 အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်အကြီးအကဲ ဖြစ်လာသည့် ကာလတွင် AA သည် တဖြည်းဖြည်း  အင်အားကြီးထွားလာပြီး ရခိုင်ပြည်နယ်အတွင်း အဓိက အခြေစိုက်လှုပ်ရှားလျက် ရှိသည်။

KNU နယ်မြေတွင် AA က အခြေစိုက်သလို KIA တွင်လည်း ယာယီဌာနချုပ် တည်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button