လေးစားအပ်ပါသော သဘာပတိကြီးနှင့် တရားသူကြီးများရှင့်
အပြည်ပြည်ဆိုင်ရာတရားရုံးဆိုတာ ဆင်းရဲချို့တဲ့တဲ့နိုင်ငံတွေအတွက် တရားမျှတမှုကိုရှာပေးတဲ့၊ တန်ဖိုးဖြတ်မရတဲ့ နေရာပါ။ ကျမအနေနဲ့ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုကွန်ဗင်းရှင်းကို အသိအမှတ်ပြုသလို ဒီအပေါ်မှာ လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အပြည့်အဝ လိုက်နာဆောင်ရွက်ပါတယ်။
ရဝမ်ဒါနိုင်ငံနဲ့ ယူဂိုဆလားဗီးယားနိုင်ငံတို့ကို လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ မသတ်မှတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုရင် သက်သေပြရမယ့်တာဝန်က အရမ်းကြီးကြီးမားရှိနေပါတယ်။ ပြီးတော့ စိတ်စေတနာပါတယ်ဆိုတဲ့ သက်သေအထောက်အထားကလည်း မပြည့်မစုံဖြစ်ခဲ့ပါတယ်။ ခု ဂမ်ဘီယာနိုင်ငံက တင်လိုက်တဲ့စွဲချက်ဟာ တကယ်တော့ မကျေလည်ရသေးတဲ့အမှုဟောင်းကို ပြန်ဆွဲထုတ်လာခြင်းပါ။
၂၀၁၆ ခုနှစ်အောက်တိုဘာမှာ ARSA ကနေ ရဲကင်းပေါင်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ လက်ရှိမှာလည်းတိုက်ပွဲတွေ ဖြစ်နေဆဲပါပဲ။ အဲ့ဒီမှာ ဒုတိယကမ္ဘာစစ်ကာလ မွတ်စလင်တွေဟာ ဗြိတိသျှတွေနဲ့အတူ ဂျပန်တွေကိုတိုက်ခဲ့ဖူးပြီး အပြန်အလှန်အားဖြင့် မွတ်စလင်နယ်မြေတစ်ခု လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ အဲဒီကစလိုက်တဲ့ အကြမ်းဖက်မှု သံသရာတွေဟာ ခုထိ ဒုက္ခပေးနေဆဲဖြစ်ပါတယ်။
“ရှင်းလင်းမှု စစ်ဆင်ရေး” ဆိုတာ မြန်မာနိုင်ငံသမိုင်းကြောင်းမှာ သုံးခဲ့တာကြာပါပြီ။ ကွန်မြူနစ်ပါတီကို ရှင်းလင်းတုန်းကလဲ ဒီစကားလုံးကို သုံးခဲ့ပါတယ်။ သောင်းကျန်းသူများကို ရှင်းလင်းတဲ့အခါ ဒီစကားလုံးကို သုံးပါတယ်။
ARSA ရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း ထွက်ပြေးခဲ့ရပါတယ်။ တချို့လည်း သတ်ဖြတ်ခံခဲ့ရပါတယ်။ တပ်မတော်က သာလွန်အင်အားတွေကို သုံးခဲ့ပြီး တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ခွဲခြားရှင်းလင်းတဲ့နေရာမှာ အားနည်းခဲ့ပါတယ်။ အချို့စစ်သားတွေဟာ လုယက်မှုတွေ၊ မီးရှို့မှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ ရာဇဝတ်မှုကျူးလွန်တာပါ။ ဒါပေမယ့် ဒါဟာ မြန်မာအစိုးရက ကျူးလွန်တာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့ တရားစီရင်ရေးစနစ် ပါပါတယ်။ စစ်တပ်က ကျူးလွန်ခဲ့တဲ့ကိစ္စတွေဟာ ဒီစနစ်အောက်မှာ စုံစမ်းစစ်ဆေးမှုလုပ်မှာဖြစ်ပြီး အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။ စစ်တရားရုံးကနေ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်သလို လက်ရှိမှာလည်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျိန်းသေပေါက် စစ်ဆေးသွားဦးမှာ ဖြစ်ပါတယ်။
အင်းဒင်ရွာမှာ သတ်ဖြတ်ခံရတဲ့မွတ်စလင်တွေကိစ္စမှာ ကျူးလွန်ခဲ့တဲ့စစ်သားတွေကို အပြစ်ပေးအရေးယူထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်ဘက်ဆိုင်ရာ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အတွက် အတော်များများလည်း မကျေမနပ်ဖြစ်ကြပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ စစ်သားတွေကိုအရေးယူအပြစ်ပေးမှုတွေ ပိုများလာခဲ့ပါတယ်။ တရားရုံးတွေရဲ့ အလုပ်လုပ်ပုံတွေကြောင့် ကျမ အားတက်ရသလို ဆက်ပြီးတော့လည်း သူ့အလုပ်သူ လုပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကိုယ့်တပ်သားတွေရဲ့လုပ်ရပ်ကို စုံစမ်းဖော်ထုတ်၊ တရားစွဲပြီး အပြစ်ပေးနေတဲ့နိုင်ငံတစ်နိုင်ငံဆီမှာ လူမျိုးသုဉ်းအောင်လုပ်ဆောင်လိုတဲ့သဘောထား ရှိနိုင်ပါ့မလား။
