(စိတ်မချမ်းမြေ့ဖွယ် အသေးစိတ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ဖြတ်ကာ အိမ်ခြေ ၃၀ ကျော်ကို မီးရှို့သွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
ဇူလိုင် ၂၇ နံနက်ပိုင်းက ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်ဖွဲ့တချို့ကို တော်လှန်ရေးအင်အားစုက ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က ထိုသို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တပ်ရင်း ၃ မှ ရဲဘော် ပုဂံကြီးက ပြောသည်။
“ရေကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စစ်ဆေးရေးဂိတ်ရှိတယ်၊ စစ်တပ်က ပစ္စည်းတွေနဲ့ စစ်သား ၄ ဦးနဲ့ ပါလာတာ၊ ကျွန်တော်တို့ ဂိတ်က ရဲဘော်တွေနဲ့ တွေ့တော့ အဲဒီကောင်တွေ၊ သူတို့ပစ္စည်းတွေ၊ လက်နက်တွေနဲ့ ယူနီဖောင်းတွေနဲ့ မိတာ” ဟု သူက ပြောသည်။
ရိက္ခာတင်လာသည့် သင်္ဘောကို ထိန်းသိမ်းရန် ပြင်ဆင်နေစဉ် စစ်ကောင်စီဘက်မှ တပ်ကူရောက်ရှိလာပြီး ဧရာဝတီမြစ်ကမ်းပေါ်ရှိ ရွှေတန့်တစ်ရွာကို စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သူက ဆိုသည်။
“ဝင်ဝင်ချင်း ပစ်ဝင်တာပေါ့၊ ပြည်သူတစ်ယောက် သေတယ်။ ရွှေတန့်တစ်ရယ်၊ ဆင်မင်းရယ်၊ ကွင်းရွာရယ် ၃ ရွာဆက်တိုက်ကို တစ်ပြိုင်နက်တည်းဝင်လာတော့ ကျွန်တော်တို့ဘက်က ဆုတ်လိုက်ရတယ်” ဟု သူက ပြောသည်။
နောက်တစ်နေ့ ဇူလိုင် ၂၈ နံနက်ပိုင်းတွင် ရွှေတန့်တစ်ရွာ အရှေ့ဘက် ဧရာဝတီမြစ်ရေလယ်ကျွန်းရှိ ခြောက်ဦးသား၊ ကျွန်းပုလု၊ အောင်သာ စသည့် ကျေးရွာများကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ဦးဆောင်ပြီး လက်နက်ကိုင်အင်အား ၈၀ ကျော်ဖြင့် ထပ်မံစီးနင်းသည်ဟုလည်း ဒေသခံများက ပြောသည်။
ထိုသို့စီးနင်းရာတွင် ခြောက်ဦးသား ဒေသခံ ၂ ဦးကို ပစ်ခတ်သတ်ခဲ့သည်၊ အိမ်ခြေ ၂၉ လုံးကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တစ်ယောက်ကတော့ နှိပ်စက်ရင်းနဲ့မှ ထွက်ပြေးတာကို ပစ်သတ်လိုက်တဲ့ ပုံစံမျိုး။ ပက်လက်ကိုမှ ရေစပ်မှာ ဘေးနံတွေနဲ့ နောက်ကျောတွေကို မှန်ထားတာပေါ့” ဟု အဆိုပါ အသက် ၂၂ အရွယ် ခြောက်ဦးသား ရွာခံက ပြောသည်။
“(နောက်) တစ်ယောက်ကတော့ ဒူးထောက်ခိုင်းပြီးတော့ အနောက်ကနေပစ်တဲ့ပုံစံမျိုး။ ကုပ်ကနေပစ်လိုက်တာ၊ မျက်နှာတစ်ခုလုံးက လုံးဝပွင့်ထွက်ပြီး မျက်နှာကြည့်လို့မရလောက်အောင်ကို ဖြစ်သွားတာ”
သေဆုံးသွားသူ ခြောက်ဦးသား ၂ ဦးမှာ အသက် ၂၂ အရွယ် ပြည့်ဖြိုးကျော်နှင့် အောင်မျိုးဝင်းတို့ဖြစ်ကြသည်။
နှိပ်စက် ရိုက်နှက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် ရွာသား ၂ ဦး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့ပြင် ရွှေတန့်တစ်ဒေသခံ ၂ ဦး၊ ကွန်းရွာဒေသခံ ၁ ဦးနှင့် ခြောက်ဦးသားဒေသခံ ၁ ဦးတို့ကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တွင် ဖမ်းဆီး စစ်ဆေးနေသည်၊ ထို ၄ ဦး သေဆုံးသွားသည်အထိ နှိပ်စက်ကြမည်ကို စိုးရိမ်မိသည်ဟု ဒေသခံများက ပြောသည်။
အရပ်သားများကို ပစ်ခတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ကြောင်းကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က ဦးဆောင်လာခြင်းဖြစ်သည်၊ ပခုက္ကူမြို့တစ်ဖက်ကမ်း ညောင်ဦး-မြင်းခြံ ကားလမ်းတစ်လျှောက်ရှိ လက်ထုတ်၊ ညောင်လှ၊ အုတ်နှဲချောင်း ကျေးရွာများမှ ပြည်သူ့စစ် ခေါ် ပျူစောထီး အများစု ပါဝင်သည်ဟု ဒေသခံတို့က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ရေစကြိုမြို့နယ် ကွေ့တောက်ရွာတွင် ဆက်တပ်စွဲထားပြီး နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးသွားသည်၊ ပခုက္ကူ-ရေစကြိုလမ်းတစ်လျှောက်ရှိ ဂိတ်စခန်းများတွင်လည်း စစ်တပ် အင်အားတိုးထားသည်ဟုလည်း သိရသည်။
ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိကြပြီး မြန်မာ့ရှေးဟောင်း စေတီပုထိုးများတည်ရှိရာ ပုဂံ-ညောင်ဦးနှင့် တစ်ဆက်တည်း တည်ရှိနေသည့် ပခုက္ကူမြို့အနီးရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသည်။
မေလ ၂ ရက်နေ့ကလည်း ပခုက္ကူ-ရေစကြိုလမ်းမရှိ ပခုက္ကူလေဆိပ်အနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက် ၇ လက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီ တပ်သားများမှာ ပခုက္ကူမြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ပြီး မြို့ပြင်ပရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေသည်။
ဒေသခံတော်လှန်ရေးအင်အားစုက ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် နေရာယူထားပြီး မန္တလေးတိုင်း ညောင်ဦးမြို့နှင့် မျက်နှာချင်းဆိုင်ရှိ မြစ်ခြေမြို့အနီးရှိ ကျေးရွာများတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။
မြစ်ခြေမြို့အနီး အောင်သာကျေးရွာရှိ စစ်တပ်တပ်စွဲထားသည့် ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်သည့် တော်လှန်ရေးအင်အားစုက ဇူလိုင် ၁၇ တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲ့ယမ်းများ ရရှိခဲ့သည်ဟု ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဤအတောအတွင်း နေပြည်တော်စစ်ဆေးရုံမှ ခွင့်ယူပြီး ဇာတိမြေ ပခုက္ကူသို့ ပြန်လာသည့် ဗိုလ်ကြီးဝင်းဇော် ဆိုသူကို ဇူလိုင် ၂၄ ရက်နေ့က ဖမ်းဆီးထားကြောင်း တော်လှန်ရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ထားသည်။