သတင်း

ကချင်ဒေသ AA စခန်းထဲ လက်နက်ကြီးကျ၊ ဗိုလ်ကြီးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ဗိုလ်ကြီးတစ်ဦး သေဆုံးကာ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂၈) နံနက် ၁၀ နာရီခန့်က ခါယာတောင်ကြောတွင် အထိုင်ချထားသည့် စစ်ကောင်စီ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ခိုင်သုခက ဆိုသည်။

“ရက္ခိုင့်တပ်တော်ရဲ့ မုန်လိုက်ခတ်စခန်းအတွင်းမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာရှိတယ်၊ အဲဒီလက်နက်ကြီးကျရောက် ပေါက်ကွဲတဲ့အတွက်ကြောင့် ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲဘော်တချို့ ဒဏ်ရာရတာ ရှိတယ်။ အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးတစ်ယောက်ကတော့ ညနေ ၄ နာရီလောက်မှာ ဆုံးသွားတယ်” ဟု သူက ဆိုသည်။

မုန်လိုက်ခတ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကချင်လွတ်မြောက်ရေးတပ် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် AA နှင့် အဆက်အသွယ်မရသည့်အတွက် ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးဟု ပြောသည်။

စစ်ကောင်စီ စခန်းရှိသည့် ခါယာတောင်မှာ လိုင်ဇာမြို့၏ အနောက်ဘက် ၄ မိုင်ဝန်းကျင်ခန့်အကွာတွင် ရှိပြီး မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး၏ အရှေ့ဘက်တွင် ရှိသည်။

AA သည် ရခိုင်ပြည်နယ်တွင် အဓိက လှုပ်ရှားသော်လည်း စခန်းတချို့ကို အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများတွင် အခြေစိုက်ထားသည်။

စစ်ကောင်စီတပ်က ဇူလိုင်လဆန်းမှစတင်ကာ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်ရှိ နမ်ဆန်ယန်ရွာအနီးသို့ စစ်အင်အား ၁,၀၀၀ ခန့် ပို့ဆောင်ပြီး KIA ဌာနချုပ် လိုင်ဇာမြို့ဘက်ကို ထိုးစစ်ဆင်နေရာ ကချင်ပြည်နယ်ရှိ AA တပ်နှင့်လည်း ရင်ဆိုင်ခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ် ရောက်လာသည့်အခါ ပစ်ခတ်မှု ဖြစ်ပွားသည်ဟု ခိုင်သုခက ဆိုသည်။

“ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ ယာယီဌာနချုပ်ကလည်းပဲ လိုင်ဇာမှာရှိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ စစ်ရေးလိုအပ်ချက်အရ တပ်နေရာချထားမှုတွေ၊ တပ်ဖြန့်ကြက်ထားမှုတွေရှိတယ်။ အဲဒီမှာ တစ်ခါတလေ မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့ရှိတဲ့ နေရာတွေကို ဝင်ရောက်လာတဲ့အခါကျရင် ထိပ်တိုက်တွေ့မှုတွေ၊ တိုက်ပွဲဖြစ်ပွားမှုတွေကတော့ ရှိတယ်” ဟု ခိုင်သုခက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါ။

AA သည် စစ်တပ်နှင့် ၂၀၁၈ မှ ၂၀၂၀ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ယမန်နှစ်ကလည်း လအနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်၊ ထို့နောက် နှစ်ဖက် အပစ်ရပ်နိုင်ခဲ့သော်လည်း ထိုအပစ်ရပ်ထားခြင်းမှာ ရခိုင်ပြည်နယ်အတွင်းသာ အသက်ဝင်နေသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်က ရပ်ကွက်ကျေးရွာများတွင် AA နှင့် ဆက်စပ်သူများကို ဝင်ရောက်ရှာဖွေခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ AA ထိန်းချုပ်နယ်မြေများသို့ ဝင်ရောက်ခြင်းတို့ကြောင့် စစ်ရေးတင်းမာနေသည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်များက ယခုလအတွင်း ကျောက်တော်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားလျှင် ပုန်းခိုနေနိုင်ရန် ဗုံးခိုကျင်းတူးထားရန် ညွှန်ကြားထားသောကြောင့် တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများနှင့် ရခိုင့်နိုင်ငံရေးအကဲခတ်များက ခန့်မှန်းထားကြသည်။

၂၀၂၂ ခုနှစ် ဇူလိုင် ၄ ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ဖာပွန်နယ်မြေတွင် ရှိသည့် AA တပ်စခန်းတစ်ခုကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုအပြီး တစ်လခန့်အကြာတွင် ရခိုင် ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပွားပြီးနောက် နိုဝင်ဘာတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အပစ်ရပ်စဲထားရာမှ ယခု စစ်ရေးအခြေအနေ ပြန်လည်တင်းမာလာသည်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ အနည်းငယ်ပေါ်ပေါက်ခဲ့သော်လည်း လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုများ မရှိခဲ့ပေ။ သို့သော် AA က စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ရန် ငြင်းဆန်ထားသည်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (ရန်ကုန်) ၏ ကျောင်းသားလက်ရုံးတပ်တော်၊ လူထုတော်လှန်ရေးမဟာမိတ် (PRA-Magway)၊ မတ္တရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ကို AA က လက်နက်ကူညီမှု၊ သင်တန်းပို့ချမှု စသည့် စစ်ရေးဆိုင်ရာ အထောက်အပံ့များ ပေးနေသည်။

ကချင်ပြည်နယ် KIA နယ်မြေတွင် စတင် ဖွဲ့စည်းခဲ့သည့် AA တွင် လက်နက်ကိုင်အင်အား သုံးသောင်းဝန်းကျင် ရှိနိုင်သည်ဟု လေ့လာသူတို့က ခန့်မှန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button