Uncategorized

ကိုဗစ်ဂယက်ကြား တရားထိုင်ဖို့ နေရာရှာတဲ့ ရန်ကုန်က ဂျာမန်ဘုန်းတော်ကြီး

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်တွင် သတင်းမီဒီယာများသည် အနောက်နိုင်ငံများ၏ အံ့မခန်းတိုးတက်မှုများကိုသာ အသားပေးဖော်ပြကြရာ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများကို မကြာခဏပင် လျစ်လျူရှုမိကြသည်။ မိမိတို့ နေအိမ်အသီးသီးတွင် ခိုလှုံနေကြသော တရားထိုင်သူ ယောဂီများသည် မြန်မာပြည်ရှိ ဘုန်းကြီးကျောင်းများနှင့် ယောဂီများ မည်သို့ ပြင်ဆင်ကာကွယ်မှုများပြုလုပ်နေသည်ကို သိလိုပေလိမ့်မည်။ ရန်ကုန်တွင် နေထိုင်သော ဂျာမန်ဘုန်းတော်ကြီး ဓမ္မောသဓကမကြာသေးခင်လများအတွင်း သူနေထိုင်ခဲ့ပုံကို ယခုလိုရေးသားပေးပို့ထားပါသည်။

ဘုန်းကြီး စာသင်ယူနေတဲ့ ရန်ကုန်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးမှာတော့ စာမေးပွဲတွေမတိုင်မီ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံပွဲလေး ပြုလုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက တရားဝင်အတည်ပြုထားတဲ့ လူနာတွေမရှိသေးလို့ ဘုတ်အဖွဲ့က ဘုန်းကြီးတို့တွေ ဒီမှာဆက်နေပြီး စာမေးပွဲတွေကို ပြီးအောင်ဖြေကြရမယ်လို့ ဆုံးဖြတ်ပါတယ်။ ပြီးတော့မှ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြမယ်လို့ ပြောပါတယ်။

ဒါပေမယ့် စာမေးပွဲတွေဖြေတာ တစ်ပတ်လောက်ရှိတော့ မြန်မာပြည်မှာ ပိုးတွေ့တယ်ဆိုတဲ့ လူနာ နှစ်ဦးရှိကြောင်း ကြေညာပါတယ်။ အဲဒီလိုကြေညာတဲ့ ညမှာပဲ လူတွေက ဘယ်နေရာပဲရောက်ရောက် ဝယ်လို့ရတာတွေအကုန် ကြောက်လန့်တကြား ဝယ်ကြပါတယ်။ အင်တာနေရှင်နယ်ကျောင်းတွေ အတော်များများလည်း နောက်တစ်ရက်မှာ ပိတ်ကုန်ကြပါတယ်။ ဒီက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာလည်း နောက်တစ်ရက်မှာပဲ ဘုန်းကြီး သမထစာမေးပွဲ ဖြေနေချိန်မှာ ဌာနမှူးဝင်လာပြီး မနက်ဖြန်ပဲ တက္ကသိုလ်ကို ပိတ်မှာဖြစ်ပြီး ကျန်နေသေးတဲ့ စာမေးပွဲတွေအကုန်လုံးကို ဖျက်လိုက်တယ်လို့ ကြေညာပါတယ်။ နောက်ထပ်ကြေညာချက်တွေ ဆက်တိုက်လိုပဲ ထပ်ရောက်လာပါတယ်။ နိုင်ငံခြားသားကျောင်းသားတွေ အကုန်လုံး မိမိတို့သက်ဆိုင်ရာ နိုင်ငံကို ဧပြီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြရမှာဖြစ်ပြီး၊ အကယ်၍ လေယာဉ်မရှိလို့ နိုင်ငံက အပြင်မထွက်ရ (Lockdown) အမိန့်ချထားလို့ တက္ကသိုလ်မှာပဲ နေရမယ်ဆိုရင် ကိုယ့်နိုင်ငံပြန်လို့ရမယ့် အခွင့်အရေးရသည်အထိ ကိုယ့်ကိုယ်ကိုယ် အသွားအလာ တင်းကျပ်ကန့်သတ်တာ(Self-quarantine)ကို လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာပြည်ရှိ ဘယ်နေရာကိုမှ ဘုန်းကြီးတို့ကို သွားခွင့်မပြုတော့ပါဘူး။

