သတင်း

စရိတ်နှင့် နေရာ အာမခံသူမရှိသဖြင့် တရုတ်ဘက်မှ ကားများအားလုံး နယ်စပ်တွင် အဝင်မခံတော့

ကိုဗစ်နိုင်တင်း (COVID-19) ကာကွယ်မှုအနေဖြင့် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ပေါက်များမှ ဝင်ထွက်သွားလာသူများအား ကိုယ့်စရိတ်ကိုယ်စားဖြင့် သီတင်းနှစ်ပတ်ကြာ ကျန်းမာရေးစောင့်ကြည့်မှု ခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုသွားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က မတ် ၂၄ တွင် ညွှန်ကြားစာ ထုတ်လိုက်သည်။

အဆိုပါညွှန်ကြားချက်ထဲတွင် ကချင်ပြည်နယ် ပန်ဝါ၊ ကန်ပိုက်တီး နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် နိုင်ငံခြားသားအပါအဝင် နေရပ်ပြန်မြန်မာများအားလုံးကို ၁၄ ရက်စောင့်ကြည့်ပြီးမှသာ ဝင်ရောက်ခွင့်ပြုသွားမည်ဟု ဆိုထားသည်။

ထိုသို့ စောင့်ကြည့်ရာတွင် မြေနေရာအခက်အခဲရှိသည့်အတွက် ယာဉ်ရပ်နားစခန်းများတွင်သာ နေရမည် ဖြစ်ပြီး မိမိစရိတ်ကို မိမိကျခံရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ ဝင်ရောက်နေသော တရုတ်နိုင်ငံသားများနှင့် တရုတ်ကုန်တင်ကားများကို ဝင်ခွင့်မပြုရန် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်တို့က နိုင်ငံတော်သမ္မတထံ မတ် ၂၃ က စာပို့တောင်းဆိုခဲ့ကြပြီး နောက် ထိုသို့ညွှန်ကြားချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ကန်ပိုက်တီနယ်စပ်ဂိတ်မှ နေ့စဉ် ငှက်ပျောသယ်သည့်ကုန်ကားအစီးရေ ၁၀၀ ကျော်၊ တရုတ်နိုင်ငံသား ၅၀၀ ကျော် ဝင်ရောက်လျက်ရှိသည်ဟု ဝိုင်းမော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ အဆိုပါစာ၌ ဖော်ပြထားသည်။

ထိုသို့စာထွက်လာသည်မှာ မှန်ကန်ကြောင်း ဦးဇယ်ခေါင်က Myanmar Now ကိုပြောသည်။

အလားတူ တရုတ်နိုင်ငံအတွင်းဝင်ရောက်မည့် မြန်မာနိုင်ငံသားများကိုလည်း မတ် ၂၃ မှစ၍ တရုတ်နိုင်ငံ ကူရုံးမြို့ရှိ သတ်မှတ်ထားသော ဟိုတယ်တွင် ကိုယ့်စရိတ်ကိုယ်စားဖြင့် ၁၄ ရက်အကြာ ကျန်းမာရေးစောင့်ကြည့် စစ်ဆေးခံရမည်ဖြစ်ပြီး ရောဂါကင်းရှင်းမှသာ ထိန်ချုံးမြို့သို့ သွားရောက်ခွင့်ပြုမည်ဟု တရုတ်ဘက်က သတ်မှတ်ထားသည်။

“နိုင်ငံခြားသားတွေကို (မတ် ၂၄ ကစပြီး) လုံးဝအဝင်မခံဘူး။ တရုတ်ဘက်ကလာတဲ့ ကုန်ကားတွေလည်း စခန်းမှာရပ်ထားတယ်။ မြန်မာနိုင်ငံသားတွေကိုတော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပြီး ဝင်ခွင့်ပေးနေတယ်” ဟု ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က Myanmar Now ကို မတ် ၂၅ တွင် ပြောသည်။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ၁၄ ရက် စောင့်ကြည့်ရာ၌ တရုတ်နိုင်ငံဘက်မှဝင်မည့်သူများ၏ ကုန်ကျစရိတ်နှင့် နေထိုင်ရန်နေရာကို သက်ဆိုင်ရာကုမ္ပဏီများက အာမခံမပေးသောကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် အဝင်ကုန်ကားများကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ဦးမင်းမင်းလတ်က ပြောသည်။

“တရုတ်ဘက်က ဝင်လာတဲ့လူတွေကို အာမခံပေးမယ့်သူ မရှိဘူး။ quarantine (ခြေချုပ်ထား) လုပ်ရင် သူတို့စားစရိတ်နဲ့လုပ်မှာ။ ဝင်လာတဲ့လူတွေကို သက်ဆိုင်ရာကုမ္ပဏီက တာဝန်ခံဖို့ပြောတာ တာဝန်မခံလို့ ဝင်ခွင့်ပိတ်ထားတယ်” ဟု ဦးမင်းမင်းလတ်က ဆက်ပြောသည်။

