သတင်း

ယင်းမာပင်မြို့ လက်နက်ကြီး ပစ်ခတ်မှုတွင် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကွမ်းယာဆိုင်အနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် အများအပြား သေဆုံး ဒဏ်ရာရသွားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာထဲသို့ စစ်ကောင်စီက ယမန်နေ့ (ဩဂုတ် ၇) ညနေပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား ၄ ဦး သေဆုံး၊ အများအပြားဒဏ်ရာရသွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပုသိမ် – မုံရွာကားလမ်းဘေးတွင် တည်ရှိသည့် ထိုရွာမှ ၃ မိုင်ခန့်ဝေးသည့်၊ စစ်မှုထမ်းဟောင်း အများအပြားနေထိုင်သည့် အောင်ဇေယျမြို့သစ်ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွာထိပ်ကွမ်းယာဆိုင်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးသည်၊ ဒဏ်ရာရသူများထဲမှ အမျိုးသားတစ်ဦးသည် ယနေ့ (ဩဂုတ် ၈) နံနက်ပိုင်းတွင် သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အမှတ် (၂) တိုက်နယ် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုသည်။

သေဆုံးသူများမှာ အသက် ၄၀ နှင့် ၂၀ ကြားအရွယ် အရပ်သားများဖြစ်သည်၊ ထန်းတောကြီးရွာခံ သုံးဦးနှင့် အနီးဝန်းကျင်ရှိ ကျေးစာကျရွာမှ တစ်ဦးပါဝင်သည်ဟု သိရသည်။

ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိနေပြီး ၎င်းတို့ထဲမှ နှစ်ဦး စိုးရိမ်ရသည်ဟုလည်း ပကဖအရာရှိက ဆိုသည်။

“(လက်နက်ကြီးကျည်က) တည့်တည့်ကျတာလို့ ပြောလို့ရတယ်။ ကျတဲ့နေရာက လမ်းလယ်ကောင်ဖြစ်တယ်။ ကွမ်းယာဆိုင်က လမ်းဘေးမှာ ဖြစ်တယ်။ လက်နက်ကြီး ကျတဲ့နေရာနဲ့က အလွန်ဆုံးဝေးရင် ၅ ပေလောက်ပဲ ဝေးတယ်” ဟု ၎င်းက ဆိုသည်။

ပစ်ခတ်မှု၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဒေသခံအမျိုးသားတစ်ဦးကလည်း ရုပ်အလောင်းများတွင် ပြင်းထန်သည့် ဒဏ်ရာများ တွေ့ရသည်ဟု ပြောသည်။

“သေဆုံးသူတွေကတော့ ဗိုက်တွေကွဲသွားတယ်။ ပေါင်တွေ ပြတ်လုခမန်းဖြစ်သွားတယ်။ ခေါင်းက နောက်ဆက်တွေမှာ ယမ်းစထိမှန်ပြီး လက်သီးဆုပ်လောက်အပေါက်တွေ ပေါက်သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၃၀ ဝန်းကျင်အရွယ် ထိုအမျိုးသားက ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများတွင်လည်း အပျက်အစီးများအကြား ရုပ်အလောင်းတို့တွင် ဦးခေါင်းပေါက်ထွက် ဒဏ်ရာ၊ ခြေထောက်နှင့် ပေါင် ကျိုးကြေနေသည့်ဒဏ်ရာဒဏ်ချက်များကို တွေ့ရှိရပြီး အနီးရှိ အဆောက်အအုံနံရံတွင်လည်း ဗုံးစထိထားသည်ကို တွေ့ရသည်။

ထိခိုက်ဒဏ်ရာရသူများကို ကယ်ထုတ်ရန်မှာ စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေသည့်အတွက် နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု ပကဖတာဝန်ခံက ဆိုသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်းတောကြီးရွာအပါအဝင် အနီးဝန်းကျင်မှ ပေကုန်း၊ ကျေးစာကျ စသည့်ရွာများမှ ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဝရုန်းသုန်းကားပြေးရှောင်ရတာပေါ့။ ဒီမှာက မြေပြန့်ဖြစ်တယ်။ လျှိုမြောင်ချောက်ကမ်းပါးမရှိဘူး။ ရွာဘေးပတ်ဝန်းကျင်ကလည်း စပါးခင်းတွေဆိုတော့ အမှီခိုပြေးပုန်းစရာမရှိဘူး။ သက်ဆိုင်ရာတွေကတော့ နေအိမ်ပုန်းခိုကျင်းတွေ တူးဖို့ ပညာပေးထားတာတော့ရှိတယ်” ဟု အထက်ပါ ပကဖတာဝန်ခံက ပြောသည်။