ဒါပေမယ့် အဲဒီအချိန်မှာ ဘုန်းကြီးက ရန်ကုန်မှာရှိတဲ့ မဟာစည်သာသနာ့ရိပ်သာက ဘုန်းကြီးသူငယ်ချင်းဆီကို စာမေးပွဲအပြီးမှာ သွားဖို့၊ ဒါမှမဟုတ်ရင် သူငယ်ချင်းတွေနဲ့တူတူ နေရာတစ်နေရာရှာပြီး တရားကျင့်ကြဖို့ စီစဉ်ပြီးသားဖြစ်နေပြီ။ အဲ့ဒီတော့ ဘုန်းကြီးက ဆရာတော်ကြီးကို ဒီလိုလျှောက်ထားပါတယ်။ ဘုန်းကြီးအနေနဲ့ မိမိမွေးဖွားရာနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကို ပြန်လို့ ဘာမျှအကြောင်းမထူးပါဘူး၊ ဘုန်းကြီးက အဲဒီမှာမှ မနေတော့တာပဲ။ ဂျာမနီကို ပြန်ရင်လည်း ဘယ်မှာသွားနေရမှာလဲ၊ ပြီးတော့ မြန်မာပြည်မှာ ၂ နှစ်ကျော်လောက် နေထိုင်စဉ်အတွင်း ဘုန်းတော်ကြီးဘဝနဲ့ နေထိုင်ခဲ့သလို၊ ဆွမ်းခံကြွခဲ့သလို ဥရောပမှာ လုပ်ဖို့ အလွန်ခက်ပါလိမ့်မယ်။ မြန်မာပြည်က အခု တပည့်တော်ရဲ့နိုင်ငံဖြစ်သွားပါပြီ၊ တပည့်တော်ရဲ့အိမ် ဖြစ်သွားပါပြီလို့ လျှောက်ခဲ့ပါတယ်။ နောက်ပြီး ရောဂါစပြန့်ပွားတဲ့အချိန်ကစပြီး ဘုန်းကြီးကို ဗိုင်းရပ်စ်ကူးမှာ မကြောက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးက ငယ်ရွယ်သေးတဲ့အပြင် တခြားရောဂါတွေလဲ မရှိလို့ပါပဲ။ မြန်မာပြည်ကို ဗိုင်းရပ်စ်သာရောက်ခဲ့ရင် ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် အခြေအနေကို မမြင်တာကြောင့် ဗိုင်းရပ်စ်သာ ဒီကိုရောက်လာခဲ့ရင် သေချာပေါက် ပြန့်ပွားသွားမှာကို ဘုန်းကြီးလက်ခံထားပြီးသားပါ။ ဘုန်းကြီးကို ကူးခဲ့ရင် ဘုန်းကြီး နာမကျန်းဖြစ်မယ်၊ ပြီးရင်တော့ ပြန်ကောင်းသွားမှာပါပဲ။ အဲ့ဒီတော့ ဘုန်းကြီးက ဆရာတော်ကို ဒီလိုလျှောက်ပါတယ်။ အကယ်၍ ရန်ကုန်မှာ ဗိုင်းရပ်စ်ရောက်လာရင် ပြန့်ပွားမှုကို ထိန်းချုပ်ထားနိုင်မယ့် အခြေအနေမရှိတာကြောင့် တပည့်တော်ကိုလည်း ကူးမယ်လို့ လက်ခံထားပြီးသားပါလို့။ ဒီလိုပြောတော့ ဆရာတော်က ဘုန်းကြီးကို လွတ်လပ်ခွင့်ပေးပြီး ဘုန်းကြီးသူငယ်ချင်းတွေဆီကို သွားဖို့ တက္ကသိုလ်ကနေ ထွက်ခွင့်ပေးပါတယ်။

