သတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌပင်လျှင် ဦးပိုင်ရှယ်ယာရှင်ဖြစ်နေ

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် စတင်ထူထောင်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ကာလများကတည်းက ယနေ့အချိန်ထိ အစုရှယ်ယာရှင်အဖြစ် ပါဝင်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဝန်ခံပြောကြားလိုက်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်အပေါ်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်းကိုယ်တိုင် ဦးပိုင်အစုရှယ်ယာ ကျပ်နှစ်သိန်းဖိုး ဝယ်ယူထားပြီး နှစ်စဉ်အမြတ်ငွေ ကျပ်သောင်းဂဏန်း ရရှိနေသည်ဟု ဝန်ခံပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုအချိန်အထိ ဘာမျှမတိုးမလျော့ ပြောင်းလဲခြင်း လုံးဝမရှိပါဘူး”ဟု ကော်မရှင်အကြီးအကဲ ဦးအောင်ကြည်က ပြောသည်။

ထိုသို့ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွား ထွေးရောယှက်တင်ဖြစ်နေမှုအပေါ် အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြေ၊ ကော်မရှင်က ပါဝင်ဆောင်ရွက်နိုင်မည့်အခန်းကဏ္ဍနှင့် ပတ်သက်၍ ကော်မရှင်ထံ Myanmar Now က အီးမေးလ်မှတဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ စီးပွားရေးလုပ်ငန်းများ၌ လုပ်ပိုင်ခွင့်အာဏာရှိသည့် ဌာနဆိုင်ရာ အရာရှိကြီးများ ပါဝင်နေခြင်းသည် နိုင်ငံတကာစံနှုန်းများ၊ စီးပွားရေးလုပ်ငန်းကြီးများစီမံအုပ်ချုပ်မှု (Corporate Governance) အရ အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြေရှိသည်ဟု ထင်မြင်ကြောင်း ဦးအောင်ကြည်က ပြန်လည်ဖြေကြားခဲ့သည်။

“တာဝန်ယူပေးရတဲ့ စီးပွားရေးလုပ်ငန်းရဲ့အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့အကျိုးစီးပွား သို့မဟုတ် အများပြည်သူလူထုရဲ့ အကျိုးစီးပွားအကြားမှာ အကျိုးစီးပွားပဋိပက္ခမဖြစ်ပွားရအောင် ရှောင်ရှားနိုင်ဖို့ အတော်ကလေး ခက်ခဲနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့ရာတွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းပြီးဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၌ ယင်းကဲ့သို့သော အကျိုးစီးပွားပဋိပက္ခနှင့်ပတ်သက်၍ တိုက်ရိုက်ဖော်ပြထားခြင်း မရှိသည့်အတွက် ဥပဒေနှင့်ငြိစွန်းသည်ဟု ကော်မရှင်က မယူဆနိုင်ကြောင်း ဦးအောင်ကြည်က ဆိုသည်။

“ဒါကြောင့် နိုင်ငံတကာစံနှုန်းအရ အဂတိလိုက်စားမှုတားဆီးကာကွယ်ဖို့ ထောက်ပြရန် အကြံဉာဏ်ပေးခြင်းသာ ပြုလုပ်နိုင်ပြီး ကော်မရှင်က စုံစမ်းစစ်ဆေးရန် အခွင့်အာဏာမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်း၌ လုပ်ပိုင်ခွင့်တာဝန်ယူမထားလျှင်၊ ၎င်း၏စီးပွားရေးလုပ်ငန်းနှင့်ဆက်စပ်နေသော အစိုးရရုံးဌာနတစ်ခုတွင် လုပ်ပိုင်ခွင့်အာဏာရှိသူမဟုတ်လျှင် သာမန်အားဖြင့် အကျိုးစီးပွားပဋိပက္ခ ဖြစ်စရာမရှိဟု ယူဆကြောင်း ဦးအောင်ကြည်က ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်နေသည့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ နောက်ဆုံးရရှိထားသော လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းတစ်ခု ပါဝင်နေသည်။ အဆိုပါလုပ်ငန်းကို ဦးပိုင်၏ လက်ခွဲကုမ္ပဏီဖြစ်သည့် လန်းပြီ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ၎င်းနှင့်မိတ်ဖက် ထာဝရနဒီ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းစုက ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ ဖွင့်ဟကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ထာဝရနဒီလုပ်ငန်းစုသည် မေ ၂၈ ရက်ကပင် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာအရောင်းအဝယ်ပြုခွင့်ရ ကုမ္ပဏီအဖြစ် တရားဝင်သတ်မှတ်ခံထားရပြီးဖြစ်သည်။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် ကြယ်ငါးပွင့် သင်္ဘောကျင်းလုပ်ငန်းကိုလည်း တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံတော်ထံမှ တပ်မတော်က လက်လွှဲဝယ်ယူခဲ့သည်ဟု ၂၀၁၅ ခုနှစ်တွင် ပြုစုခဲ့သည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ 