အဆိုပါစောင့်ကြည့်ကာလတွင် လူဦးရေ ၃၀၀ ခန့်ထားရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ်၏ ဆေးရုံများတွင် စောင့်ကြည့်ထားမည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်ကပြောသည်။

လက်ရှိအချိန်တွင် တရုတ်ကုန်တင်တွဲကားများ အဝင်အထွက် နည်းသွားသော်လည်း ယမန်နေ့ကအထိ အဝင်ကားအစီးရေ ၂၀၀ ခန့်ရှိနေသေးသည်ဟု ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးဇော်လင်းကဆိုသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်သည် တရုတ်ကုန်တင်တွဲကားကြီးများဖြင့် တရုတ်ကုန်သည် ၅၀၀ ကျော်ခန့် နေ့စဉ်ဝင်ရောက်နေပြီး လွယ်ဂျယ်၊ ပန်ဝါ စသည့် တရားဝင်နယ်စပ်ဂိတ်များအပြင် မလွယ်ပေါက်များလည်း များစွာရှိထားသည်ဟု ၎င်းကဆိုသည်။

လတ်တလောတွင် တရုတ်နိုင်ငံသို့ မြန်မာဘက်မှ အထွက်ခွင့်ပြုထားသော်လည်း တရုတ်နိုင်ငံဘက်မှ ကုန်စည်စီးဆင်းမှု ယာယီရပ်တန့်နေသောကြောင့် တစ်ရက်လျှင် ဒေါ်လာ တစ်သန်းနီးပါး ဆုံးရှုံးနိုင်သည်ဟု ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။

“ပုံမှန်က တစ်ရက်ကို ဒေါ်လာ နှစ်သန်းဖိုးလောက်ဝင်တယ်။ အသွားအပြန်ပေါ့။ အခုအခြေအနေက တစ်ဝက်နီးပါး ကျသွားတယ်။ ဒါပေမဲ့ ကုန်သွယ်မှုထက် ကျန်းမာရေးက အရေးကြီးတယ်။ ဒါက အမျိုးသားရေး တာဝန်မဟုတ်လား” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်၌ ဝင်ထွက်သူအများစုသည် ကုန်ကားမောင်းသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ကုန်ကားများ တရုတ်ဘက်သို့ထွက်ခွာခွင့် ပေးထားဆဲဖြစ်သော်လည်း မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှပို့မည့် ကုန်စည်ပမာဏနည်းလာခြင်း၊ ကုန်ကားများ ပြန်မဝင်လာသဖြင့် ကုန်ကားနည်းပါးလာခြင်းတို့ကြောင့် နောက် ၃ ရက်ခန့်တင်ပို့ပြီးပါက မြန်မာဘက်က ကုန်ကားအထွက်လည်း ရပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စာထုတ်ပြီးနောက်တွင် တရုတ်ကုန်ကားများမဝင်ရောက်လာတော့ဘဲ နယ်စပ်မှ ပြန်လှည့်ပြန်သွားကြပြီး ပြည်တွင်း၌ရှိနေသော တရုတ်တစ်ရှူးငှက်ပျောကုန်တင်ကားများလည်း အဝင်မရှိဘဲ အလုအယက် ပြန်ထွက်နေသည်ဟု ကန်ပိုက်တီးဂိတ်တွင်ရောက်ရှိနေသည့် ဒေသခံဒေါ်ထူးကဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသည့် ဝင်ထွက်ပေါက်ဖြစ်သည့် ရှမ်းပြည်နယ် မူဆယ်နယ်စပ်ဂိတ်တွင် ခရီးသွားအဝင်အထွက်ကို နေ့စဉ်အပူချိန်တိုင်းတာစက်များဖြင့်စစ်ဆေးနေပြီး ဝင်ထွက်ခွင့်ပြုထားပြီး စောင့်ကြည့်လူနာ ၅၀၀ ခန့်ထားရှိနိုင်ရန်လည်း စီစဉ်နေဆဲဖြစ်ကြောင်း မူဆယ်ခရိုင် ကိုဗစ်နိုင်တင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဝင် ဦးသောင်းထွန်းကပြောသည်။

ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဒေသခံမဟုတ်သည့် နိုင်ငံခြားသားခရီးသွားများကိုလည်း မြန်မာနယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို မတ် ၁၉ မှစ၍ ရက်အကန့်အသတ်မရှိ အစိုးရက ပိတ်ထားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့စတင်ဆောင်ရွက်မည့် ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်လာရောက်မည့် ခရီးသည်များအားလုံးသည် ကိုဗစ်နိုင်တင်းရောဂါကင်းရှင်းကြောင်း ဆေးထောက်ခံချက် ပါရှိရမည့်အပြင် စတင်ရောက်ရှိချိန်မှစ၍ ၁၄ ရက်အတွင်း သီးသန့်သတ်မှတ်ထားသည့် နေရာများတွင် စောင့်ကြည့်စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button