
ထိုင်း – မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ၎င်းတို့စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက်သည့်အပေါ် လက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် တပ်မဟာ (၅) နယ်မြေအတွင်းရှိ AA စခန်းကို စစ်တပ် က ယမန်နေ့ (ဇူလိုင် ၄) မွန်းတည့်ချိန်တွင် ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့အချို့ သေဆုံးကာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသည်ဟု AA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်အပေါ် အသေးစိတ်စုံစမ်းလေ့လာနေသည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယမန်နေ့ညပိုင်းတွင် Myanmar Now ကို ပြောသည်။
“အခုလိုလာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာဟာ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာလား။ ဘာကြောင့် အခုလိုမျိုး ဗုံးကြဲတိုက်ခိုက်သလဲဆိုတဲ့ ကိစ္စကိုတော့ အသေးစိတ် စုံစမ်းလေ့လာနေတာတော့ ရှိတယ်ဗျ။ အခြေအနေအပေါ်မူတည်ပြီးတော့မှ လိုအပ်ရင်လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်ပါတယ်”
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၂၀ မှ ၃၀ နှစ်အတွင်းရှိ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကြောင်း AA က ယနေ့ (ဇူလိုင် ၅) သတင်းထုတ်ပြန်သည်။
သေဆုံးသူများမှာ ရသေ့တောင်မြို့နယ်မှ အသက် ၃၁ နှစ်အရွယ် တပ်သားကျော်ဦးလှိုင်နှင့် ၂၉ နှစ် အရွယ် တပ်သားနေဇော်ဦး၊ ပုဏ္ဏာကျွန်းမြို့နယ်မှ ၂၆ နှစ်အရွယ် တပ်သားကျော်ဆန်းဌေး၊ ကျောက်တော်မြို့နယ်မှ ၂၀ အရွယ် တပ်သားဘိုသန်းကျော်၊ မြေပုံမြို့နယ် ၂၀ အရွယ် တပ်သားဇာနည်ဝင်း၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှ ၂၄ နှစ်အရွယ် တပ်သားထွန်းထွန်းလင်းတို့ဖြစ်သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဗုံးကြဲတိုက်ခိုက်ခံရစဉ် ထိခိုက်ပျက်စီးသည့် အဆောက်အအုံများတွင် ဆေးရုံနှင့် စက်ချုပ်ရုံ ပါဝင်ကြောင်းလည်း AA ၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်က ဆိုသည်။

ယမန်နေ့တွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် နှစ်စီးသည် ၎င်းတို့တပ်စခန်းကို ဗုံးကြဲတိုက်ခိုက် ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်း ဝင်ရောက်သွားခဲ့ကြောင်း AA ဘက်က ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။
ပြီးခဲ့သော သီတင်းပတ်အတွင်း မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းအနီးရှိ စစ်တပ် ခြေကုတ်စခန်းကို KNU လက်အောက်ခံ ပူးပေါင်းတိုက်ခိုက်စဉ် စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းလေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
ထိုသို့ လေပိုင်နက် ဖြတ်ကျော်ဝင်ရောက်မှုအပေါ် မြန်မာစစ်တပ်က တောင်းပန်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြသည်။
၂၀၀၉ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တည်ထောင်ခဲ့သော AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တွင် အခြားလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများရှိသည်ဟု သိရသည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ် လိုင်ဇာရှိ KIA စစ်သင်တန်းကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ဗိုလ်လောင်းများအပါ အဝင် ၂၀ ကျော် သေဆုံးသည့်အနက် AA တပ်ဖွဲ့ဝင် ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)