၂၀၁၅ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေတွင် ဆိပ်ကမ်းအာဏာပိုင်၏ မည်သည့် အရာထမ်း၊ အမှုထမ်းမဆို မိမိ၏အကျိုးစီးပွားအတွက် ဆိပ်ကမ်းဆိုင်ရာစီးပွားရေးလုပ်ငန်းတစ်ခုခုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခြင်းမပြုရ၊ ဆိပ်ကမ်းဆိုင်ရာစီးပွားရေးလုပ်ငန်းအတွက် ချုပ်ဆိုသောစာချုပ်တွင် ပါဝင်ချုပ်ဆိုခြင်း၊ ပတ်သက်ခြင်းမပြုရန် ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ပါက ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဦးအောင်ကြည်ကမူ “အကျိုးစီးပွားပဋိပက္ခဆိုတာ အဂတိလိုက်စားမှုဖြစ်နိုင်ခြေ အန္တရာယ်ကြီးမားခြင်း သဘောသာလျှင်ဖြစ်ပြီး အဂတိလိုက်စားမှုကျူးလွန်ခြင်း မဖြစ်သေးပါဘူး။ ပုဂ္ဂလိကအကျိုးနှင့် အများပြည်သူလူထုအကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့နေရာမှာ လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ဖွဲ့၊ ကုမ္ပဏီတစ်ခု၊ လူ့အသိုက်အဝန်းတစ်ခုရဲ့ အကျိုးစီးပွားကို အများပြည်သူအကျိုးစီးပွားထက် ဦးစားပေးဆုံးဖြတ်ခြင်း၊ ဆောင်ရွက်ခြင်းပြုလုပ်မိပြီဆိုမှ အဂတိလိုက်စားမှု ဖြစ်လာမှာပါ” ဟု ဆိုသည်။

သို့သော် ပြစ်မှုကျူးလွန်ချိန်အထိ စောင့်မနေဘဲ အဂတိလိုက်စားမှု မဖြစ်ရလေအောင် ကြိုတင်တားဆီးကာကွယ်သင့်ကြောင်း၊ ပညာပေးလုပ်ငန်းများကို ကော်မရှင်လုပ်ဆောင်နေကြောင်း၊ ဥပဒေ၊ စည်းမျဉ်းများကို ပြန်လည်စိစစ်၍ ပြုပြင်နိုင်ရေး ကူညီပေးနေကြောင်းလည်း ဦးအောင်ကြည်က ပြောသည်။

ပြဋ္ဌာန်းထားပြီးဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၌ လုပ်ပိုင်ခွင့်အာဏာရှိသူများပိုင်ဆိုင်သည့်  ငွေကြေးပစ္စည်း၊ တာဝန်နှင့် ရရန်ပိုင်ခွင့်များ ကြေညာရန်ကိစ္စ အကောင်အထည်ဖော်နိုင်ရန် နည်းဥပဒေအသစ် (မူကြမ်း) ရေးဆွဲပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီမူကြမ်းအတည်ဖြစ်လာရင် အကျိုးစီးပွားပဋိပက္ခကိစ္စတွေကိုလည်း ပိုမိုကောင်းမွန်စွာ တားဆီးကာကွယ်နိုင်ပါလိမ့်မယ်”ဟု ဦးအောင်ကြည်ကဆိုသော်လည်း အဆိုပါနည်းဥပဒေကို မည်သည့်အချိန်တွင် အတည်ပြုထုတ်ပြန်နိုင်မည်ကိုမူ မသိရပေ။

သွင်းကုန်ပို့ကုန်လုပ်ငန်းများနှင့် ဆက်စပ်နေသည့် ဆိပ်ကမ်းလုပ်ငန်းတွင် အဓိကကျသည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဲ့သို့သော အရေးကြီးအာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများ ပါဝင်နေခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုပါဝင်နေခြင်းက ဥပဒေနှင့်ငြိစွန်းမှု ရှိနေသည်ကို သတိချပ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ထောက်ပြသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၆၈ တွင် မည်သည့်ပြည်သူ့ဝန်ထမ်းမဆို စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပါက ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ဟု ၎င်းက ထောက်ပြသည်။

