သတင်း

အောင်ဘာလေ အရောင်းကျသွားချိန်တွင် တော်လှန်ထီများ ပေါ်ထွက်လာ

တော်လှန်ရေး၊ ပညာရေးအဖွဲ့အစည်းတချို့က ထီလက်မှတ် ထုတ်လုပ်ရောင်းချနေကြခြင်းမှာ လစဉ် ဝင်ငွေအသင့်အတင့်ရနိုင်သော ရန်ပုံငွေရှာဖွေသည့် နည်းလမ်းဖြစ်လာပြီး ရပ်နီးရပ်ဝေးမှ ပြည်သူများလည်း ပါဝင် အားပေးနေကြသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်၏ နှိပ်ကွပ်မှုကို ရင်ဆိုင်နေရသူများက စီစဉ်ခြင်း ဖြစ်သောကြောင့် အားပေးသူ များပြားနေခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ‘နွေဦးထီ’၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအတွက် ပေါ်ပေါက်လာသည့် ‘တူမီးထီ’၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ‘သူးလေထီ’ တို့ လည်ပတ်နေချိန်တွင် ယခင်လက ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ပလောင်ဒေသ ပညာရေးအတွက် ‘တအာင်းထီ’ ပေါ်ပေါက်လာသည်။

ထီရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကို ဆုကြေးငွေအဖြစ် သတ်မှတ်ထားကြသည်ဟု သိရသည်။ 

နိုင်ငံအနှံ့ အားပေးခဲ့ကြသော၊ စစ်ကောင်စီ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသဖြင့် အကြီးအကျယ် အရောင်းကျသွားသော ‘အောင်ဘာလေထီ’ ကဲ့သို့ပင် အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသော ထီအများစုသည် လဆန်း ၁ ရက်နေ့တွင် ဖွင့်လှစ်ကြသည်။

တအာင်းထီ

‘တအာင်းထီ’ ကို ဇူလိုင်တွင် ပထမဆုံးအကြိမ် ဖွင့်ရာ အမြင့်ဆုံးဆုကြေး ကျပ် သိန်း ၅၀၀ ဆုကို တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်တွင် နေထိုင်သူ ကိုပင်းအိမ်ဆိုသူ ဆွတ်ခူးသွားသည်။

သိန်း ၁၀၀ တန် ၃ ဆု၊ သိန်း ၅၀ ဆု ၅ ဆု အပါအဝင် ဆုများကို အများပြည်သူရှေ့မှောက် မဲနှိုက် ရွေးချယ်ဖွင့်လှစ်သည့် အခမ်းအနားကို ‘Ta’ang Lattery’ facebook စာမျက်နှာကလည်း ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကို တွေ့ရသည်။

ထီရောင်းရငွေ စုစုပေါင်း၏ ထက်ဝက်ခန့်ကို ဆုကြေးအဖြစ် ချီးမြှင့်ခဲ့ရာ ပထမအကြိမ်တွင် ရန်ပုံငွေ သိန်း ၁၀၀၀ ကျော် ရရှိခဲ့ကြောင်း တအာင်းထီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မိုင်းတင်အောင်က Myanmar Now ကို အတည်ပြုသည်။

ပညာရေးရန်ပုံငွေအတွက် ‘တအာင်းထီ’ ထုတ်လုပ်ရောင်းချသည့် တအာင်းအမျိုးသားပညာရေးကော်မတီ TNEC က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းဒေသတွင် စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနနှင့် မသက်ဆိုင်သည့် စာသင်ကျောင်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားသည်။

ထီလက်မှတ် ရောင်းပြီး ရန်ပုံငွေရှာဖွေခြင်းသည် ဆရာဆရာမများကို လစာအပြည့်ပေးနိုင်ရေး၊ သင်ထောက်ကူပစ္စည်းအတွက် ကျောင်းသားမိဘများထံမှ ငွေကောက်ခံမှု ကင်းလွတ်ရေးအတွက် ရည်ရွယ်ကြောင်း TNEC က ထုတ်ပြန်ထားသည်။

TNEC အဖွဲ့ကို တအာင်းဒေသ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လမ်းဘေးတွင် စားပွဲချပြီး ‘တအာင်းထီ’ တစ်စောင် ကျပ် ၂၀၀၀ နှုန်း ရောင်းချနေသည့် မြင်ကွင်းကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် တွေ့နိုင်သည်။ အရောင်းကိုယ်စားလှယ်တချို့က ထီလက်မှတ်များကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတွင် တင်ကာ ဝယ်ယူအားပေးရန် လှုံ့ဆော်ခဲ့ကြသည်။