မြန်မာနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာတရားရေးစနစ်မှာ တာဝန်ခံမှုမရှိနိုင်ဘူးလို့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့အချို့က သုံးသပ်ကြပါတယ်။ ဒါဟာ ပြင်ဆင်ဖို့လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ရဲ့အောက်မှာ ကျမတို့တတွေ ပင်ပန်းခက်ခက်စွာ ကြိုးပမ်းဆောင်ရွက်နေတာတွေကို အထင်သေးတာပဲဖြစ်ပါတယ်။ ကျမတို့ဟာ ဒါကို ဆောင်ရွက်နေဆဲအဆင့်ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရေးဟာ ပြည်တွင်းတရားရေးကတစ်ဆင့် တာဝန်ခံရေးအပေါ် မှီတည်နေတာဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းစဉ် မအောင်မြင်မှသာ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်နဲ့ ဆောင်ရွက်နိုင်ပါတယ်။
တာဝန်ခံမှုရှိစေရေးကိစ္စကို နိုင်ငံပြင်ပလုပ်ငန်းစဉ်အပေါ် အဆောတလျင် အားပြုလိုက်ရင် ပြည်တွင်းမှာလုပ်နေတဲ့ တရားရေးကဏ္ဍကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာပဲ ပြစ်မှုဆိုင်ရာတရားရေးကို ပြည်တွင်းလုပ်ငန်းစဉ်အဖြစ် ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ ဆိုလိုချင်ရုံသဘောမျိုးမဟုတ်ပါဘူး။
မြန်မာနိုင်ငံဟာ ၁၉၈၀ ပြည်လွန်နှစ်တွေကစလို့ နိုင်ငံရဲ့နယ်နိမိတ်တွေအတွင်းမှာ နေထိုင်ကြတဲ့ အမျိုးမျိုးသော လူမျိုးစုတွေကြား ဆက်ဆံရေးကောင်းမွန်စေမယ့် အလုပ်တွေ ဒီထက်မက လုပ်မယ်ဆို လုပ်နိုင်ခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ဖြစ်ရပ်တွေမတိုင်မီမှာတောင်မှ ရခိုင်မှာရှိတဲ့ လူ့အသိုင်းအဝိုင်းတွေဟာ လူမျိုးအရ၊ ဘာသာရေးအရ ဖြစ်ကြတဲ့ ပဋိပက္ခတွေမှာမြစ်ဖျားခံတဲ့ ဆင်းရဲနွမ်းပါးမှုပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကျမတို့ ခု ဒီကိစ္စအတွက် ပြေလည်အောင်လုပ်နေပါပြီ။ အဲဒီဒေသမှာမွေဖွားသူ မည်သူ့ကိုမဆို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့အထိ လုပ်နေပါပြီ။ မွတ်စလင်လူငယ်တွေဟာလည်း မြန်မာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေကို တက်နိုင်မယ့်အခွင့်အရေးတွေပေးနေသလို အစိုးရဟာလည်း မောင်တောမြို့နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးစီမံကိန်းတွေကို စတင်လုပ်ဆောင်နေပါပြီ။
ဒါ့ပြင် မြန်မာအစိုးရဟာဆိုရင် ဒုက္ခသည်တွေအားလုံး ဘေးကင်းကင်းနဲ့ မိမိသဘောနဲ့မိမိ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
အခုလိုမျိုး လုပ်ဆောင်နေတဲ့အနေအထားမှာ လူမျိုးသုဉ်းအောင် ဆက်လက်လုပ်နေပါတယ်ဆိုတာဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အခုဆိုရင် ဗုဒ္ဓဘာသာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့အကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီပဋိပက္ခမှာ မွတ်စလင်တွေ မပါပေမဲ့လည်း ဒီပဋိပက္ခရဲ့ဒဏ်ကိုလည်း မွတ်စလင်တွေ အလားတူ ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ရှိပြီးသားပြဿနာတွေကို ပိုမို ဆိုးရွားစေမယ့် ဆုံးဖြတ်ချက်မျိုးမချစေချင်ပါဘူး။