အမှတ် (၂၈) ရဲတပ်ရင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာရှိရာ အောင်ဇေယျမြို့သစ်တို့ တပ်စွဲထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ရှိ ကျေးရွာများကို ၁၂၀ မမ အဝေးပစ်လက်နက်ကြီးဖြင့် မကြာမကြာ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

ယမန်‌နေ့ကလည်း လူထူထပ်သည့်နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပကဖတာဝန်ခံက မှတ်ချက်ပြုသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံးခဲ့ရသည့် ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာ တည်နေရာပြမြေပုံ။

ယခုနှစ် သင်္ကြန်အပြီးမှစတင်ကာ ပုသိမ် – မုံရွာလမ်းတစ်လျှောက် စစ်တပ်က လုံခြုံရေးယူထားခဲ့သည့်အတွက် လမ်းဘေးဝဲယာရှိ ကျေးရွာများမှာ သုံးလကျော်ကြာ အိုးအိမ်ပစ် စစ်ဘေးရှောင်ခဲ့ရပြီး နေရပ်သို့ ပြန်ရောက်သည်မှာ ရက်ပိုင်းမျှပင် ရှိသေးသည်။ ထို့နောက် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် တစ်ကျော့ပြန် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့နှင့် ချင်းတွင်းမြစ်ခြားပြီး တည်ရှိသည့် ယင်းမာပင်မြို့နယ်သည် ၂၀၂၁ အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်စွဲကိုင်ပြီး အစောဆုံးတော်လှန်ခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

စစ်တပ်အတွက် ဒေါ်လာသန်းချီ ဝင်ငွေရသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တည်ရှိရာ ဆားလင်းကြီးမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းသည့် ယင်းမာပင်မြို့နယ်တွင် ကြေးနီစီမံကိန်းအနီး လုံခြုံရေးယူသည်မှအပ အစောပိုင်းကာလများကဲ့သို့ ရွာစဉ်လှည့်စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည်။

တော်လှန်ရေးအင်အားစု ပိုမို ထိရောက်စွာ တိုက်ခိုက်နိုင်ရန် ရည်ရွယ်ပြီး NUG လက်အောက်ခံ ခရိုင်တပ်ရင်းများကို စုစည်းနေသည်။

ယင်းမာပင်မြို့နယ်အခြေစိုက် ခရိုင်တပ်ရင်း အမှတ် ၂၇၊ ၃၃၊ ၃၄၊ ၃၅နှင့် ၃၆ တို့ကို ပူးပေါင်းပြီး ဗျူဟာ ၄၇ အဖြစ် ဇူလိုင်လကုန်ပိုင်းက ဖွဲ့စည်းခဲ့သည်။

“(တပ်ရင်း) တစ်ရင်းချင်းစီဆိုရင် ထိထိရောက်ရောက်တိုက်ခိုက်နိုင်မှု စွမ်းအားနည်းတာပေါ့ဗျာ။ နည်းလို့ လက်နက်အင်အား‌ တောင့်တောင့်တင်းတင်းနဲ့၊ ညီညီညွတ်ညွတ်နဲ့၊ စုဖွဲ့မှုကောင်းကောင်းနဲ့ စုဖွဲ့ထားမှသာ အမြဲတမ်း ထိထိရောက်ရောက်တိုက်နိုင်မှာ” ဟု ဗျူဟာ ၄၇ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမင်းက ပြောသည်။

ပုလဲ၊ ကနီ၊ ယင်းမာပင်မြို့နယ် အပါအဝင် ယင်းမာပင်ခရိုင်အတွင်း ဗျူဟာ ၉ ခုရှိသည်။

ယင်းမာပင်မြို့နယ်တွင် တပ်ရင်း ၅ ခုပါသည့် ဗျူဟာ ၁ ခုနှင့် တပ်ရင်း ၄ ခုပါသည့် ဗျူဟာ ၁ ခု ဖွဲ့စည်းထားကြောင်း သိရသည်။

စစ်မြေပြင်အချက်အလက်များကို လေ့လာစောင့်ကြည့် သုတေသနပြုနေသည့် အမေရိကန်အခြေစိုက် Armed Conflict Locations and Events Data Project (ACLED) အဖွဲ့၏ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွက် ပဋိပက္ခညွှန်းကိန်းအရ မြန်မာသည် အဆင့် ၂ တွင် ရပ်တည်နေကို တွေ့ရသည်။ သေဆုံးမှုအများဆုံး အဆင့် ၃ တွင် ရပ်တည်နေကြောင်း ဩဂုတ်လဆန်းပိုင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် တွေ့ရသည်။

Show More

Related Articles

Back to top button