သတင်း

စစ်ရေး အရှိန်မြှင့်ရန် နိုင်ငံတောင်ပိုင်းလမ်းမကြီးများ သွားလာခွင့် NUG ကန့်သတ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတောင်ပိုင်းဒေသအတွင်း လမ်းမကြီးများပေါ်တွင် ယာဉ်သွားလာခွင့်များကို ဇူလိုင် ၁ မှ စတင်၍ ကန့်သတ်လိုက်ပြီး တန်ပြန်ထိုးစစ်ဆင်ရေးအတွက် ပြင်ဆင်နေသည်ဟု သိရသည်။

နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီကြား ပဲခူးတိုင်းအတွင်း ရန်ကုန်- မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်း၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်း ရန်ကုန် – မုတ္တမ၊ ကရင်ပြည်နယ်အတွင်း ရန်ကုန် – ဖားအံလမ်းပိုင်းတို့တွင် ယာဉ်များ သွားလာခြင်းမပြုရန် NUG လက်‌အောက်ခံ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲက ကြေညာခဲ့ခြင်း ဖြစ်သည်။

ကျန်အချိန်များတွင် ဖြတ်သန်းသွားလာပါကလည်း မော်တော်ယာဉ်များကို မှန်ချ မောင်းရန်၊ တာဝန်အရ စစ်မေးခြင်းကို လက်ခံရန်လည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

လိုက်နာရန် ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို တာဝန်ယူမည် မဟုတ်ကြောင်းလည်း ပါရှိသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ဗျူဟာကျကျ စစ်ရေးအရှိန် မြှင့်တင်နေခြင်း ဖြစ်ကြောင်း Myanmar Now ကို ယနေ့ ပြောသည်။

“ကနဦး ကျွန်တော်တို့ ရင်ဘတ်ကြီးနဲ့ စခဲ့ရတဲ့ ခုခံတော်လှန်စစ်ဟာ အခုအချိန်မှာ ထိုးစစ်ကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ပါပြီ။ တစ်ပြိုင်တည်းမှာပဲ စိုးမိုးနယ်မြေ အမြောက်အမြားကို စိုးမိုးပြီးတော့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေပါပြီ” ဟု ဦးမောင်မောင်ဆွေက ပြောသည်။

“အခုရရှိနေတဲ့ တော်လှန်ရေးရဲ့ အရှိန်အဟုန် ပိုပြီး ရပ်တန့်မသွားဖို့၊ ပိုပြီးတော့ အောင်မြင်မှုရဖို့၊ နောက်ဆုံးအချိန်မှာ လမ်းအားလုံး နေပြည်တော်ဆီသို့ ဆိုပြီး နေပြည်တော်မှာရှိတဲ့ မင်းအောင်လှိုင်ရဲ့ အိမ်တံခါးကို ခေါက်နိုင်ဖို့ဆိုရင် စစ်ရေးအရှိန်ကို ပိုပြီးတော့ မြှင့်တင်ဖို့ လိုပါတယ်။ အဲ့ဒါကြောင့် စစ်ဒေသအသီးသီးက တပ်ရင်းတပ်ဖွဲ့တွေ မဟာဗျူဟာကျကျ စစ်ရေးအရှိန်တွေကို မြှင့်တင်လာတာ ဖြစ်ပါတယ်”

NUG လက်အောက်ခံ အမှတ် (၂) စစ်ဒေသခွဲ လှုပ်ရှားရာ ဒေသများတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။

NUG လက်အောက်ခံ အမှတ် (၂) စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်။

ထိုစစ်ဒေသခွဲလက်အောက်ရှိ ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ရန်သူ့လမ်းကြောင်းများကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

“စစ်ရေးအရှိန်မြှင့်လုပ်ဆောင်ဖို့ ရှိတယ်။ ရန်သူဖြတ်သန်းသွားလာတဲ့ အဓိကလမ်းကြောင်းတွေ ဖြစ်နေတယ်၊ စစ်အင်အား၊ လက်နက်အင်အား တိုးချဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ ပိတ်ဆို့လိုက်တဲ့ သဘောပါပဲ” ဟု သူက ဆိုသည်။

