သတင်း

မော်လမြိုင် – ထားဝယ်လမ်းတွင် မော်တော်ယာဉ်များကို KNU စစ်ဆေးမည်

စစ်တပ်က လူ၊ ရိက္ခာ၊ လက်နက် ပို့ဆောင်ရာတွင် အသုံးပြုနေသည့် မော်လမြိုင်- ထားဝယ် လမ်းမကြီးတွင် သွားလာနေသော မော်တော်ယာဉ်များကို ဇွန်လ ၁၅ မှ စတင်စစ်ဆေးသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။ 

မော်လမြိုင်-သံဖြူဇရပ် – ရေး-ထားဝယ်သို့ ဆက်သွယ်ထားသည့် အဆိုပါအမှတ် (၈) လမ်းမကြီးတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာပါက စစ်တပ်နှင့် သက်ဆိုင်သည့်ပစ္စည်းများ သယ်ဆောင်ခြင်း မပြုရန် KNU တပ်မဟာ (၆) နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၂၇) တပ်ရင်းက ဇွန် ၁၀ တွင် စာထုတ်ပြန်ခဲ့သည်။

လမ်းပိတ်ခြင်းမဟုတ်ဘဲ စစ်တပ်နှင့် ဆိုင်သည့် ပစ္စည်းသာ သယ်ယူပေးခြင်း မပြုရန်၊ ၎င်းတို့နှင့်အတူ စီးနင်းလိုက်ပါခြင်း မပြုရန် တားမြစ်ခြင်းဖြစ်သည်ဟု တပ်မဟာ (၆) ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ သွားလာလှုပ်ရှားတာတို့၊ ပစ္စည်းပို့တာတို့ လုပ်ဆောင်နေတာတွေ ရှိနေတာကြောင့် အခုလို သတင်းထုတ်ပြန်ပြီး လိုအပ်သလို စိစစ်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

“စစ်ကောင်စီက လူထုကို ကာဗာ (အကာအကွယ်) ယူပြီးတော့ သွားလာလှုပ်ရှားတာ အကာအကွယ်ယူပြီးတော့ သွားတာမျိုး ရှိတယ်။ ဒါကြောင့်မို့လို့ စစ်ကောင်စီယာဉ်တွေနဲ့ အတူမသွားလာဖို့ မှာကြားရတာ ဖြစ်ပါတယ်”

စစ်ဆေးရန် တားဆီးသည့်အခါ မော်တော်ယာဉ်များ ရပ်တန့်ပေးရမည်၊ အမှတ် (၈) လမ်းမကြီးတစ်လျှောက်တွင် KNLA အမှတ် (၂၇) တပ်ရင်းက ထိန်းချုပ်နေသည်ဟု ဆိုသည်။​

မိုင် ၃၀၀ ကျော် ရှည်လျားပြီး မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ တနင်္သာရီတိုင်း မြိတ်မြို့နယ်အထိ ဆက်သွယ်ထားသည့် အမှတ်(၈) လမ်းမကြီးသည် နိုင်ငံတောင်ပိုင်းဒေသ၏ အဓိကလမ်းမကြီး ဖြစ်သည်။

“ဒီလမ်းမကြီးက သူတို့ (စစ်ကောင်စီ) အတွက် အရမ်းအရေးပါတယ်။ ဝင်ငွေအရသော်လည်းကောင်း၊ စစ်ရေးအရ ဆိုရင် လည်း ထောက်ပို့လမ်းအဖြစ် အသုံးပြုတာလည်း ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့ရဲ့ ဆောင်ရွက်မှုတွေ မလုပ်နိုင်အောင် တားဆီးရခြင်း ဖြစ်ပါတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

မော်လမြိုင် – သံဖြူဇရပ် – ရေး – ထားဝယ်တို့ကို ဆက်သွယ်ထားသည့်လမ်း။

KNU အပြင် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) လည်း အဆိုပါ လမ်းမကြီး ဖြတ်သွားသည့် ဒေသတွင်း အခြေစိုက်လှုပ်ရှားနေသည်။

အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးလည်း ပတ်သက်မှု မတွေ့ရသည့် မွန်ပြည်သစ်ပါတီသည် အာဏာသိမ်းစစ်ကောင်စီနှင့် ယခုနှစ် ဖေဖော်ဝါရီအတွင်း တွေ့ဆုံခဲ့သည်။

မော်တော်ယာဉ်များ စစ်ဆေးရာတွင် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ကြည်ဖြူစွာ စစ်ဆေးခံရန်၊ မှားယွင်းပစ်ခတ်ခြင်း မရှိစေရန် စီစဉ်ထားကြောင်း KNU ဘက်က ဆိုသည်။

“အောက်ခြေတပ်မှူးတွေ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးဖို့ မှာကြားထားတာရှိပါတယ်။ ပဋိပက္ခတွေ မဖြစ်ရလေအောင် သက်ဆိုင်ရာ မဟာမိတ်အဖွဲ့တွေရယ် အောက်ခြေတပ်ရင်းတွေရယ် ချိတ်ဆက်ပြီးသား ဖြစ်ပါတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။

KNU ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။

ထိုလမ်းမကြီးပေါ်ရှိ မြို့အဝင်အထွက်နေရာများ၊ တံတားများတွင် စစ်ကောင်စီလက်နက်ကိုင်တို့၏ ကင်းစခန်းများရှိသည်။

ပြီးခဲ့သည့် မတ် ၂၄ ကလည်း မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးတွင် မန္တလာမင်းခရီးသည်တင်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ငယ်များနှင့် ပစ်ခတ်ခံရကာ ကားပေါ်တွင် လိုက်ပါလာသည့် သာမဏေတစ်ပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်စဉ်ကို KNU နယ်မြေများတွင် ပူးတွဲလှုပ်ရှားသော ပြည်သူကာကွယ်ရေးတပ်မတော် (PDF) များ လက်ချက်ဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီဘက်က စွပ်စွဲထားသော်လည်း PDF ဘက်က ငြင်းဆန်ထားသည်။

ထိုပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် အသေးစိတ်မသိရသလို သီးခြား အတည်မပြုနိုင်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button