အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တွေတွင် လူ့အခွင့်အ‌ရေးနေ့လှုပ်ရှားမှုဦးဆောင်သူ ၃ ဦး ငြိမ်းစုစီဖြင့် အမှုဖွင့်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှု ဦးဆောင်ခဲ့သူ ၃ ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေဖြင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးက ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် အမှုဖွင့်လိုက်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် ဦးဆောင်ကာ လူအင်အား ၃၀ ခန့်က စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေ၌ ဒီဇင်ဘာ ၁၀ တွင် လူ့အခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ပညာပေးဗီနိုင်းများ ပေးဝေခြင်း၊ နှာခေါင်းစည်းဖြန့်ဝေခြင်း လှုပ်ရှားမှုတို့ ပြုလုပ်ခဲ့ကြသည်။   

ယင်းလှုပ်ရှားမှုကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့သည်ဆိုကာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် အဖွဲ့ဝင် ကိုသန်းလှ (ခ) ကိုမင်းဘာချေ၊ ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။ 

“မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး အမှုဖွင့်တာပါ။ ကျွန်တော်တို့က သူတို့ဆီက ခွင့်ပြုချက်တောင်းဖို့ မလို။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဆန္ဒပြမှာလည်းမဟုတ်၊ တောင်းဆိုမှာလည်း မဟုတ်။ ကြိုဆိုတဲ့အထိမ်းအမှတ် လုပ်တာဖြစ်တယ်” ဟု ကိုသန်းလှ (ခ) ကိုမင်းဘာချေက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီဇင်ဘာ ၁၀ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးကို လေးစားပါ၊ အမျိုးသမီးများအခွင့်အရေးကို လေးစားပါ၊ အကြမ်းဖက်မှုပပျောက်ရေးကို လေးစားပါ” စသည့်စာတမ်းများပါ ဗီနိုင်းများကို ကားများတွင်ကပ်ခြင်းတို့သာ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင်များက ဆိုသည်။

လှုပ်ရှားမှုဦးဆောင်ပြုလုပ်ခဲ့သူ ၃ ဦးကို ယင်းနေ့တွင်ပင် စစ်တွေမြို့ရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ပြီး ၁၅ ရက်အတွင်း အမှုဖွင့်တရားစွဲမည်ဟုဆိုကာ ယင်းညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ 

ထို့နောက် ၁၁ ရက်အကြာ ယမန်နေ့တွင် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုလုပ် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၃ ဦးကို အမှုဖွင့်ထားကြောင်း ယမန်နေ့တွင် စစ်တွေတရားရုံး၌ ခေါ်ယူအသိပေးခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။ 

“လူ့အခွင့်အရေးကို ကြွေးကြော်ပြီးတော့ လက်ရှိ NLD အစိုးရက တက်လာတယ်။ အခုနောက်ပိုင်း သူတို့ ကြွေးကြော်ခဲ့တဲ့ ကြွေးကြော်သံတွေကို မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ပြီးတော့ လူ့အခွင့်အ‌ရေးချိုးဖောက်မှု ရှိနေတာကို ပိုပြီးအားပေးအားမြှောက်ပြုလုပ်နေတာကို ကျွန်တော်တို့ မြင်လာရတယ်” ဟု ကိုသန်းလှ (ခ‌) ကိုမင်းဘာချေက ပြောသည်။ 

လူ့အခွင့်အ‌ရေးနေ့ကို ကြိုဆိုလို၍ လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အစိုးရနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုစိတ်ဖြင့် ပုတ်ခတ်ခြင်းမျိုးမဟုတ်ကြောင်း၊ ထိုကဲ့သို့သော လူ့အခွင့်အရေးလှုပ်ရှားမှုများကို အရေးယူသည့် ဖြစ်စဉ်များ တွင်ကျယ်လာမှုအပေါ် အံ့သြမိကြောင်းလည်း ၎င်းက ဆိုသည်။  

ယင်းကိစ္စနှင့်ပတ်သက်၍ ရဲမှူးဇော်နိုင်ထံ Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ အရ သက်ဆိုင်ရာသို့ အသိပေး မတင်ပြဘဲ စုဝေးမှုပြုလုပ်ကြောင်း စီရင်ခံရပါက ထောင်ဒဏ် သုံးလဖြစ်စေ၊ ဒဏ်ငွေ သုံးသောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ( AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အရပ်သားအများအပြား ရှိနေသည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများက ပြောဆိုထားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button