မဟာစည်သာသနာ့ရိပ်သာရဲ့ အခြေအနေကတော့ တက္ကသိုလ်က အခြေအနေနဲ့ လုံးဝမတူဘဲ ကွဲပြားလွန်းပါတယ်။ အရင်လကစပြီး ရိပ်သာကို ပိတ်လိုက်ပါပြီ၊ ဘယ်နိုင်ငံခြားသားကော၊ ဒီကနိုင်ငံသားတွေကိုကော မပေးဝင်တော့ပါဘူး။ အရင်ကလို တက္ကသိုလ်က စာသင်ချိန်တွေအပြီး ရိပ်သာကို နေ့ခင်းဘက် သွားလည်ခွင့်တောင် ဘုန်းကြီးမရတော့ပါဘူး။ ဘုန်းကြီးရဲ့ သူငယ်ချင်းတွေဟာလည်း နေ့ခင်းဘက် ရန်ကုန်မြို့ထဲသွားဖို့တောင် ဘုန်းကြီးကျောင်းက ထွက်ခွင့်မရတော့ပါဘူး။ ဘုန်းကြီးကျောင်းကော်မတီကလည်း တစ်ဦးနဲ့ တစ်ဦး ခပ်လှမ်းလှမ်းမှာ နေကြဖို့ အစီအစဉ်တွေ(Social distancing) စလုပ်ပါတယ်။ ယောဂီနဲ့ သာသနာပြုတွေ အကုန်လုံးကို နေ့လယ်စာ မစားမီ ကိုယ်အပူချိန်စစ်ဆေးတာတွေ လုပ်ပါတယ်။ တစ်ယောက်ယောက်ကများ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာ စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ သူတို့ကို ချက်ချင်း ဝေဘာဂီ အရေးပေါ်ဆေးရုံကို ပို့ပါတယ်။ အဲဒီဆေးရုံကို သီးသန့်ပြုစုကုသရာနေရာ (Quarantine site) အဖြစ် သတ်မှတ်ပြုပြင်ထားပါတယ်။ တစ်ခါမှာတော့ လုပ်အားပေးတွေနဲ့ ဘုန်းကြီးကျောင်းကို လာလည်တဲ့ လူတွေကိုပါ ကျောင်းတံခါးဝကိုကျော်တာနဲ့ ခြေဆုံး၊ ခေါင်းဆုံး ပိုးသတ်ဆေးရည်နဲ့ ဖြန်းပါတယ်။

ဘုန်းကြီးပြောခဲ့သလိုပဲ တက္ကသိုလ်ရဲ့ အခြေအနေကတော့ လုံးဝမတူပါဘူး။ တက္ကသိုလ်မှာတော့ အဲ့ဒီအချိန်အတွင်းမှာ ဘာကာကွယ်မှုမျိုးမှ မလုပ်ပါဘူး။ ကျောင်းတံခါးပေါက်ကလည်း အကျယ်ကြီး ဖွင့်ထားဆဲပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် တက္ကသိုလ်ကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ခွင့်ရတုန်းပါပဲ။ လက်သန့်ဆေးရည်တွေ၊ ဘာတွေလည်း မပေးထားပါဘူး။ (နောက်တော့ ထမင်းစားဆောင်ရဲ့ ဝင်ပေါက်မှာ လက်သန့်ဆေးရည်တွေ ထားပေးပေမယ့် မဖြစ်မနေသုံးရမယ်လို့ မဟုတ်ပြန်ပါဘူး။)

ဘုန်းကြီး မြန်မာပြည်မှာ နေခဲ့တဲ့ နှစ်တွေမှာ မြန်မာရဲ့ မြို့ပြလူနေမှုဘဝကော၊ ကျေးလက်လူနေမှုဘဝကိုပါ ထိတွေ့ကျွမ်းဝင်ခဲ့ပါတယ်။ အစားအစာမကိုင်တွယ်မီ လက်ကို ဆပ်ပြာနဲ့ဆေးတာ၊ ချောင်းဆိုးရင် ပါးစပ်ကို အုပ်ပြီးဆိုးတာ၊ သူစိမ်းတွေနဲ့ ဇွန်းတွေ ပန်းကန်ခွက်ယောက်တွေ တူတူမသုံးတာ၊ ပန်းကန်တွေကို ဆပ်ပြာမြှုပ်နဲ့ ရေသန့်နဲ့ ဆေးပြီး ပဝါသန့်သန့်နဲ့ သုတ်တာ စတဲ့ အခြေခံသန့်ရှင်းရေးနည်းလမ်းတွေဟာ ဥရောပနိုင်ငံသားဖြစ်တဲ့ ဘုန်းကြီးအတွက်တော့ သာမန်လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ဒါပေမယ့် ဒီမှာတော့ ဒီလိုသန့်ရှင်းရေးနည်းလမ်းတွေကို ကျင့်သုံးမှု အလွန်ရှားပါးပါတယ်။