အာဃာတနဲ့ အမုန်းတရားတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အကြီးဆုံးပြဿနာဖြစ်ပါတယ်။ သို့ပေမဲ့ ဒါတွေကိုကျော်လွှားပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ကျမတို့အားလုံး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
မြန်မာဘက်မှရှေ့နေ ဝီလျံ ရှာဘားစ်၏ ချေပချက်များမှ ကောက်နုတ်ချက်
“လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုတော့မြောက်ပါတယ်။ ဒါပေမဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ဖွင့်ဆိုချက်နဲ့တော့ မကိုက်ပါဘူး။” (မြန်မာဘက်မှရှေ့နေဝီလျံ ရှာဘားစ်၏ တင်ပြချက်)
- လူမျိုးရေးခွဲခြားမှုတွေနဲ့တူတဲ့ မူဝါဒတွေ၊ ဒုက္ခသည်တွေနဲ့ လူနည်းစုတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပေါများတဲ့ ကမ္ဘာမှာ ကိစ္စတော်တော်များများကို လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုပြီး သမုတ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ လူတွေက သူတို့ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု အဆိုပြုချက်တွေကို အထောက်အကူပြုစေမယ့် ရုံးတော်ရဲ့ ယခင်က ဆုံးဖြတ်ချက်တွေထဲက လိုချင်တဲ့အပိုင်းလေးတွေလောက်ပဲ ရှေ့နောက်မညီညွတ်ဘဲ ရွေးယူလေ့ရှိကြပါတယ်။
- လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒဆိုတာမျိုးမဟုတ်တဲ့ တခြားဖြစ်နိုင်တဲ့ အကြောင်းတရားတွေကိုတော့ ဂမ်ဘီယာနိုင်ငံကရော ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ (FFM) ကရော မျက်စိလျှမ်းခဲ့ကြပါတယ်။
- မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်က ဒီရိုဟင်ဂျာတွေကို နိုင်ငံကနေ နှင်ထုတ်ဖို့ ဖြစ်ပါတယ်။ (သတ်ဖြတ်) အပြတ်ရှင်းပစ်ဖို့ မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ (လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ခေါ်လို့ရလောက်တဲ့) ရောမ ဥပဒေ (Rome Statute) ရဲ့ဘောင်နဲ့ မညီညွတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ကောင်း ကျူးလွန်ခဲ့နိုင်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကိုသာ တရားလိုရှေ့နေအဖွဲ့ဘက်က တင်ပြသွားခဲ့ပါတယ်။ သူတို့ တင်ပြခဲ့တဲ့အချက်တွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့မဆိုင်ပါဘူး။
- နောက်ပြီး လူတွေကို အတင်းအကျပ် မောင်းထုတ်ဖယ်ရှားပစ်တာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဘူးလို့ ဒီရုံးတော်ကပဲ ဆုံးဖြတ်ခဲ့ဖူးပါတယ်။
- “လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့စိတ်ဆန္ဒ (Genocidal intent)” ဆိုတဲ့ စကားရပ်ကို သုံးဖို့ဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ (ဒီအသုံးသုံးဖြစ်အောင် ကိုးကားတဲ့) ရင်းမြစ်တွေဟာ ကိုးကားရလောက်အောင် အရည်အချင်းမပြည့်မီ ပါဘူး။ နောက်ပြီး (ဒီစကားလုံးကို သုံးရတဲ့) အကြောင်းပြချက်ကိုလည်း ကောင်းကောင်း မရှင်းပြနိုင်ခဲ့ပါဘူး။
