တပ်မတော်ကဖမ်းဆီးစစ်ဆေးနေသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာမှ အမျိုးသားခြောက်ဦးအနက် တစ်ဦးသေဆုံးခဲ့သည်။
သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်းဆိုသူဖြစ်ပြီး မအီမြို့မရဲစခန်း၏ သီးသန့်အဆောက်အအုံတွင် ထိန်းသိမ်းထားရှိစဉ် ဇူလိုင် ၁၃ ရက်က ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ယနေ့သတင်းထုတ်ပြန်ထားသည်။
အလယ်ချောင်းကျေးရွာသို့ ဇူလိုင် ၁၁ တွင် တပ်မတော်စစ်ကြောင်းဝင်ရောက်လာပြီး သေဆုံးသူ ဦးစိုးမြင့်ထွန်းအပါအဝင် ရွာသားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းရွာသားခြောက်ဦးသည် AA အမာခံများဖြစ်သည်ဟုလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီးနောက် သတင်းအစအန မရရှိသောကြောင့် ဦးစိုးမြင့်ထွန်း၏ မိသားစုဝင်များက ဇူလိုင် ၁၄ တွင် ရမ်းဗြဲမြို့သို့ လာရောက်စုံစမ်းခဲ့ရာတွင် မအီမြို့မရဲစခန်းမှတဆင့် သေဆုံးကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
ဦးစိုးမြင့်ထွန်း၏အလောင်းကို မအီတိုက်နယ်ဆေးရုံမှ ထုတ်ယူခဲ့ရပြီး မျက်နှာတွင်လည်း ဒဏ်ရာများကို တွေ့ရသည်ဟု ဦးစိုးမြင့်ထွန်း၏ဇနီး ဒေါ်မလုံကြည်က Myanmar Now ကို ပြောသည်။
“သက်ဆိုင်ရာ အကြီးအကဲတွေ အမှန်ကိုဖော်ထုတ်ပေးပါ” ဟုလည်း ဒေါ်မလုံကြည်က တောင်းဆိုသည်။
ဦးစိုးမြင့်ထွန်းသည် လယ်သမားတစ်ဦးဖြစ်ပြီး ပျိုးနုတ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရှိရဘဲ စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု အလယ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောသည်။
“မိုးမလင်းခင် ၃ နာရီလောက်မှာ ကျွန်တော့်ကို လာနှိုးပါတယ်။ အုပ်ချုပ်ရေးမှူး ထထဆိုပြီး။ ကျွန်တော်ထကြည့်တော့ တပ်မတော်က တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်ဆေးစရာရှိတယ်၊ လိုက်ရမယ်ဆိုလို့ လိုက်သွားတယ်။ မိုးမလင်းခင်လောက်မှာ လေးယောက်လောက်ကို စစ်ဆေးစရာ ရှိတယ်လို့ ခေါ်တယ်။ နောက် နှစ်ယောက်လောက်ကတော့ လယ်ထွန်ရာမှာ တစ်ယောက်၊ အခု ဆုံးသွားတဲ့သူကတော့ နေ့လယ် တစ်နာရီလောက်မှာပဲ စစ်ဆေးစရာရှိတယ်ဆိုပြီး ပျိုးနုတ်တဲ့နေရာက သွားခေါ်တယ်”ဟု ဦးမြင့်လွင်က ပြောသည်။
ယခုဖမ်းဆီးခံနေရသူများမှာ ဦးဇော်လွင်၊ ဦးမောင်မြင့်ထွန်း၊ ဦးချမ်းငြိမ်း၊ ဦးမောင်မြင့်ဝင်း၊ ဦးမောင်ထွန်းဝင်းတို့ဖြစ်ပြီး ရွာတွင် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူများဖြစ်သည်ဟု ၎င်းက ပြောသည်။
“သူတို့နဲ့ တွေ့ခွင့်ရဖို့အတွက် ကြိုးစားတယ်။ ကျွန်တော်တို့လည်း မနေ့က မိသားစုတွေလည်းပါတယ်။ တွေ့ခွင့် ရဖို့ဆိုရင် တွေ့ခွင့်ပေးပါလို့ ပြောတော့ (မအီ) စခန်းမှူးက တပ်ကို ဆက်သွယ်တဲ့အခါ တွေ့ခွင့် မရဘူးလို့ ကြားလိုက်ပါတယ်”ဟု ဦးမြင့်လွင်က ဆိုသည်။
ဇွန် ၂၈ ရက်ကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာအနီးတွင် တပ်မတော်က လူငါးဦးကို ဖမ်းဆီးခဲ့ပြီး AA နှင့်မပတ်သက်ဟုဆိုကာ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဇူလိုင် ၆ တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သော်လည်း ကျန်သုံးဦးကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသား ၂၇၀ ကျော်ကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် တပ်မတော်၏ပစ်ခတ်မှုကြောင့် ရွာသားခြောက်ဦး သေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
တပ်ဖွဲ့ဝင်များ၏ သေနတ်ကို လုယူသဖြင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု ထိုစဉ်က တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသော်လည်း စိတ်မနှံ့သူတစ်ဦးအော်ဟစ်ရာမှ ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။