သတင်း

မတ္တရာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် အရပ်သား ၄ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ရွာထဲမှ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး သေဆုံးရာ ထိုအထဲတွင် စစ်ဘေးရှောင်နေသူများ ပါဝင်သည်။

(စိတ်မချမ်းမြေ့ဖွယ် အသေးစိတ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)

မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ မတ္တရာမြို့နယ် တိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုက စစ်စခန်း ၇ ခု ထပ်မံသိမ်းပိုက်ရရှိခဲ့သလို ယခုရက်ပိုင်း လူနေအိမ်များကြား လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇူလိုင် ၃၀ နှင့် ဇူလိုင် ၂၄ ရက်နေ့တို့တွင် မတ္တရာမြို့အရှေ့ဘက် တစ်မိုင်ကျော်အကွာ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်ရှိ သပြေကုန်းကျေးရွာ ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်က သပြေကုန်းကျေးရွာအတွင်း ပေါက်ကွဲမှုများတွင် ခဝဲသီးခူးနေသည့် ရွာခံ ဒေါ်သန်းဝင်း ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“နေအိမ်နား ခဝဲသီးခူးရင်းနဲ့ သူ့အနားကို လာကျတာ။ ခေါင်းထိပြီး ခေါင်းကို ပြတ်သွားတာ။ ကံအတော်ဆိုးတယ်လို့ ပြောရမယ်။ သင်္ဂြိုဟ်ပြီးပါပြီ။ အခု အဲဒီရွာကလည်း အကုန်ကြောက်လန့်ပြီး ရှောင်ကြပြီ” ဟု သူက ယနေ့ ပြောသည်။

စစ်ကောင်စီတပ်က ထိုရွာမှ တစ်မိုင်အကွာအဝေးရှိ ကံဖြူကျေးရွာတွင် အင်အားရာဂဏန်းဖြင့် တပ်စွဲထားကာ လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ဇူလိုင် ၂၄ တွင်လည်း အလားတူ ပစ်ခတ်မှုကြောင့် သပြေကုန်းရွာမှ ဒေါ်ရီ (အသက် ၇၀) နှင့် သမီးဖြစ်သူ ဒေါ်လဲ့ရီဝင်း (၄၅ နှစ်) တို့ သေဆုံးခဲ့သည်၊ အခင်းဖြစ်ရာနေရာသို့ ရွာခံများ လာကြည့်စဉ် လက်နက်ကြီး ထပ်ကျ၍ သပြေကုန်းရွာသား ကိုအောင်ကျော်ထွန်းလည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုနှစ်ဦးသည် အနီးရှိ စဉ့်ကူးမြို့မှ စစ်ရှောင်ထွက်ပြေးလာသည့် သားအမိနှစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာ လက်နက်ကြီးစကြောင့် ဦးခေါင်းပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

“သားမိနှစ်ယောက်က စစ်ရှောင်လာရင်း ဖြစ်သွားတာ။ အဘွားက ခေါင်းပြတ်သေသွားတာ။ အဲဒါကို အလောင်းလည်း မကောက်နိုင်ကြသေးတော့ ရွာသားတွေက သွားကြည့်တာ။ သွားကြည့်တဲ့အချိန် ပြန်အထွက်မှာ လက်နက်ကြီးတစ်လုံးက ထပ်ပစ်တာ။ အဲဒီမှာ ကိုအောင်ကျော်ထွန်းဆီ ကျပြီး ဆုံးတာ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။

ဒေါ်လဲ့ရီဝင်း၏ ဦးခေါင်းနှင့် လက်၊ ကိုအောင်ကျော်ထွန်း၏ ဦးခေါင်းတို့တွင် လက်နက်ကြီးစ ထိမှန်ခဲ့ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ရန်သူရှိနိုင်မည်ဟု ယူဆရသော၊ ရန်သူကို ထောက်ခံသည်ဟု ယူဆရသော ရွာများကို ပစ်ခတ်လေ့ရှိသည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်း ပစ်ခတ်မှု၊ ထိခိုက်သေဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now ကလည်း စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အလားတူ ပစ်ခတ်မှုမျိုးနှင့် ပတ်သက်လျှင် သတင်းမှားဖြစ်ကြောင်း စစ်ကောင်စီက မကြာခဏ သတင်းထုတ်ပြန်ဖူးသည်။