ပြီးတော့ ဖြတ်သွားဖြတ်လာတွေ မည်သူမဆို ရေတစ်ပေါက်လောက်သောက်နိုင်မယ့် အများသုံး ရွှံ့ရေအိုးတွေက ဒီမှာ နေရာအနှံ့ရှိပါတယ်။ ရေအိုးရဲ့အပေါ်မှာ သံရေခွက်တစ်ခွက်ပဲရှိပါတယ်။ ဒီရေခွက်နဲ့ ရေကို ခပ်ပြီး နှုတ်ခမ်းမှာတေ့ကာ သောက်ကြရမှာ ဖြစ်ပါတယ်။ ဒီရေခွက်တွေကို ဆေးတာကြောတာ မရှိသလောက်ပါပဲ။ ဘုန်းကြီး ဒီကို စရောက်စက အိန္ဒိယမှာလိုမျိုး ရေခွက်ကို မထိဘဲ မော့သောက်တာမျိုး ဒီမှာ ဘာကြောင့်မလုပ်လဲဆိုတာကို အရမ်းထူးဆန်းနေမိပါတယ်။ ဒီအများသုံး ရေအိုးတွေက ရေကို ဘုန်းကြီး မသောက်ဖြစ်အောင်ရှောင်ပါတယ်။ ဒါပေမယ့် သောက်ဖို့ရေက ဒီရေအိုးတွေပဲရှိတယ်ဆိုရင်တော့ ရေခွက်ကို အရင် တတ်နိုင်သလောက်ဆေးပါတယ်။ ရေခွက်တွေမှာ ဘရပ်ရှ်နဲ့ မတိုက်ရင် ဘယ်လိုမှ ဆေးလို့ မပြောင်တဲ့ ချေးကြောင်းတွေနဲ့ပါ။ ကွမ်းစားပြီး ပါးစပ်ဆေးဖို့ ကွမ်းသွေးတွေ ပေကျံနေတဲ့ ပါးစပ်နီနီနဲ့ ရေခွက်ကို ထိပြီးတဲ့အခါ ကွမ်းရည်တွေနဲ့ ရေအိုးကရေတွေ ရောသွားမှာကို မတွေးဝံ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း စကားပြန်ဆက်ရမယ်ဆိုရင်တော့ တက္ကသိုလ်က လုပ်အားပေးတစ်ယောက်ကိုပဲ ဗိုင်းရစ်ကူးစေဦး၊ တစ်ရက်အတွင်းမှာပဲ လုပ်အားပေးအကုန်လုံး ကူးသွားကုန်ကြမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့အကုန်လုံးက ရေစင်ကရေကို ရေခွက်တစ်ခွက်ကိုပဲ ဘုံထားပြီး သောက်ကြလို့ပဲ။ အဲဒီရေခွက်ကိုလဲ ဘယ်တော့မှ မဆေးပါဘူး။ ဒါကြောင့်မို့လဲ အစိုးရက တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်ပြီး (အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ ခေတ်ကြီးမှာ) လက်ဆေးဖို့တစ်ခုကိုပဲ တွင်တွင်ပြောနေတာကို ဘုန်းကြီးတော်တော် အံ့အားသင့်မိပါတယ်။ ဒီလိုဘုံသောက်ရေခွက်ကို သုံးတဲ့ အလေ့အထက ယဉ်ကျေးမှုတစ်ခုလိုဖြစ်ပြီး၊ တစ်နိုင်ငံလုံး ကျင့်သုံးကြပေမယ့် ဘယ်သူကမှ သောက်ရေခွက်ကို မျှသုံးလို့ ဖြစ်လာမယ့် ပိုမိုဆိုးရွားတဲ့ ပြဿနာကို မထောက်ပြကြပါဘူး။ ဒီလိုပဲ အများနဲ့ ဝေမျှစားတဲ့ လက်ဖက်သုပ်ပန်းကန်က “တစ်ချောင်းထဲသော ဇွန်း” နဲ့ “တစ်ခုတည်းသော ဟင်းချိုဇလုံ” ကနေ ဟင်းချိုကို တိုက်ရိုက်သောက်ဖို့ “တစ်ချောင်းထဲသော ဇွန်း” တွေကလည်း တူတူပါပဲ။

