သတင်း

လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံး ဧရာဝတီတိုင်းတွင် ကော်မရှင်ရုံးခွဲ ဖွင့်မည် 

ရဲတပ်ဖွဲ့၏ နှိပ်စက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြေရှင်းပေးရသည့် ဧရာဝတီတိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

ဧရာဝတီတိုင်းတွင် ကျားဖောင်လုပ်ငန်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည့်အတွက် တိုင်ကြားမှုများရှိလာပါက လျင်မြန်စွာ ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၀ မကုန်ခင် ဧရာဝတီတိုင်း ပုသိမ်မြို့၌ ရုံးခွဲဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။

“ဧရာဝတီတိုင်းက တိုင်စာတွေ သိပ်များတယ်။ ရဲတွေပါ မကဘူး၊ ကျန်တာတွေလည်းများတယ်” ဟု ဦးလှမြင့်က Myanmar Now ကိုပြောသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး ကော်မရှင်ထံသို့ ရောက်ရှိလာသည့် တိုင်ကြားစာများအနက် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းက အများဆုံးဖြစ်သော်လည်း တတိယအများဆုံးဖြစ်သည့် ဧရာဝတီတိုင်းတွင် စစ်ဆေးဖြေရှင်းပေးရသည့်အမှုကိစ္စမှာ အများဆုံးဖြစ်သည်ဟု ကော်မရှင်၏ စာရင်းများအရ သိရသည်။ 

ရခိုင်ပြည်နယ် စစ်တွေ၊ အစိုးရ ရုံးစိုက်ရာ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင်လည်း အလားတူ ကော်မရှင်ရုံးခွဲများ ဖွင့်ရန် စီစဉ်နေပြီး အဆိုပါ ရုံးခွဲလေးခုကို ယခုနှစ်မကုန်မီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဦးလှမြင့်က ပြောသည်။ 

ဧရာဝတီတိုင်းတွင် ပိုးလောင်းရဲစခန်းနှိပ်စက်မှု၊ ဒေးဒရဲ၌ ငါးဖမ်းပိုက်ကိစ္စ စစ်ဆေးစဉ် အချုပ်သား သေဆုံးသွားသောအမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် အများစုမှာ ရဲတပ်ဖွဲ့ဝင်များကြောင့် ဖြစ်သည်။ 

ယခုကဲ့သို့ လူ့အခွင့်အရေးကော်မရှင်ရုံးခွဲဖွင့်လှစ်မည့်အစီအစဉ်နှင့် ပတ်သက်၍ ခိုးမှုဖြင့်စွပ်စွဲခံရကာ ရဲစခန်းအတွင်း နှစ်ရက်အကြာ ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်နေ ကိုခိုင်လင်းက “အတိုင်းအတာတစ်ခုအထိတော့ ကြိုဆိုပါတယ်ဗျာ။ (သူတို့ကို) အရမ်းတော့ ကျွန်တော်တို့ မမျှော်လင့်ဘူးပေါ့ ”ဟု မှတ်ချက်ပြုသည်။

၎င်းနှိပ်စက်ခံရသည့်ကိစ္စကို လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသော်လည်း ယနေ့အထိ အကြောင်းပြန်စာပင် မရရှိသေးဟု ဦးလှမြင့်က ဆိုပြီး ယင်းကိစ္စကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းထားသည်ဟု ကော်မရှင်က တုံ့ပြန်သည်။

ကော်မရှင်၏တွေ့ရှိ အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်မှု အားနည်းသဖြင့် လူ့အခွင့်အရေးကော်မရှင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဲ့သို့ စစ်ဆေးတရားစွဲဆိုနိုင်သည့်အဖွဲ့အစည်းအဖြစ် ပြင်ဆင်လိုက်ပါက ထိရောက်စွာလုပ်ဆောင်လာနိုင်မည်ဟု ဦးလှမြင့်က မှတ်ချက်ပြုသည်။

လတ်တလောတွင် ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနေမှုများ ရှိနေသော်လည်း ဝန်ထမ်းများလုံခြုံရေးအခက်အခဲရှိသဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

တိုင်းနှင့်ပြည်နယ်များမှ တိုင်ကြားစာများအနက် “ဗမာ” ဘာသာစကား မဟုတ်ဘဲ အခြားတိုင်းရင်းသားဘာသာစကားများ ပိုမိုအသုံးပြုသည့် ပြည်နယ်များမှ တိုင်ကြားမှု နည်းပါးကြောင်း၊ လူ့အခွင့်အရေးဖြစ်စဉ်များကို ကော်မရှင်ထံသို့ တိုင်ကြားနိုင်သည်ကို မသိရှိခြင်းနှင့် ဘာသာစကားအခက်အခဲကြောင့် ဒေသခံဘာသာစကားဖြင့် တိုင်ကြားနိုင်ရေး စီစဉ်နေသည်ဟုလည်း ဆိုသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ဇန်နဝါရီမှ မေလကုန်အထိ တိုင်ကြားစာပေါင်း ၈၆၁ စောင်ရရှိထားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။ 

ယင်းတိုင်တန်းချက်များအနက် မြေအငြင်းပွားမှုမှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် တိုင်ကြားချက်များဖြစ်ကာ တတိယအများဆုံးမှာ တရားစီရင်ရေးဆိုင်ရာအမှုများ ဖြစ်သည်။

Show More

Related Articles

Back to top button