သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်နေ

နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ရှိသည့် ခလယ်တံခွန်တိုင်ရွာဘက်သို့ စက်တင်ဘာ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ် ဝင်လာပြီးနောက်ပိုင်း ထိုဒေသတွင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဆက်တိုက်ဖြစ်နေသည်။

ကရင်ပြည်နယ်နှင့် ကပ်လျက် မွန်ပြည်နယ် မုဒုံ-ဘုရားငါးဆူ-တံခွန်တိုင် ကားလမ်းပိုင်းမှတစ်ဆင့် စစ်သား၊ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအင်အား ၁၀၀ ခန့် ရောက်လာပြီး ထိုဒေသတွင် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ကို ဝါရင့်တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးအင်အားစုများက ခုခံနေကြခြင်းဖြစ်သည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယနေ့တွင် ရဲစခန်းရှိသည့် တံခွန်တိုင်ရွာဘက်သို့ သွားလိုသည့် စစ်ကောင်စီတပ် ရှေ့တိုးမလာသေးသဖြင့် တိုက်ပွဲငြိမ်သက်နေကြောင်း စုံစမ်းသိရှိရသည်။

ရင်ဆိုင်တိုက်ပွဲများတွင် ပါဝင်သည့် နဂါးနီစစ်ကြောင်း တာဝန်ရှိသူ အမျိုးသားတစ်ဦးက စစ်ကောင်စီတပ်ကလည်း အသင့်ပြင်ထားသည်ကို တွေ့ရကြောင်း ပြောသည်။

“နှစ်ဖက်စလုံးက အသင့်အနေအထားပဲ၊ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်မယ့် အနေအထားပါ” ဟု သူက ပြောသည်။

နဂါးနီစစ်ကြောင်းကို KNLA တပ်ရင်း (၁၆) က ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာဘက်သို့ စက်တင်ဘာ ၁၄ ရက်တွင် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – KNU

စစ်ကြောင်းစဝင်သည့်နေ့တွင် တိုက်ပွဲပြင်းထန်သဖြင့် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးသလို တော်လှန်ရေးတပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီစစ်ကြောင်းက စက်တင်ဘာ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ရောက်လာသည့် ဒေသသည် ဝင်းရေးမြို့နယ်ဟု ခေါ်ဆိုသည့် KNU တပ်မဟာ (၆) နယ်မြေအတွင်းဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခလယ်ရွာလေးနှင့် ခလယ်ရွာကြီးတို့တွင် ခြေကုပ်ယူထားပြီး အနီးရှိ တံခွန်တိုင်ရွာရဲစခန်းသို့ စစ်ကူ၊ ထောက်ပို့ရန် ကြိုးပမ်းနေသဖြင့် စစ်ရေးတင်းမာနေသည်ဟု ထိုတပ်မဟာမှ မြို့နယ်အဆင့်တာဝန်ရှိသူ အမျိုးသားက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

တံခွန်တိုင်ဒေသသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်တွင် ရှိပြီး မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားများ ရောနှောနေထိုင်သည်။ KNU က မွန်ပြည်နယ်မှ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ပေါင်း၍ ဝင်းရေးမြို့နယ်ဟု သတ်မှတ်ကာ တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ထည့်သွင်းထားသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ဒေသခံ တစ်သောင်းကျော်ခန့် နီးစပ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အထက်ပါ မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။

“တိုက်ပွဲကြောင့် အိမ်တချို့ ထိခိုက်ပျက်စီးတာတွေ ရှိတယ်။ လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးကုန်တာ”။

မိုးတွင်းကာလဖြစ်နေခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ခလယ်တံခွန်တိုင်ဒေသမှ ဒေသခံများအနေဖြင့် နေရာထိုင်ခင်းအခက်အခဲအပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ လိုအပ်နေကြောင်း KNU ဘက်က စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အတည်မပြုနိုင်သလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်တပ်နှင့် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို အတိအလင်းဆန့်ကျင်ကာ တော်လှန်ရေးအင်အားစုများကို စစ်ရေး၊ လူသားချင်းစာနာမှုအကူအညီများ ပေးနေသည်။ စစ်ကောင်စီကလည်း KNU နယ်မြေများအတွင်း လွန်ခဲ့သော နှစ်နှစ်ကျော်မှစ၍ စစ်ဆင်ရေးများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

KNU နှင့် တော်လှန်ရေးအင်အားစုများ စစ်ကြောင်းများဖွဲ့ကာ စုပေါင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း ကာလရှည်ကြာ စစ်အခြေစိုက်စခန်းများကို စစ်ကောင်စီ တစ်ခုပြီးတစ်ခု လက်လွှတ်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button