ဒီလိုမျိုး အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး ဗဟုသုနည်းပါးတာ သာမန်လူနေမှုဝန်းကျင်မှာသာ မကပါဘူး၊ သန့်ရှင်းရေးဗဟုသုတ ပြည့်ဝမယ်လို့ ယူဆကြတဲ့ ဆေးရုံတွေမှာတောင် တွေ့ရပါတယ်။ ဘုန်းကြီး ဒီက ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေမှာ သွေးစစ်ဖို့၊ သွေးလှူဖို့ သွားတဲ့အခါ သူနာပြုတွေက ဘုန်းကြီးဆီက သွေးယူတဲ့အခါ မသန့်ရှင်းလို့ ရောဂါကူးမှာ ကြောက်ရပါတယ်။ အပ်သွင်း၊ အပ်ထုတ်တဲ့ အချိန်မှာ လက်နဲ့ ကိရိယာတန်ဆာပလာတွေကို မသန့်ရှင်းတဲ့ မျက်နှာပြင်တွေနဲ့ မထိရဘူးဆိုတဲ့ သန့်ရှင်းမှုရဲ့ အခြေခံအကျဆုံး လုပ်ထုံးကိုတောင်မှ သူတို့တွေ မလိုက်နာကြတာကို ဘုန်းကြီးတွေ့ရပါတယ်။ တစ်ခါ ဘုန်းကြီး သွေးသွားလှူတုန်းက သူနာပြုတစ်ယောက်က အရင်လူနာတွေရဲ့ သွေးတွေ ခြောက်ကပ်ပြီး ပေကျံနေတဲ့ ကတ်ကြေးနဲ့ ပိုက်ကို ဖြတ်ပါတယ်။ ပြီးတော့ ဒီကတ်ကြေးကိုင်ထားတဲ့ လက်တွေနဲ့ပဲ ဂွမ်းစကို ယူပါတယ်။ ဒီလက်နဲ့ပဲ အပ်ကို ဖြုတ်ပြီး မသန့်ရှင်းတော့တဲ့ ဂွမ်းစကို ဘုန်းကြီးရဲ့ သွေးထွက်နေတဲ့ နေရာကို အုပ်လိုက်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဘုန်းကြီးကို ဆေးရုံကို အတင်းပို့မှာကို ကိုရိုနာဗိုင်းရပ်စ်ကူးမှာထက် ပိုပြီးကြောက်ပါတယ်။ ဘုန်းကြီးကော၊ အများပြည်သူတွေကောဟာ ဆေးရုံတက်ရမယ့် ရောဂါနဲ့စာရင် ဆေးရုံရောက်ပြီးမှ အဲ့ဒီရောဂါထက်ပိုဆိုးတဲ့ ကူးစက်ရောဂါတွေ ကူးဖို့ အလားအလာပိုများပါတယ်။