ထိုလမ်းများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ အခြေစိုက်ရာ ကရင်၊ ပဲခူးနှင့် မွန်ပြည်နယ်ဒေသတချို့သို့ စစ်ကောင်စီက တပ်များ၊ ရိက္ခာ၊ လက်နက် သယ်ယူပို့ဆောင်ရာတွင် အဓိကကျသည်။

ပြည်သူလူထုအနေဖြင့် စိုးရိမ်စိတ်မရှိဘဲ ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း ၎င်းက ဆက်ပြောသည်။

“ပြည်သူလူထုကိုလည်း နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်စေချင်တယ်။ အမြန်လမ်း ပိတ်ရတာတို့ ဘာတို့ဆို ပြည်သူလူထုက စိုးရိမ်စိတ်ရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ ထိခိုက်မှု နည်းသထက်နည်းအောင် စဉ်းစားပြီးတော့ လုပ်ဆောင်ပါတယ်” ဟု ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

လက်ရှိတွင် ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး၊ ရွှေကျင် ဒေသများအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသလို မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ စသည့် မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဇွန် ၂၉ တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန် – မော်လမြိုင် လမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား ခေါ် ရွှေရောင်ပြတံတား မိုင်းခွဲ ဖျက်ဆီးခံရသည်။

စစ်ရေးအရ အချက်အချာကျပြီး စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းပိုင်းဖြစ်နေ၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KNU ၏ သထုံခရိုင် မိတ်ဖက်‌ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က Myanmar Now ကို ပြောထားသည်။

ဇွန်လက စစ်တပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ပေါ်မှ နတ်သံကွင်းတံတား အပါအဝင် တံတား (၅) စင်းကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲဖျက်ဆီးခဲ့သည်။

အလားတူ နိုင်ငံတောင်ပိုင်းဒေသများကို အဓိက ဆက်သွယ်ထားသည့် သံဖြူဇရပ် – ရေး – ထားဝယ်လမ်း အမှတ် (၈) လမ်းမကြီးတွင် သွားလာသည့် ယာဉ်များ စစ်တပ်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ခြင်း မပြုနိုင်ရန် KNU က စစ်ဆေးနေသည်။

လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် တော်လှန်ရေးအင်အားစုများက ရေး – ထားဝယ်လမ်းပိုင်း အမှတ် (၈) လမ်းမကြီးပေါ်ရှိ နေရာတစ်နေရာတွင် သွာလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်လိုင်းများကို တားဆီးစစ်ဆေးနေသည့် ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဇွန်လ ၄ ရက်စွဲဖြင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) က ထုတ်ပြန်ခဲ့သည်။

“အမှတ် (၈) လမ်းမကြီးကို ထိန်းချုပ်စိုးမိုးနိုင်ဖို့အတွက် ခြေလှမ်းစတင်နေတာဖြစ်ပါတယ်ခင်ဗျ၊ ခရီးသွားပြည်သူများ သတိထားသွားလာဖို့နဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) က ရဲဘော် ကော်ဘရာက ပြောသည်။

တော်လှန်ရေးအင်အားစုများက နေ့ဘက်တွင် လက်နက်အပြည့်အစုံဖြင့် ကားလမ်းမကို ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးခြင်းကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (T1)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၈ ရက်နေ့က ထိုသို့ စစ်ဆေးနေစဉ် စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု ယူဆရသည့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း KNU က ပြောသော်လည်း နောက်ပိုင်းတွင် ဆက်စပ်မှုမရှိကြောင်း တွေ့ရှိသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထိုလမ်းများပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှာ တံတားများ၊ မြို့အဝင်အထွက်နေရာများတွင် တည်ရှိပြီး တော်လှန်ရေးအင်အားစုကမူ စစ်ဆေးသည့် နေရာကို အတည်တကျ သတ်မှတ်ထားခြင်း မရှိပေ။

နိုင်ငံတောင်ပိုင်းတွင် ထိုးစစ်ရပ်ထားသည့် စစ်ကောင်စီကလည်း လက်နက်ကိုင်တော်လှန်မှု အားကောင်းရာ ဒေသများကို ဖြတ်လေးဖြတ်ပုံစံမျိုးဖြင့် ပိတ်ဆို့နေကာ ကရင်ပြည်နယ် ကော့ကရိတ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်များတွင် လမ်းမများကို ဖျက်ဆီးခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button