“အဲဒီဥပဒေက ဦးပိုင်ရော၊ အစိုးရကလုပ်တဲ့အလုပ်တွေရော(စီးပွားရေး)၊ နိုင်ငံ့ဝန်ထမ်းတွေပါတဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်လုံး အဲဒီပုဒ်မနဲ့ငြိတာပေါ့”ဟု ဦးမြင့်သွင်က ဆိုသည်။

အမျိုးသားလွှတ်တော် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၁ ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းကလည်း လက်ရှိအချိန်ထိ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွား ကန့်သတ်မှုဆိုင်ရာအားနည်းချက်များ ရှိနေခြင်းမှာ မဖြစ်သင့်တော့ဟု မှတ်ချက်ပြုသည်။

ဦးအောင်ကြည်နှင့်ပတ်သက်၍ “စည်းခြားဖို့လိုနေပြီ။ သူက(ဦးအောင်ကြည်)အရင်က ပတ်သက်လို့ ဆိုနိုင်တယ်၊ ဒီလုပ်ငန်း(အဂတိလိုက်စားမှု တိုက်ဖျက်ရေး)ကို စေတနာနဲ့လုပ်ကောင်းလုပ်လိမ့်မယ်၊ သို့သော်ငြားလည်း အခုက အမြင်မရှင်းဘူးပေါ့”ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ဒါရိုက်တာ မစ္စဗစ်ကီဘိုးမင်း (Vicky Bowman) ကမူ စီးပွားရေးဦးပိုင်လီမိတက်တွင် ရှယ်ယာပေါင်း သန်း ၂၈၀ ကျော် ရှိသည်ဆိုထားသဖြင့် ဦးအောင်ကြည်ပိုင်ဆိုင်မှုမှာ ရှယ်ယာစုစုပေါင်း၏ သုည ဒသမ ၀၀၀၀၇ ရာခိုင်နှုန်းခန့်သာဖြစ်ဖွယ်ရှိပြီး ထိုသို့ရှယ်ယာပိုင်ဆိုင်မှု အနည်းငယ်ကြောင့် အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်သည်ဟု မမှတ်ယူနိုင်ကြောင်း ပြောသည်။

သို့သော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များအပါအဝင် အာဏာရှိသူများအားလုံး၏ ပုဂ္ဂလိကအကျိုးစီးပွားဆိုင်ရာပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာထားသင့်ကြောင်း၊ လက်ရှိအချိန်အထိ ယင်းကိစ္စအကောင်အထည်ဖော်ရာတွင် အကန့်အသတ် ရှိနေဆဲဟု ယူဆကြောင်းလည်း ၎င်းက ပြောသည်။

“ဦးပိုင်ကိုပဲဖြစ်ဖြစ် အခြားကုမ္ပဏီတစ်ခုကိုပဲဖြစ်ဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ရဆေးရတော့မယ့်အခြေအနေမှာ ကော်မရှင်အဖွဲ့ဝင်တွေထဲက ဒီစစ်ဆေးခံမယ့်ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတယ်ဆိုရင် သူတို့ရယူထားတဲ့ ရှယ်ယာတွေကြောင့် အကျိုးစီးပွားပဋိပက္ခ အလားအလာရှိနိုင်ကြောင်း တိတိပပ ရှင်းလင်းကြေညာသင့်တယ်။ ဒီလိုအခြေအနေမှာ ကော်မရှင်က အစီရင်ခံရတဲ့ သမ္မတကပဲဖြစ်ဖြစ် သို့တည်းမဟုတ် အခြားကော်မရှင်အဖွဲ့ဝင်တွေကပဲဖြစ်ဖြစ် ဒီလိုအကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြေရှိတဲ့သူဟာ စုံစမ်းရေးအဖွဲ့မှာ ဝင်ပါဖို့ သင့်မသင့် ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းလည်းဖြစ်သည့် မစ္စဘိုးမင်းက ဆိုသည်။

ဦးအောင်ကြည်သည် တပ်မတော်၌ ဗိုလ်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ယခင်အစိုးရလက်ထက်တွင် အလုပ်သမား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ပြန်ကြားရေးဌာနများ၌ ပြည်ထောင်စုဝန်ကြီးတာဝန်များ ယူခဲ့သည်။ စစ်အစိုးရခေတ်တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို တာဝန်ယူခဲ့ရသူဖြစ်သည်။ ဦးအောင်ကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button