၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူ့ဂုဏ်သိက္ခာနှင့်မညီသော အပြစ်ပေးမှုမပြုရဟု တားမြစ်ထားသော်လည်း မြန်မာနိုင်ငံရှိ ရဲဘက်အကျဉ်းစခန်းများက အကျဉ်းသားများသည် ကိုဗစ်နိုင်တင်းကပ်ရောဂါဘေးကြားမှပင် အန္တရာယ်ရှိသည့် ကျောက်မိုင်းများတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်နေရဆဲဖြစ်သည်။
ထိုကျောက်မိုင်းများမှ ထွက်ရှိလာသော ကျောက်ကို ဆောက်လုပ်ရေးကုမ္ပဏီများ ဝယ်ယူခြင်းဖြစ်ရာ ရဲဘက်အကျဉ်းစခန်းများမှ ရရှိလာသော ငွေကြေးများသည် နိုင်ငံတော်ဘဏ္ဍာထဲသို့ မည်သို့ရောက်ရှိသည်လဲဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး ထုံးဘိုကုန်ထုတ်စခန်း (ရဲဘက်စခန်း) သို့ ရောက်ရှိလာသော ရဲဘက်အကျဉ်းသားများသည် တနင်္ဂနွေမှအပ အပတ်စဉ် တစ်နေ့လျှင် ၈ နာရီနီးပါး ဗြုန်းကျောက်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်ကြရသည်။
၂၀၂၀ မတ်လ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကြောင့် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခြင်း ကန့်သတ်ခဲ့သည်။
သို့သော်လည်း အကျဉ်းဦးစီးအောက်ရှိ ထုံးဘိုကုန်ထုတ်စခန်း၏ ကျောက်ထုတ်လုပ်ခြင်းမှာမူ ရပ်နားခြင်းမရှိဘဲ အကျဉ်းသူ၊ အကျဉ်းသားများဖြင့် ပုံမှန်ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။
“အခုလို အလုပ်ကြမ်းလုပ်ရတော့ စိတ်ပူတာပေါ့။ ဒါပေမဲ့ လွတ်ဖို့တော့ သိပ်မလိုတော့ပါဘူး” ဟု အကျဉ်းကျခံနေရသည့် မိခင်အတွက် လိုအပ်သော ဆေးနှင့် အစားအစာတို့ လာပို့ပေးသော အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်း၏မိခင်မှာ လောင်းကစားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ပြစ်ဒဏ်ကျခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်၌ ရှစ်လနေခဲ့ပြီးနောက် ထုံးဘို (အမျိုးသမီး) ကျောက်ထုတ်စခန်းကို ရောက်ရှိလာသူဖြစ်သည်။
မန္တလေး – ပြင်ဦးလွင်ကားလမ်းပေါ်ရှိ ထုံးဘိုကုန်ထုတ်စခန်း (၁)၊ (၂) တွင် အကျဉ်းသားအရေအတွက် စုစုပေါင်း ၅၀၀ ဝန်းကျင်ရှိပြီး အများစုမှာ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံထားရသူများဖြစ်ကာ သက်ဆိုင်ရာထောင်မှ လွတ်ရန် တစ်နှစ်၊ နှစ်နှစ်သာ ကျန်တော့သူများဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
ခန့်မှန်းခြေ ဧက ၁,၀၀၀ နီးပါး ရှိနိုင်သော ထုံးဘိုကုန်ထုတ်စခန်းသို့ ရောက်လာသော အကျဉ်းသားများ၏ တာဝန်မှာ ကျောက်တောင်ကြီးများကို မိုင်းခွဲ၍ ဗြုန်းအရွယ်ကျောက်တုံးလေးများဖြစ်သည်အထိ ကြိတ်ခွဲလုပ်ကိုင်ရခြင်းဖြစ်သည်။
ထုံးဘို (၁) ကုန်ထုတ်စခန်းအတွင်းရှိ ပေ ၁,၀၀၀ ခန့်အမြင့်ရှိသော ကျောက်တောင်ကြီးများပေါ် အကျဉ်းသားအချို့က ကြိုးများဖြင့် တွယ်တက်ပြီး ကျောက်သားများကို ဂန်းဖြင့် ထိုးဖောက်ခြင်း၊ မိုင်းခွဲရလာသော ကျောက်တုံးကြီးများအား ကြိတ်ခွဲစက်အတွင်း ကြိတ်နိုင်သည့်အဆင့်ဖြစ်အောင် တူဖြင့် ပြန်လည်ထုခွဲခြင်း၊ ကျောက်ကြိတ်ခွဲစက်သို့ သယ်ပို့ခြင်း၊ ဗြုန်းကျောက်ငယ်များဖြစ်ရန် ထပ်မံကြိတ်ခွဲခြင်းတို့ လုပ်ကိုင်ကြရသည်။