လက်နက်ကြီးနှင့် လေကြောင်းရန်ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက လိုက်လံပညာပေးခဲ့ပြီး သရုပ်ပြရုပ်သံကိုလည်း MDY-PDF က ဇူလိုင်လ နောက်ဆုံးပတ်က ထုတ်ပြန်ထားသည်။

ကျေးရွာတချို့တွင် လက်နက်ကြီးနှင့် လေကြောင်းရန် သတိပေးချက် ကပ်ထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-MDY-PDF)

မတ္တရာရှိ နောက်ထပ် စစ်စခန်း ၇ ခုကို MDY-PDF တိုက်ခိုက်ရရှိ

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၇ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း MDY-PDF ပြောရေးဆိုခွင့် ကိုအော်စမွန်က Myanmar Now ကို ယနေ့ ပြောသည်။

“ပြီးခဲ့တဲ့နှစ်ပတ်တာအတွင်းမှာ ကျွန်တော်တို့အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ စခန်းအရေအတွက်ပဲ ဖြစ်ပါတယ်။ မတ္တရာမြို့နယ်အတွင်းမှာဆိုရင် လက်ရှိစခန်းအရေအတွက်က ၃၅ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

နောက်ဆုံး သိမ်းပိုက်ရရှိခဲ့သည်မှာ ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာတပ်စခန်း၊ အောင်သပြေကားကွင်းတပ်စခန်း၊ မြို့ကုန်းရွာတပ်စခန်း၊ ထန်းပင်ကုန်းရွာတပ်စခန်းနှင့် ဘိုကုန်းရွာတပ်စခန်းတို့ ဖြစ်သည်။

MDY-PDF အနေဖြင့် မတ္တရာမြို့နယ်အတွင်း သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပြီး ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာတို့တွင် ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ဇွန် ၂၅ ရက်မှ စတင်၍ မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်နေပြီး မတ္တရာတစ်မြို့လုံး သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသည်။

မန္တလေးမြို့မှ ကားဖြင့် သွားလျှင် ၁၇ မိုင်အကွာအဝေးရှိ ကျောက်တံတားကျေးရွာ၊ ၁၃ မိုင်အကွာအဝေး ဝသုန္ဒရရွာနှင့် ၃၄ မိုင်အကွာအဝေးရှိ အေးသာယာရွာတို့တွင် ယခု ဇူလိုင်နောက်ဆုံးပတ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့နယ်အတွင်း လူအသေအဆုံး အထိအခိုက်ရှိနေကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့တစ်ဖွဲ့က ဆိုသည်။

“အသေအဆုံး အထိအခိုက်တွေက များတယ်။ ဖုန်းလိုင်း အခက်အခဲကြောင့်ရော၊ စစ်ရှောင်နေကြရတာကြောင့်ရော အရေအတွက်က အသေအချာမပြောနိုင်သေးဘူးပေါ့နော်” ဟု မတ္တရာတွင် စစ်ရှောင်များကို ကူညီနေသူ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။

မတ္တရာ စစ်ဘေးရှောင်အရေအတွက်လည်း များပြားလာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး ရရှိရန် ခက်ခဲသည်ဟု ပြောသည်။

“လတ်တလော ရှောင်လာရသူအရေအတွက်ကိုက လူဦးရေ ၆၀၀ လောက်ကို ၂၀၀ စီ သုံးနေရာလောက်ခွဲပြီး ကျွန်မတို့ ကူညီပေးနေတယ်။ တချို့ကလည်း နီးစပ်ရာ သူတို့အမျိုးတွေဆီ သွားနေကြတယ်” ဟု စစ်ရှောင်ကူညီရေးအဖွဲ့မှ အမျိုးသမီးက ဆိုသည်။

“စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အဓိက အကူညီတွေ လိုအပ်နေပါတယ်။ ရက်ကြာလာတော့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ မသိသေးဘူးပေါ့နော်”

Show More

Related Articles

Back to top button