တအာင်းထီလက်မှတ်များ

အာဏာသိမ်းစစ်တပ် ချုပ်ကိုင်လိုက်သည့် အောင်ဘာလေထီ သပိတ်မှောက်ခံထားရချိန်တွင် တအာင်းထီကို ဒေသခံအများအပြားက အားပေးကြကြောင်း ကွတ်ခိုင်မြို့နယ်မှ တအာင်းထီအရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်သည့် လွေးရွှေမြင့်က ပြောသည်။

“စစ်တပ်ဘက်ကထုတ်တဲ့ထီကို ထိုးလိုက်တယ်ဆိုရင် စစ်ကောင်စီဘက်ကို အားပေးရာရောက်တယ်ဆိုပြီးတော့ လူတိုင်းက မထိုးကြတော့ဘူး။ ကိုယ်တိုင်လည်း မထိုးဘူးပေါ့နော်။ အဲ့လိုမျိုးမှာ ဒီ တအာင်းထီ ပေါ်လာတယ်ဆိုတော့ ဒါလေးကို ပိုပြီးတော့ စိတ်ဝင်စားလာတယ်” ဟု လွေးရွှေမြင့်က ပြောသည်။

ထီဖွင့်ရက်နီးမှ သူ့ထံ ရောက်လာသည့် ထီလက်မှတ် ၁၇၀၀ ရှိပြီး အားလုံးနီးပါး ရောင်းကုန်ခဲ့သည်ဟု သူက ဆက်ပြောသည်။

ထီဖွင့်မယ့်ရက်နဲ့ ကိုယ့်လက်ထဲရောက်တဲ့ရက်နဲ့က တစ်ပတ်လောက်ပဲ ကွာတာဆိုတော့ တော်တော်မြန်မြန်ရောင်းလိုက်ရတယ်။ ပြည်သူလူထုတွေကလည်း ဒီလိုမျိုးလုပ်နိုင်တာကို အားကျပြီးတော့ တော်တော်အားပေးကြတယ်။ တချို့ကျတော့လည်း ထီပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ၊ သူတို့က ဒီထီကို အလှူသဘောအနေနဲ့ ထိုးကြတယ်” ဟု သူက ရှင်းပြသည်။

ကွတ်ခိုင်မြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုမှ ဒေါ်အေးအိုက ထီကို ဝယ်ယူအားပေးသူ များပြားသည်ဟု ဆိုသည်။

“တအာင်းထီဆိုတော့ ကိုယ့်ရဲ့လူမျိုးအတွက်လည်း ဖြစ်တယ်၊ ကလေးတွေအနာဂတ် ပညာရေးအတွက်လည်း ဖြစ်တဲ့အတွက်ကြောင့် တော်တော်များများ ထိုးဖြစ်တာပါ။ ကိုယ်ပေါက်ရင်လည်း ကံတရားပေါ့။ မပေါက်တော့လည်း အလှူဒါနပေါ့” ဟု သူက ပြောသည်။

နွေဦးထီ

အာဏာသိမ်းမှုအပြီး ပထမဆုံး ပေါ်ပေါက်လာသည့်ထီမှာ NUG က ထုတ်လုပ်သည့် နွေဦးထီ ဖြစ်သည်။

၂၀၂၁ စက်တင်ဘာလမှ စပြီး ‘အောင်လံလွှင့်ချီ နွေဦးထီ’ ဟု ကြော်ငြာကာ လစဉ် ရောင်းချလာသည်မှာ အကြိမ် ၂၀ အထိ ရှိလာပြီ ဖြစ်သည်။

NUG အစိုးရက ဖွင့်လှစ်ရန် စီစဉ်နေသည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) နှင့် ချိတ်ဆက် ဆောင်ရွက်မည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“မကြာခင်မှာ ဒီနွေဦးထီကိုလည်း ကျွန်တော်တို့အနေနဲ့ International Lottery လိုမျိုး Spring Development Bank နဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံတကာက စင်ကာပူက 2D, 4D လိုဟာမျိုး၊ ထိုင်းထီလိုဟာမျိုးဖြစ်အောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားမယ့် အနေအထားတွေ ရှိတယ်” ဟု ဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ‘နွေဦးထီ’ အပါအဝင် NUG က အကောင်အထည်ဖော်ခဲ့သည့် ဘဏ္ဍာရန်ပုံငွေရှာဖွေရေး စီမံကိန်းများက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရရှိပြီး တော်လှန်ရေးအတွက် သုံးစွဲနေသည်ဟု သူက ဆက်ပြောသည်။