ထိုကဲ့သို့ ကြမ်းတမ်းသည့်လုပ်ငန်းခွင်တွင် လူကို ရောမခေတ်ကျွန်များကဲ့သို့ သုံးစွဲသဖြင့် နှစ်စဉ် အကျဉ်းသားများသေဆုံးခြင်း၊ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ လွန်ခဲ့သည့် ၁၀ နှစ်က ကူးပြောင်းခဲ့သော်လည်း ထိုအခြေအနေမှာ ပြောင်းလဲခြင်းမရှိသေးကြောင်း Myanmar Now က ဆောင်းပါးများ မကြာသေးမီနှစ်များက ရေးသားခဲ့သည်။
ကျောက်ထုတ်စခန်းများတွင် ကျောက်များထုတ်လုပ်ရောင်းချသဖြင့် နှစ်စဉ်ဝင်ငွေ ကျပ်သိန်းထောင်ချီ ရရှိနေသော်လည်း မည်သည့်အတွက်ကြောင့် စက်ယန္တရားများဝယ်ယူပြီး လုပ်ကိုင်ခြင်းမရှိသည်ကို မေးမြန်းရာတွင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းစွာ မဖြေကြားနိုင်ပေ။
လူအင်အား အများအပြားသုံးစရာမလိုဘဲ စက်ယန္တရား အဓိကအသုံးပြု ပုဂ္ဂလိကကျောက်မိုင်းလုပ်ငန်းခွင်များရှိ လုပ်သားတစ်ဦး၏ တစ်ရက်ဝင်ငွေသည် ကျပ်တစ်သောင်းမှ နှစ်သောင်းအထိ ရရှိနိုင်သည်။
သို့ရာတွင် အကျဉ်းဦးစီးပိုင် ကျောက်မိုင်းများ၌ ဗြုန်းကျောက်ငယ်များအဆင့် ကြိတ်ခွဲခြင်းမှအပ ကျောက်မိုင်းခွဲခြင်း၊ မိုင်းခွဲပြီး ရလာသော ကျောက်တုံးများအား ကြိတ်ခွဲစက်အတွင်း ထည့်နိုင်သည့်အဆင့်ဖြစ်အောင် ထုခွဲခြင်း၊ ကျောက်ဗြုန်းများသယ်ယူခြင်းလုပ်ငန်းတို့အတွက် စက်ယန္တရားများအစား ပြစ်ဒဏ်ကျ ရဲဘက်အကျဉ်းသားများ၏ လူအားဖြင့် လုပ်ကိုင်ကြရသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း အကျဉ်းသားများကို လူစုလူဝေးဖြင့် အလုပ်လုပ်နေမှုအပေါ် ပြင်ပမှ ကူးစက်စရာမရှိကြောင်း အကျဉ်းဦးစီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
“ကိုဗစ်က အပြင်က ကူးတာဖြစ်ပြီး ထောင်ထဲမှာ ကူးစရာမရှိဘူးလေ။ ပြီးတော့ ဒီလိုကုန်ထုတ်စခန်းတွေမှာ ထောင်လိုမဟုတ်ဘဲ Social Distancing အပြည့်အဝရှိတယ်။ ဘာလို့လဲဆိုတော့ စခန်းတွေမှာ ထားသင့်တဲ့ သတ်မှတ်လူဦးရေထက် အမြဲလျှော့ပြီးပဲ ထားတယ်”ဟု အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က Myanmar Now ကို ပြောသည်။
ကိုဗစ်နိုင်တင်းကာလအတွင်း ပြင်ပလူများဖြင့် ထိတွေ့မှုမရှိစေရန် ထောင်ဝင်စာတွေ့ခြင်း ကန့်သတ်ထားသည်ဟု အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားသော်လည်း ကျောက်မိုင်းလုပ်ငန်းခွင်မှာမူ ပြင်ပမှ ကျောက်သယ်ကားများ၊ ထော်လာဂျီများ အချိန်နှင့်အမျှ ဥဒဟိုဝင်ထွက်ကာ သွားလာလျက်ရှိနေသည်ကို Myanmar Now က တွေ့ရှိခဲ့ရသည်။
ထို့ပြင် ကျောက်မိုင်းခွဲသည့်ဧရိယာ၌ အလုပ်လုပ်သော အကျဉ်းသားများသည်လည်း လုပ်ငန်းခွင်သုံးဦးထုပ် ဆောင်းထားကြသော်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းနှင့် ၆ ပေအကွာ ခြားပြီး နေထိုင်ရမည့်အချက်တို့ကိုလည်း အများစု လိုက်နာမှုအားနည်းသည်ကို တွေ့ရသည်။
