သတင်း

ခိုးမှုဖြင့် စွပ်စွဲခံရသူနှစ်ဦး ရဲအချုပ်အတွင်း နားကန်းအောင် ရိုက်နှက်နှိပ်စက်ခံခဲ့ရ 

ပြီးခဲ့သည့်နှစ်အတွင်းက ရွှေသူခိုးဟုစွပ်စွဲခံရသူနှစ်ဦးကို ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်အတွင်းရှိ ရဲစခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်ကာ နားကန်းအောင် ရိုက်နှက်စစ်ဆေးခံခဲ့ရသည်ဟု ရိုက်နှက်ခံရသူများက ပြောသည်။

ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များခိုးယူသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်၊ လှိုင်းဘုန်း (နမစ)နယ်မြေရဲစခန်းသို့ စတင်ဖမ်းဆီးခေါ်ယူစစ်ဆေးခံခဲ့ရပြီး ရိုက်နှက်စစ်ဆေးမှုကြောင်း လက်ရှိအချိန်ထိ နားမကြားရသေးကြောင်းလည်း ရိုက်နှက်ခံခဲ့ရသူက ပြောသည်။ 

ဖမ်းဆီးစစ်ဆေးခံရသူများမှာ မော်ကျွန်းမြို့နယ်၊ မြစ်ပေါက်ကျေးရွာအုပ်စုမှ ကိုခိုင်လင်း(အသက် ၃၄နှစ်) နှင့် ကိုဖိုးချို(အသက် ၂၃နှစ်) တို့ဖြစ်ပြီး အဆိုပါရဲစခန်းမှ ရဲဝန်ထမ်းသုံးဦး၏ ရိုက်နှက်စစ်ဆေးခံရပြီးနောက် ၎င်း၏လက်ဝဲဘက်နား မကြားရတော့ကြောင်း ကိုဖိုးချိုက ပြောသည်။

“အခန်းတစ်ခန်းကို ခေါ်ထုတ်သွားပြီးတော့ မင်းတဲ့ မှန်မှန်ပြောတဲ့။ ကျွန်တော်က ဘာအပြစ်လုပ်လို့ ပြောရမှာလဲဆိုတော့ အဲ့ဒါနဲ့ပဲ ကျော်ထက်အောင်က သူ့လက်ညှိုးနှစ်ဖက်နဲ့ နားနှစ်ဖက်ကို ဆောင့်ထိုးထည့်ထားပြီးတော့ ဒုရဲအုပ်အေးမင်းဝင်းက နားအုံနှစ်ဖက်ကို အသားကုန်ရိုက်တော့ ကျွန်တော် နားတွေအူပြီးတော့ ဘာမှလည်းမကြားရတော့ဘူး။ ပြီးတော့ စခန်းမှူးဦးသိန်းထိုက်ကလည်း ပတ်ပတ်လည် ပိတ်ကန်တယ်”ဟု အချုပ်ခန်းအတွင်း နှိပ်စက်ခံခဲ့ရပုံကို ကိုဖိုးချိုက ပြောပြသည်။

နားမကြားရတော့သဖြင့် အစိုးရဆေးရုံများတွင် ပြသရန်သွားရောက်သော်လည်း ရဲဆေးစာပါမှသာ ဆေးကုသခွင့်ရရှိမည်ဟု သက်ဆိုင်ရာဆေးရုံများကဆိုသဖြင့် အချိန်မီဆေးကုသခွင့် မရရှိခဲ့ကြောင်း၊ နားမကြားရသည့်အတွက် အလုပ်မရတော့ကြောင်းလည်း ၎င်းက ပြောသည်။

ရိုက်နှက်ခဲ့သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် မော်ကျွန်းရဲစခန်းတွင် နိုင်လွတ်လုံဥပဒေဖြင့် (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အမှုဖွင့်ကြောင်း ကိုခိုင်လင်းက ပြောသည်။