သူးလေထီ

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်လုပ် ရောင်းချနေသည့် သူးလေထီကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သဖြင့် ၁၆ ကြိမ်မြောက်အထိ သက်တမ်းရှိလာပြီဖြစ်သည်။

ထီရောင်းရငွေ၏ ထက်ဝက်ကို ဆုကြေးအဖြစ် သတ်မှတ်ထားရာမှ ၇ ကြိမ်မြောက်မှစပြီး ၁၅၅ သိန်းကို ဆု၊ ကျန်ငွေကို ရန်ပုံငွေအဖြစ် သတ်မှတ်လိုက်သည်။

သူးလေထီက တော်လှန်ရေးရန်ပုံငွေ သိန်း ၅၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့သည်ဟု သူးလေထီရုံး၏ ရုံးအုပ်ဖြစ်သူ စောအယ်မူးက ပြောသည်။

“KNU က စစ်ရေးကို အရှိန်မြှင့်လာတာ တွေ့တယ်။ စစ်ရေးတွေ အရှိန်မြှင့်လာတယ်။ အဲ့ဒါဆိုတော့ ဘတ်ဂျက်က ပိုပြီးတော့ လိုအပ်လာတဲ့အပိုင်းတွေ တွေ့တယ်။ ကျွန်တော်တို့ ရှာဖွေပေးချင်တဲ့ ဘတ်ဂျက် တစ်လကို ဘယ်လောက် ဘယ်လောက်ဆိုပြီး Target (ရည်မှန်းချက်) ထားတယ်။ သို့ပေမဲ့ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အထိတော့ လက်ရှိအချိန်အထိ မရောက်သေးဘူး” ဟု စောအယ်မူးက ပြောသည်။

တစ်စောင် ကျပ် ၄၀၀၀ နှုန်း ရောင်းနေသည့် သူးလေထီကို အများဆုံး ဝယ်ယူအားပေးသူတို့မှာ ပြည်တွင်းမှ ဖြစ်သည်၊ ထိုင်းက ဒုတိယ၊ မလေးရှားက တတိယ ရောင်းအားလိုက်သည်ဟု သိရသည်။

တော်လှန်ရေးရန်ပုံငွေ ပိုရရှိရေး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသူတို့ ဝင်ငွေ ရရှိရေး ရည်ရွယ်ချက်ဖြင့် ထီအရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်ထားသည်၊ အရောင်းကိုယ်စားလှယ်ကို ထီလက်မှတ်ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်း ပေးမည်ဟုလည်း ကမ်းလှမ်းသည်။

အွန်လိုင်းမှ ရောင်းချနိုင်ခြင်းက သူးလေထီ၏ အားသာချက် ဖြစ်လာသည်။

သူးလေထီလက်မှတ်များ

တူမီးထီ

လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်သည့် စစ်ကောင်စီကို ခုခံသည့် တော်လှန်ရေးမှာ ချင်းတိုင်းရင်းသားတို့၏ ရိုးရာ လက်လုပ် ‘တူမီးသေနတ်’ ဖြင့် အစပြုခဲ့ခြင်း ဖြစ်သည်။

ထိုလက်နက်အမည်ကို အစွဲပြုပြီး ချင်းပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ရန်ပုံငွေအတွက် ‘တူမီးထီ’ ပေါ်ပေါက်လာသည်။

တူမီးထီတစ်စောင်ကို ၅ ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးနှင့် ရောင်းချနေသည်၊ ထီရောင်းချရငွေ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို ဆုကြေး၊ ၇၅ ရာခိုင်နှုန်းကို တော်လှန်ရေးရန်ပုံငွေအဖြစ် သတ်မှတ်ထားသည်ဟု ‘တူမီးထီ’ ၏ အတွင်းရေးမှူးဖြစ်သူ ဆလိုင်း ဒိုခါရ်ထံမှ သိရသည်။

အနာဂတ်ကာလ ပြည်နယ်ကို အခြေခံသည့် ထီလုပ်ငန်းဖြစ်လာရေးအထိ ရည်ရွယ်ပြီး ‘တူမီးထီ’ ကို ထုတ်လုပ်ရောင်းချလာသည်မှာ ၁၅ ကြိမ်မြောက် ရှိလာပြီးနောက်တွင် တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂ သောင်းနီးပါး (ကျပ်သိန်း ၄၀၀ ကျော်) ရရှိခဲ့သည်ဟု ဆလိုင်း ဒိုခါရ်က ဆိုသည်။