နှာခေါင်းစည်း( Mask) တပ်၍ ကျောက်တောင်ပေါ်ရှိ ကျောက်သားများကို ဂန်းဖြင့်ထိုးရခြင်းသည် အလုပ်လုပ်ရန် အဆင်မပြေဘဲ Mask ကြောင့် အသက်ရှူပိုကျပ်စေသည်ဟု ပုဂ္ဂလိကကျောက်မိုင်းတစ်ခုမှ ဂန်းထိုးလုပ်သား ကိုသိန်းက သူ့အတွေ့အကြုံကို ပြောသည်။
အကျဉ်းဦးစီးဌာန၏ လုပ်ငန်းစဉ် ၈ ရပ်တွင် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သော်လည်း ကပ်ရောဂါကာလအတွင်း ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်လိုအပ်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။
“အကျဉ်းဦးစီးဆိုတာက အကျဉ်းသားတွေကို ဒီလိုပဲခိုင်းနေကျဆိုတော့ ဒါက လက်ခံပြီးသားအလေ့အကျင့် (Practice) ဖြစ်လို့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒီလိုအချိန်မှာ ရောဂါကာကွယ်ရေးစည်းကမ်းမလိုက်နာလို့ ကိုဗစ်ကူးပြီး ထိန်းမရသိမ်းမရဖြစ်ရင် သူတို့တာဝန်ဖြစ်မယ်။ ဒီလိုခိုင်းခြင်းအားဖြင့် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်မယ်။ အကျိုးရော ရှိမှာလား။ ဒါက စဉ်းစားရမဲ့အရာပါ” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “ကပ်ရောဂါကာလမှာ အကျဉ်းသားတွေကို ခုလိုစေခိုင်းတာက လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ တိုင်းတာတာထက် ကိုဗစ်ကော်မတီက ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ ညီဖို့ပဲ လိုတယ်။ စည်းကမ်းနဲ့ မညီဘူးဆိုရင်တော့ Right to Health (ကျန်းမာရေးဆိုင်ရာအခွင့်အရေး)ကို ထိမှာပေါ့” ဟု ဦးလှမြင့်က ထောက်ပြသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုဗစ်နိုင်တင်းကူးစက်ရောဂါဖြစ်ပွားမှု မတိုင်မီ ၂၀၂၀ ဖေဖော်ဝါရီအထိ အကျဉ်းထောင်များ၊ ကုန်ထုတ်စခန်းများနှင့် လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့သော်လည်း ကိုဗစ်ကြောင့် မတ်လနောက်ပိုင်းမှစ၍ စစ်ဆေးခြင်းလုပ်ငန်းများ ရပ်နားထားရသည်မှာ ယနေ့အထိဖြစ်သည်။
အဆောက်အအုံနှင့် လမ်းတံတားခင်းခြင်းစသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ကျောက်ဗြုန်းများအား အကျဉ်းသားများ၏ လုပ်အားဖြင့် ကြိတ်ခွဲထုတ်လုပ်သလို အကျဉ်းသားများ စားသောက်ရေးရန်ပုံငွေအတွက် ကုန်ထုတ်စခန်းများ(ကျောက်ထုတ်စခန်း)က နှစ်စဉ် စခန်းတစ်ခုလျှင် ကျောက်ကျင်း ၆,၀၀၀ ခန့် ဌာနသို့ ပြန်လည်ပေးသွင်းရသည်ဟု အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများ၌ အသုံးများဆုံးဖြစ်သော ၃ မူးဆိုက် ကျောက်ဗြုန်းတစ်ကျင်း (၈ပေ×၇ ပေ)အရှည်ရှိ ထော်လာဂျီတစ်စီးစာ) လျှင် သုံးသောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိသည်ဟု ပုဂ္ဂလိကကျောက်ခွဲစက်များမှ သိရသည်။
အကျဉ်းဦးစီးဌာန တရားဝင်စာရင်းများအရ တစ်နိုင်ငံလုံးတွင် အကျဉ်းသား ၂ဝ,ဝဝဝ ခန့်၏ လုပ်အားကို အသုံးပြု၍ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသော ရဲဘက်အကျဉ်းစခန်း ၄၈ ခုရှိသည်။