
ရန်ကုန်တိုင်း လှိုင်မြို့နယ်ရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးသိန်းဆွေမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် မတ် ၂၅ က လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသောအမှုနှင့် ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူးတို့ကို ငွေကျပ် ၁၀ သိန်းပေးခဲ့ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သဖြင့် ကော်မရှင်က ယင်းအမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့စစ်ဆေးရာတွင် ၂၀၁၈ မတ် ၅ က တရားခံ၏ သမီးထံမှ ငွေကျပ် ၁၀ သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ ယာယီရဲမှူးသိန်းဆွေမြင့်က လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ငွေဒဏ်နှင့် ၇ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။
ယာယီရဲမှူးသိန်းဆွေမြင့်မှာ ထိုစဉ်က ဒုတိယရဲမှူးရာထူးဖြင့် လှိုင်မြို့မရဲစခန်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် ယာယီရဲမှူးသိန်းဆွေမြင့်ကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။