ထိုသို့အမှုဖွင့်ပြီးနောက်တစ်ရက်တွင် ၎င်းတို့အားဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် ကျေးရွာတာဝန်ခံ ဦးစိန်သန်းဝင်းက နိုင်လွတ်လုံဥပဒေဖြင့်ပင် အမှုပြန်ဖွင့်သည့်အတွက် ၎င်းတို့နှစ်ဦးနှင့်အတူ မိသားစုဝင်များ၊ အမှုတွင်လိုက်ပါကူညီသူများ အားလုံးပေါင်း ၁၉ ယောက်အမှုဖွင့်ခံထားရကြောင်းလည်း ၎င်းက ပြောသည်။

“အချုပ်ထဲမှာ လက်ထိတ်ခတ်ပြီးတော့ ကျွန်တော်တို့ ဒူးခေါင်းအောက်မှာ ဆီးစေ့တွေ ကျောက်စရစ်ခဲတွေ ထားပြီးတော့ လက်မြှောက်ဒူးထောက်ခိုင်းပြီးတော့ အဲဒီအတိုင်းနေခိုင်းတယ်၊ အဲ့လိုနေတဲ့အချိန် နောက်ကနေပြီးတော့ ရိုက်တယ်။ ပစ်လဲသွားရင် ပြန်ဆွဲထူတယ်၊ ပြန်ရိုက်တယ်။ လက်နဲ့လည်းထိုးတယ်၊ ခြေထောက်နဲ့လည်းကန်တယ်”ဟု ကိုခိုင်လင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်နှက်စစ်ဆေးခဲ့သည့် လှိုင်းဘုန်းရဲစခန်းက ရဲအုပ်သိန်းထိုက်၊ ဒုရဲအုပ် အေးမင်းဝင်းနှင့် ရဲတပ်သားကျော်ထက်အောင်တို့ကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ဒုခရိုင်ရဲမှူးကျော်သက်ထွန်း (ရဲ ၃၀၆၄)က ရဲတရားရုံးတွင် ပြီးခဲ့သည့်အပတ်အတွင်း စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာတွင် ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ရဲဝန်ထမ်းသုံးဦးက ဝန်ခံထွက်ဆိုသွားသည်ကို အမှုလိုက်အရာရှိ လပွတ္တာမြို့နယ်ရဲမှူး အောင်ငွေ (ရဲ-၄၄၉၀) မှတစ်ဆင့် သိရှိသော်လည်း မည်သို့အရေးယူမှုမျိုးမှ မကြားသိရသေးကြောင်း ကိုခိုင်လင်းက ပြောသည်။ 

“ရဲလုပ်ငန်း ရဲစည်းကမ်းတွေတော့ ကျွန်တော်မသိဘူး။ ဝန်ခံတယ်လို့လည်းပြောတယ် ဒီလူတွေကတော့ ဒီယူနီဖောင်းတွေနဲ့ပဲ ပြန်သွားတာတွေ့တယ်” ဟု ကိုခိုင်လင်းက ပြောသည်။

အမှုလိုက်အရာရှိ မြို့နယ်ရဲမှူးအောင်ငွေထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် အပြင်သွားကြောင်း ၎င်း၏ဇနီးဖြစ်သူထံမှ သိခဲ့ရပြီး မေးမြန်းခွင့်မရခဲ့ပေ။

ကိုခိုင်လင်းနှင့် ကိုဖိုးချိုတို့နှစ်ဦးသည် လှိုင်ဘုန်းရဲစခန်းတွင် ရိုက်နှက်စစ်ဆေးခံရပြီး နှစ်ရက်အကြာတွင် မော်ကျွန်းမြို့နယ်ရဲစခန်းကို ဆက်လက်ပို့ဆောင်ခံရကာ မော်ကျွန်းအချုပ်ထဲတွင်လည်း အဆိုပါရဲဝန်ထမ်း သုံးဦးက ဆက်လက်ရိုက်နှက်စစ်မေးခဲ့သည်ဟု ရဲခုံရုံးအဖွဲ့ဖြင့် စစ်ဆေးစဉ် ကိုခိုင်လင်း၏ ထွက်ဆိုချက်အရ သိရသည်။ 