အဲဒီတော့ ဘုန်းကြီးစဉ်းစားရပါတယ်။ အစကတော့ မဟာစည်ဘုန်းကြီးကျောင်းမှာ နေတာဟာ တက္ကသိုလ်မှာ နေတာထက် ပိုပြီးလုံခြုံမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် မဟာစည်သာသနာ့ရိပ်သာထဲ ဗိုင်းရပ်စ်မဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာတွေဟာ အရမ်းကို ချီးကျူးလေးစားဖို့ကောင်းပြီး၊ ရိပ်သာရဲ့ ကာကွယ်တဲ့ နည်းလမ်းတွေဟာ မြန်မာပြည်တစ်ပြည်လုံးမှာ အကောင်းဆုံးတောင်ဖြစ်နေနိုင်ပေမယ့် ဘုန်းကြီးအနေနဲ့ ရိုးရိုးတုပ်ကွေးမိတဲ့အခါ၊ နှာရည်ယိုတဲ့အခါ၊ နောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာ ဆေးရုံပို့ခံရမှာကို မလိုလားပါဘူး။ အဲဒီတော့ ဘုန်းကြီးနဲ့ သူငယ်ချင်းတစ်စုဟာ ရန်ကုန်က တက္ကသိုလ် ဒါမှမဟုတ်၊ မဟာစည်ဘုန်းကြီးကျောင်းမှာ နေပြီး အကျပ်အတည်းလွန်မြောက်တဲ့အထိ စောင့်မှာနဲ့စာရင် ဘုန်းကြီးတို့ထဲက တစ်ယောက်ယောက်များ နာမကျန်းဖြစ်ခဲ့ရင် နေကောင်းတဲ့ အထိ အချင်းချင်း ပြုစုစောင့်ရှောက်ခွင့်ရနိုင်မယ့် တောရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ဒီလိုတောဘုန်းကြီးကျောင်းမျိုးကို ရှာဖို့ကလည်း မလွယ်လှပါဘူး။ ကူးစက်ရောဂါ စဖြစ်ပွားတဲ့ အချိန်ကစပြီး မြန်မာပြည်မှာရှိတဲ့ နိုင်ငံတကာတရားစခန်းနဲ့ ဘုန်းကြီးကျောင်းတွေအားလုံးနီးပါးဟာ လူအသစ်တွေ၊ အထူးသဖြင့် နိုင်ငံခြားသားတွေကို လက်မခံတော့လို့ပါပဲ။ ဗိုင်းရပ်စ်ကို လူမျိုးဘာသာမရွေးပေမယ့်၊ မြန်မာပြည်မှာ နိုင်ငံခြားသားတွေကို ကြောက်ရွံ့တဲ့ ရောဂါက မကြာသေးခင်ကမှ စွဲကပ်လာပါပြီ။ ရပ်ကွက်တွေထဲမှာ နိုင်ငံခြားသားတွေကို တွေ့မိရင်တောင် အချက်ပေးခေါင်းလောင်းတီးကြပါပြီ။ ဒေသခံတွေဟာ သူတို့နေထိုင်ရာ ဝန်းကျင်မှာ နိုင်ငံခြားသားတွေကို တွေ့ရင် သတင်းပို့ရပါတယ်။ မပို့ရင် အဖမ်းခံထိနိုင်ပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ ဒေသခံကော၊ နိုင်ငံခြားသားဧည့်သည်တွေကိုပါ လက်မခံဖို့ အစိုးရက မကြာသေးခင်ကမှ အမိန့်ထုတ်ထားပါတယ်။ ဆရာတော်အချို့က ဘုန်းကြီးတို့ တောင်းဆိုတာကို လက်ခံခဲ့ပေမယ့်၊ ဘုန်းကြီးတို့က သေချာအောင်ထပ်မေးကြည့်တဲ့အခါ သူတို့က ဒေသခံအာဏာပိုင်တွေဆီမှာ သွားစုံစမ်းပါတယ်။ အဲ့ဒီတော့မှ ဆရာတော်တွေက ဘုန်းကြီးတို့ကို လက်ခံလို့မရဘူးဆိုတာ စိတ်မကောင်းစွာပဲ သိရပါတော့တယ်။ နိုင်ငံကတော့ တဖြည်းဖြည်းနဲ့ ပိတ်နေပါပြီ။