- ဒီနေ့ထိ မြန်မာစစ်တပ် သုံးတဲ့ နည်းလမ်းတွေဟာ ၁၉၆၀ တုန်းကနဲ့ တူတူပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဟိုးအရင်က ပြီးခဲ့တဲ့ကိစ္စတွေဟာ “လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ဖြစ်တယ်” လို့ ဘယ်သူကမှ စကားမစခဲ့ပါဘူး။
- ရိုဟင်ဂျာတွေကို အစာရေစာ ဖြတ်တောက်တာဟာ သူတို့ကို ဒီမြေပေါ်ကနေ မောင်းထုတ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် သတ်ပစ်ဖို့တော့ မဟုတ်ပါဘူး။
- ပြီးတော့ လူဘယ်လောက် သတ်ခံခဲ့ရလသလဲဆိုတာကို ဂမ်ဘီယာနိုင်ငံအနေနဲ့ မပြောနိုင်ပါဘူး။ ဒီလို (အသတ်ခံရတဲ့လူဦးရေစာရင်းကို မပေးနိုင်တဲ့ကိစ္စမျိုး) ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ဆိုင်တဲ့ အရင်တုန်းက ကိစ္စတွေမှာ မရှိခဲ့ဖူးပါဘူး။ တချို့ကတော့ ရိုဟင်ဂျာ ၁၀,၀၀၀ လောက် အသတ်ခံရတယ်၊ လူ ခုနစ်သိန်းကျော် နှင်ထုတ်ခံရတယ်လို့ ပြောပါတယ်။
- လူဘယ်လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့အချက်ကို ဂမ်ဘီယာနိုင်ငံဘက်က မဖော်ပြခဲ့တာဟာ သူ့ရဲ့ စွပ်စွဲချက် ခိုင်မာမှုအားလျော့မသွားစေဖို့ တမင်ရည်ရွယ်ခဲ့တာလားလို့လည်း မေးခွန်းထုတ်ပါတယ်။
- (ရိုဟင်ဂျာတွေ) ကို “အစုလိုက်အပြုံလိုက်သတ်ဖြတ်မြှုပ်နှံ” ထားတယ်ဆိုတဲ့ အထောက်အထား ကိုလည်း ကုလသမဂ္ဂအနေနဲ့ မတွေ့ထားပါဘူး။
- လူဦးရေ “တစ်သန်းကျော်ကျော်” ရှိတဲ့ လူမျိုးစုတစ်စုမှာ လူ ၁၀,၀၀၀ သေတယ်ဆိုရင်တောင်မှ ဒါဟာ လူမျိုးတစ်မျိုးလုံးကို သုတ်သင်ဖျက်ဆီးပစ်ချင်တာမျိုး မဟုတ်တဲ့ တခြား ရည်ရွယ်ချက် ရှိတယ်လို့ ညွှန်ပြနေပါတယ်။ ခရိုအေးရှားဖြစ်ရပ်မှာတုန်းက တရားရုံးက ဆုံးဖြတ်ခဲ့ဖူးတာကတော့ သေဆုံးသူဦးရေပမာဏဟာ လူမျိုးသုဉ်းစွပ်စွဲချက်နဲ့စာရင် သက်ဆိုင်ဆီလျော်တယ် ဆိုတာပါ။
- အစီရင်ခံစာကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲမှာ ကျန်နေရစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအကြောင်းကို ဖော်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြည်တွင်းကျန် ရိုဟင်ဂျာတွေဟာလည်း ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရဆဲပါပဲ။ “ဒါဟာ လူမျိုးတစ်မျိုးလုံးကိုသုတ်သင်ပစ်တယ် ဆိုတာမျိုးမဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှု၊ အနိုင်ကျင့်နှိပ်စက်မှုစွဲချက်သာဖြစ်ရပါမယ်”။
- မြန်မာတပ်မတော်ရဲ့ စိတ်စေတနာဟာ ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကထွက်သွားစေချင်တဲ့ သဘောသာဖြစ်ပါတယ်။ သူတို့တွေအကုန်လုံးကို သုတ်သင်ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး။ ဒါဟာ လက်ခံပြီးသား လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတစ်ခုတော့မြောက်ပါတယ်။ ဒါပေမဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ဖွင့်ဆိုချက်နဲ့တော့ မကိုက်ပါဘူး။
- စစ်ဆင်ရေးတွေမှာ မြန်မာတပ်မတော်က အထက်ပါနည်းတွေကို သုံးလာခဲ့တာဟာ ၁၉၆၀ ကာလတွေ ကတည်းကဖြစ်ပေမဲ့ ဘယ်သူကမှ သူတို့ လူမျိုးသုဉ်းသတ်ဖြတ်နေပါတယ်လို့ မစွပ်စွဲခဲ့ကြပါဘူး။