“ကျွန်တော်တို့ ဂုဏ်ယူစွာနဲ့ လစဉ် လည်ပတ်စေနိုင်တာကတော့ တူမီးထီကို အားပေးတဲ့သူတွေဟာ တစ်ထောင့်တစ်နေရာကနေ ဒီတော်လှန်ရေးမှာ အဆုံးထိ ပါဝင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လစဉ်ထိုးပေးနေတဲ့သူတွေ အများကြီးရှိတာမို့လို့ သူတို့ရဲ့ စိတ်ဓာတ်မြင့်မြတ်မှုတွေကို လေးစားသောအားဖြင့် ငွေပမာဏများစွာ မရှာနိုင်သော်လည်းဘဲ ယနေ့အချိန်အထိ လစဉ်ရုန်းကန်ပြီးတော့ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်” ဟု ဆလိုင်း ဒိုခါရ်က ပြောသည်။

“(ဝယ်ယူအားပေးသူတွေထဲမှာ) ချင်းလူမျိုးတွေလည်း ပါတယ်၊ ဗမာတွေ ပါတယ်၊ တခြားလူမျိုးတွေလည်း ပါတယ်။ အဲ့မှာတောင် ထူးခြားချက်တစ်ခုအနေနဲ့ မြန်မာပြည်တွင်းက လူတွေ ပိုများတယ်”

တူမီးထီရန်ပုံငွေကို ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များကို အလှည့်ကျစနစ်ဖြင့် လစဉ် ထောက်ပံ့ပေးနေသည်ဟု သိရသည်။

တူမီးထီ App ကို လက်ကိုင်ဖုန်းတွင် ထည့်သွင်းပြီး ထီထိုးနိုင်ရန် စီစဉ်ထားသည့်နည်းဖြင့် နိုင်ငံတကာရောက် မြန်မာပြည်သားများကို ဆွဲဆောင်နေသည်။

တူမီးထီက လက်မှတ်ထုတ်လုပ်ခြင်းမရှိဘဲ အွန်လိုင်းမှသာ ကံစမ်းနိုင်မည် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများ ထိန်းချုပ်သည့် အောင်ဘာလေထီ

စစ်ဗိုလ်ချုပ်တို့ ထိန်းချုပ်မှုအောက် ရောက်သွားသည့် ‘အောင်ဘာလေထီ’ ကို သပိတ်မှောက်သည့် လှုပ်ရှားမှုကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ကြားထဲတွင် ထိရောက်သည့် လှုပ်ရှားမှု ဖြစ်နေသည်။ 

လမ်းကြိုလမ်းကြားအထိ နေ့ရောညပါ ထီလက်မှတ် လိုက်လံ ရောင်းချသူတို့ကလည်း ယခုအခါ အားလုံးနီးပါး အခြားလုပ်ငန်း ပြောင်းလုပ်နေကြပြီဖြစ်သည်။

အမြင့်ဆုံးဆုကို ကျပ် သိန်း ၁၅,၀၀၀ ပေးခဲ့သည့် အရောင်းထိုင်း အောင်ဘာလေသည် ယခုအခါ အမြင့်ဆုံး သိန်း ၅,၀၀၀ သာ ပေးနိုင်တော့သည်။

ဤအခြေအနေတွင် ထီကို အွန်လိုင်းတွင်လည်း ရောင်းမည်ဟု စစ်ကောင်စီက ဇွန်လဆန်းတွင် ကြေညာထားသည်။ အွန်လိုင်းထီအတွက် နည်းပညာဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအဖြစ် ‘Mytel’ ကို ရွေးချယ်ထားသည်။

‘Mytel’ သည် အာဏာသိမ်း စစ်ခေါင်းဆောင်မိသားစု အကျိုးစီးပွားနှင့် ဆက်နွှယ်နေသည့်အပြင် စစ်တပ်၏ ဆက်သွယ်ရေးလုပ်ငန်းလည်း ဖြစ်သောကြောင့် ပြည်သူအများအပြားက သပိတ်မှောက်ထားပြီးဖြစ်သည်။

အောင်ဘာလေထီ၏ စျေးကွက်ဝေစုကို အခြားထီများက ရယူသွားပြီဖြစ်သည်။

ဤအတောအတွင်း ထိုင်း၊ စင်ကာပူတို့မှ ထီလက်မှတ်များကို ဝယ်ယူပြီး အွန်လိုင်းလူမှုကွန်ရက်တွင် ရောင်းချနေသူများလည်း အများအပြားရှိနေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button