အဲ့ဒီနောက် ဘုန်းကြီး နေ့စဉ်ဆွမ်းခံကြွရင် ဆွမ်းလောင်းနေကျဖြစ်တဲ့ ဘုန်းကြီးတို့ တက္ကသိုလ်နားမှာနေတဲ့ မိသားစုတစ်စုက သူတို့ဘာသာ လိုလိုလားလားပဲ ဘုန်းကြီးကို လာကူညီပါတယ်။ ဘုန်းကြီးကို ချက်ချင်းလက်ခံမယ့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရန်ကုန်မြို့ပြင်ဘက်မှာ သူတို့ တွေ့ပါတယ်။ ကျောင်းထိုင်ဆရာတော်က ဘုန်းကြီးတို့ တခြားနေရာရှာမတွေ့ရင် ဒီမှာနေနိုင်ပါတယ်လို့ ခွင့်ပေးပါတယ်။ အခုလက်ရှိတော့ တောင်ကုန်းပေါ်က ဒီတောကျောင်းငယ်လေးမှာ ဘုန်းကြီးရဲ့ အချိန်တွေကို ကုန်ဆုံးနေပါတယ်။ ရွာနဲ့ အဝေးမှာ အရမ်းကို ဆိတ်ငြိမ်ပြီး စိမ်းလန်းတဲ့ သစ်တောတွေ ဝန်းရံထားတဲ့ နေရာလေးပါပဲ။ ကျောင်းခံဘုန်းကြီးတွေဟာလဲ အရမ်းကို ကြင်နာပြီး ဘုန်းကြီးတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။

ဂျာမနီနဲ့ အီတလီမှာရှိတဲ့ ဘုန်းကြီးရဲ့ မိသားစုအပါအဝင် တစ်ကမ္ဘာလုံးက ပြည်သူတွေ ရုန်းကန်နေရချိန်မှာ ဘုန်းကြီးလို နိုင်ငံခြားသားဘုန်းကြီးတွေကို ဆက်လက်ထောက်ပံ့ပေးနေတဲ့၊ ဘုန်းကြီးကို ရင်ထဲနှလုံးထဲကနေ မွေးစားသားလို လက်ခံပြီး မမောနိုင်အောင် ထောက်ပံ့ကြတဲ့ မြန်မာလူမျိုးတွေနဲ့ သူတို့ရဲ့ အတိုင်းအဆမရှိတဲ့ ရက်ရောမှုတွေအတွက် ဘုန်းကြီးနှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

ဒီခေတ်ဒီကာလမှာ လူတွေဟာ ကြောက်လန့်တုန်လှုပ်နေကြပြီး၊ လုံလုံခြုံခြုံနားခိုနိုင်မယ့် နေရာကို ရှာဖွေနေကြမယ်လို့ ဘုန်းကြီးတွေးမိတဲ့အခါ ဘုန်းကြီးသတိရမိတာကတော့ အစစ်မှန်ဆုံးနာခိုရာဟာ ဘုရား၊ တရားနဲ့ သံဃာသာ ဖြစ်တယ်ဆိုတာပါပဲ။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်မှာ နားခိုမယ်ဆိုရင် ဒုက္ခတွေ၊ ဒုက္ခရဲ့ ရင်းမြစ်နဲ့ မတည်မြဲတာတွေဖြစ်တဲ့ သစ္စာလေးပါးနဲ့၊ ဒီဒုက္ခတွေကို ငြှိမ်းသတ်နိုင်မယ့် မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ဉာဏ်နဲ့ယှဉ်ပြီး သိမြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ဆင်းရဲဒုက္ခတွေ အားလုံးကနေ လွတ်မြောက်ပြီး လုံခြုံမှုကို ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချိန်မှာ ဘုန်းကြီးတို့သုံးပါးစလုံး စစ်မှန်တဲ့ ကလျာဏမိတ္တ၊ စစ်မှန်တဲ့ ဓမ္မညီအစ်ကိုတွေအဖြစ်နဲ့ ဘုန်းကြီးတို့ရဲ့ စစ်မှန်တဲ့ နားခိုရာဖြစ်တဲ့ တရားကျင့်ကြံအားထုတ်မှုမှာ တိုးတက်နိုင်ဖို့ အချင်းချင်း အားပေးကူညီခွင့်၊ တူတူသီတင်းသုံးခွင့် ရတာဟာ အလွန်တန်ဖိုးရှိပြီး မင်္ဂလာရှိတဲ့ အခွင့်ထူးကြီးလို့ ဘုန်းကြီး မြင်မိပါတယ်။

သတ္တဝါအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

ကိုးကား။ အထက်ပါစာစုအား https://insightmyanmar.org မှတစ်ဆင့်ရယူကာ Myanmar Now စာဖတ်သူများအား ဗဟုသုတပွားများစေရန် ‌‌ မြန်မာဘာသာပြန်ဆိုပြီး ဖော်ပြခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button