သတင်း

တရုတ်နယ်စပ် လွယ်ဂျယ်အဝင်လမ်းရှိ စစ်တပ်စခန်းများကို KIA သိမ်းပိုက်

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်နှင့် မိုးမောက်မြို့အကြားရှိ စစ်တပ်စခန်းများအားလုံးကို  တိုက်ခိုက်သိမ်းယူနေရာ ယနေ့ (ဧပြီ ၁) နံနက်တွင် တစ်ခုတည်းသော လက်ကျန်  စိန်လုံ ဗျူဟာကုန်းအား ရရှိခဲ့ပြီး နောက် လမ်းပိုင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်နိုင်ပြီဖြစ်သည်။

မိုးမောက်မြို့နှင့် လွယ်ဂျယ်မြို့တို့ကို ဆက်သွယ်ထားသည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်တပ်စခန်းများ ကို KIA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ် ၂၇ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက် အတွင်း ယောယုံ ဗျူဟာကုန်း အပါအဝင် စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကျန်ရှိနေသည့် စိန်လုံဗျူဟာကုန်းနှင့် ကာကင်း စခန်းကုန်းငယ်အချို့ကို မတ် ၃၀ ရက်မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး နောက်တစ်နေ့တွင် ကာကင်းကုန်းများဖြစ်သည့်  ဗျင်ဝိုင်စခန်းနှင့် ဝလိုင်းဖျင်ယန်စခန်းကုန်း တို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ 

နောက်ဆုံးလက်ကျန် စိန်လုံဗျူဟာကုန်းကို မတ် ၃၁ ရက် တစ်ညလုံး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ နံနက်အစောတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

“အဲဒီစိိန်လုံတောင်ကုန်းကို မနေ့ကတည်းက ဝင်တိုက်တာ တစ်ညလုံး တိုက်ပွဲဖြစ်တာ၊ စကစ ကနေလည်း လေကြောင်းနဲ့ ပစ်ကူတာ၊ ဒီမနက် ၇ နာရီခွဲအချိန်မှာ စိန်လုံတပ်စခန်းကို ကျွန်တော်တို့ KIA က အပြီးသိမ်းပိုက်လို့ ရပါပြီ” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

သို့သော် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းသိမ်းဆည်းရမိမှု၊ သုံ့ပန်းရရှိမှု စသည့် အသေးစိတ်အချက်အလက် များကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်တပ်စခန်းများအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လမ်းပိုင်း တစ်ခုလုံး ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ လွယ်ဂျယ်မြို့ရှိ စစ်တပ်ကို ပိတ်ဆို့ထားသည့် အခြေအနေဖြစ်သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း လွယ်ဂျယ်မြို့ရှိ တပ်စခန်းနှစ်ခုမှ စစ်သားများသည် သေနတ်ပစ်ဖောက်ကာ တရုတ်ပြည်ဘက်သို့ ထွက်ပြေးကြရန် ပြုလုပ်ခဲ့သော်လည်း တရုတ်ဘက်မှ ဝင်ခွင့်မပြုကြောင်း ဒေသတွင်း သတင်းတစ်ခုတွင်ဖော်ပြထားသည်။

အဆိုပါလက်ကျန်စခန်းကုန်းလက်မလွှတ်ရစေရေးအတွက် ယမန်နေ့က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ ခဲ့သလို စိန်လုံစခန်းနှင့် မိုင် ၂၀ ခန့် ဝေးသည့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (၃၄၇) က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု မိုးမောက်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က တစ်ညလုံးပစ်တာ၊ စခန်းမရောက်ခင်နားက ရွာတွေထဲလည်း ကျတယ်။ တောထဲကျပြီး တောမီးလောင် တာတွေတောင်ရှိတယ်။ အဲဒီနားက လူတွေက‌တော့ ဒီကိုလည်း ပြန်မလာရဲလို့ တောထဲလျှိုထဲမှာပဲ ပုန်းနေကြရ တယ်” 

ထို့ပြင် ယနေ့နံနက် အစောတွင်လည်းအဆိုပါ စိန်လုံစခန်းနေရာသို့ လေကြောင်းမှ တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ သေးသည်ဟု ဆိုသည်။

အဆိိုပါ မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်နေစဉ် စစ်တပ်က မိုးမောက်မြို့သို့ လေကြောင်းမှတဆင့် စစ်ကူများ အဆက်မပြတ်ပို့ဆောင်နေသည်ဟု အထက်ပါမြို့ခံအမျိုးသားက ပြောသည်။

“သုံးရက်လောက်ရှိပြီ နေ့တိုင်း ရဟတ်ယာဉ်နဲ့ အောက်ဘက်ကတပ်တွေ လာလာပို့တာ၊ ခလရ (၄၃၇) နားမှာ စုနေ တာ ၁၀၀ လောက်ရှိတယ်။ တခြား တပ်ဖျောက်ထားတာတွေလည်း ရှိနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

KIA နှင့် ပူးပေါင်းတပ်များကလည်း မိုးမောက်မြို့အထွက် တောင်ခြေအနီးတဝိုက်တွင် အင်အားပေါင်းထားပြီး မိုးမောက်အနီးတဝိုက်ရှိ ဒေသခံများ၊ စစ်ရှောင်များကို ရှောင်တိမ်းကြရန် တိုက်တွန်းနေသည်ဟု ဒေသခံ အချို့ က ပြောသည်။

မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းကို KIA က ထိန်းချုပ်ထားနိုင်ပြီးနောက် လွယ်ဂျယ်မြို့မှ ဒေသခံများလည်း မြို့မှ တိမ်းရှောင်နေကြသည်ဟု သိရသည်။ 

 ယနေ့ ဧပြီ ၁ ရက် နံနက် ၁ နာရီခန့်တွင် လွယ်ဂျယ်မြို့ အနောက်ဘက် မံစီမြို့နယ် ဂျန်မန်ရွာတွင် ညအိပ်ရပ်နား နေသည့် ကုန်ကားများကို  လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် ကားသမား ၅ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ သည်။

“မနေ့ည သန်းခေါင်ယံပေါ့နော် ၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ Y 12 လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကားသမားတွေ ၅ ဦးသေပြီးမှ ၃ ဦးဒဏ်ရာရတဲ့ သတင်းရပါတယ်။ အဲဒီရွာက တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး ဝေးပါတယ်။ KIA ကလည်း အဲဒီဘက်မှာ စခန်းထိုင်တာတွေ လည်းမရှိပါဘူး၊ စစ်တပ်လည်းမရှိပါဘူး၊ ခရီးသွား တွေ ခရီးတစ်ထောက်နားတဲ့ နေရာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်အထိ တိုက်ပွဲများ နီးကပ်လာသည့်အတွက် တရုတ်ဘက်က တိုက်ပွဲများ ရပ်တန့်ရန် KIA ကို ဖိအားပေးမှုများ ရှိလာသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး ဘာမှမသိရသေးသလို အထက်လူကြီးများက အသိပေး အကြောင်းကြာလာခြင်းလည်း မရှိသေး ကြောင်း ၎င်းက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်  KIA နှင့် ပူးပေါင်းတပ်များက ကချင် ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြခြင်းလည်းဖြစ်သည်။

မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို KIA က ထိန်းချုပ်ထားပြီး မြို့အနီးရှိ ခလရ(၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်များကိုလည်း တိုက်ခိုက် နေသည်။

မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စစ်စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက် စခန်းများနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စခန်းများ စသည့် စစ်တပ်စခန်းပေါင်း ၆၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။

Show More

Related Articles

Back to top button