မြောင်းမြရှိ ရဲတရားရုံးတွင် စစ်ဆေးခံခဲ့ရသည်မှာ မှန်ကန်သော်လည်း ခိုးမှုဖြင့်စွပ်စွဲခံရသည့် ကိုခိုင်လင်းနှင့် ကိုဖိုးချို့တို့အား ရိုက်နှက်စစ်ဆေးခဲ့ခြင်းမရှိဟု မော်ကျွန်းရဲစခန်းအချုပ်အတွင်း စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ဒုရဲအုပ်အေးမင်းဝင်းက ငြင်းဆိုသည်။

“သူတို့ကို စစ်ဆေးတဲ့အချိန်မှာလည်း ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်း ဘာမှမရှိဘူးခင်ဗျ။ ကျွန်တော်တို့က ရဲလုပ်ထုံးလုပ်နည်းအညီနဲ့ပဲ စစ်ဆေးခဲ့တာပဲရှိတယ်”ဟု ၎င်းက ပြောသည်။

လပွတ္တာမြို့နယ်ရဲတပ်ဖွဲ့ဦးဆောင်သည့် ရဲခုံရုံးအဖွဲ့ကစစ်မေးစဉ် ဒုရဲအုပ်အေးမင်းဝင်းက လှိုင်းဘုန်းရဲစခန်း အချုပ်အတွင်းစစ်ဆေးရာတွင် ပါဝင်သည်ဆိုသည်ကို ငြင်းဆိုထားပြီး မော်ကျွန်းမြို့နယ်ရဲစခန်း၌ စစ်မေး ရာတွင်သာ ပါဝင်ကြောင်း ဒုရဲအုပ်အေးမင်းဝင်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မော်ကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးကိုကိုမောင်ကို ဆက်သွယ်မေးမြန်းရာတွင် လတ်တလောဖြေကြား၍မရသေးကြောင်း၊ မော်ကျွန်းရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရဦးမည်ဟုဆိုကာ  ဖုန်းချသွားခဲ့သည်။

ဖမ်းဆီးစစ်ဆေးခွင့်ရှိသော်လည်း ထိုသို့ရိုက်နှက်စစ်ဆေးခွင့်မရှိဟု ယခုလ ၁၂ ရက်က Myanmar Now နှင့် တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ဖြေကြားခဲ့သည်။

“ဒီလိုတွေမစစ်ဆေးဖို့ကို ကျွန်တော်တို့ အမြဲတမ်း ဒါညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဲ့တော့ မလိုက်နာရင် မလိုက်နာသူမှာပဲ တာဝန်ရှိတာပေါ့။ ဒါကတော့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းရဲ့ စိတ်နေသဘောထားနဲ့ပဲ ဆိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးကြောင်း၊ တိုင်ကြားစာအရ စစ်ဆေးပြီး အရေးယူဖို့ လိုအပ်ပါက အရေးယူသွားမည်ဟု ဆိုသည်။ 

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ရဲတရားရုံးတွင်စစ်ဆေးပြီးပါက ပြစ်ဒဏ်ချမှတ်ထိုက်သည့်ပြစ်မှုအတွက် တိုင်း(သို့)ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။ ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသောထောင်ဒဏ်၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြစ်ဒဏ်၊ ရာထူးအဆင့်လျှော့ချဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်းလုပ်သက်လျှော့ဒဏ်၊ လစာမှပေးလျော်ရန် ပြစ်ဒဏ်များဖြစ်ပြီး ပြစ်ဒဏ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ချမှတ်ရမည်ဖြစ်သည်။ 

ရဲအချုပ်တွင် ထိန်းသိမ်းခံရစဉ် ဒဏ်ရာရနှင့်သေဆုံးမှု အရေအတွက်မှာ ဧရာဝတီတိုင်းဒေသကြီးသည် အခြားဒေသများထက် ပိုများနေကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က Myanmar Now ကို ဖြေကြားထားဖူးသည်။

Show More

Related Articles

Back to top button