စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

မြန်မာနိုင်ငံတစ်ဝန်း ပေါ်ပေါ်တင်တင် သတ်ဖြတ်ရောင်းဝယ်ခံနေရသည့် သင်းခွေချပ်များ

မြန်မာနိုင်ငံအတွက် မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တစ်မျိုးဖြစ်သည့် သင်းခွေချပ်ကောင်၏ အစိတ်အပိုင်းသုံးခုကို မန္တလေးမြို့ရှိ ဆိုင်တစ်ဆိုင်တွင် လျန် က ထုတ်ပြသည်။ ဆိုင်မှာ အရောင်းအဝယ်အတွက် လိုက်ဖက်သည့် နေရာတစ်ခုဖြစ်သည်။ ဆိုင်အတွင်းပိုင်း နံရံပေါ်တွင် သမင်ချိုများ ချိတ်ထားပြီး ကျားသစ်သားရေများ၊ တိရစ္ဆာန်ချိုများနှင့် တန်ဆာဆင်ထားသည့် ကျွန်းကုလားထိုင်များလည်း ရှိသည်။ 

သင်းခွေချပ်အကြေးခွံ ဝယ်ချင်သည်ဟု ကျွန်ပ်တို့ ပြောသောအခါ လျန် က အံ့ဩဟန် မပြ။ အကြေးခွံများ ထည့်ထားသည့် ကြွပ်ကြွပ်အိတ် နှစ်အိတ်ကို ထုတ်လာသည်။ တစ်အိတ်လျှင် သုံးဆယ်သားခန့် ရှိမည်ဟု ထင်ရသည်။ တစ်အိတ်ထဲတွင် အိန္ဒိယမှ သွင်းလာသည်ဆိုသည့် အညိုရောင် ခပ်ထူထူ အကြေးခွံများ ထည့်ထားပြီး နောက်တစ်အိတ်ထဲတွင်မူ လျန် ၏ အပြောအရ “တောင်ပေါ်ကလူတွေ” သယ်လာသည့် အကြေးခွံများ ဖြစ်သည်။  အရောင်ပိုရင့်ပြီး နည်းနည်းပိုသေးသည်။

မန္တလေးရှိ တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ရောင်းချသည့် ဆိုင်တစ်ဆိုင်တွင် တွေ့ခဲ့ရသည့် သင်းခွေချပ် အကြေးခွံများ

၎င်းထံတွင် ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများဝယ်ရန် စုံစမ်းသူများမှာ ကျွန်ုပ်တို့ချည်းသာ မဟုတ်။ လစဉ်လတိုင်း သင်းခွေချပ်အကြေးခွံ ပိဿာ ၆၀ ခန့်ကို တရုတ်ပြည်သို့ ပို့နိုင်မလားဟု ကျွန်ုပ်တို့က မေးသည့်အခါ တစ်ပိဿာလျှင် ကျပ် ၈၅၀,၀၀၀ စျေးနှင့် ပို့ပေးနိုင်သည်ဟု လျန် က ဆိုသည်။ 

မြန်မာနိုင်ငံတွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့်ကြုံနေရသည့် တိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားနေသည့် အခြေအနေကို စုံစမ်းရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြို့ခြောက်မြို့သို့ ကျွန်ုပ်တို့ သွားရောက်လေ့လာခဲ့ရာ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ရသူ တစ်ဒါဇင်ခန့်အနက် လျန် မှာ တစ်ဦးအပါအဝင် ဖြစ်သည်။ တရားမဝင်ရောင်းဝယ်ဖောက်ကားနေသူများနှင့် ထိုကဲ့သို့ တွေ့ဆုံစကားပြောခွင့်ရရန်နှင့် လုံခြုံရေးကိစ္စရပ်များကြောင့် ကျွန်ုပ်တို့ကိုယ်ကို ၎င်းတို့ကဲ့သို့ပင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားနေသူများအဖြစ် ယုံကြည်အောင် မိတ်ဆက်ပြောဆိုပြီး စုံစမ်းထောက်လှမ်းခဲ့ရသည်။

သင်းခွေချပ်ကို ရံဖန်ရံခါ တရားမဝင်ရောင်းဝယ်ဖောက်ကားနေကြသူများ၊ အခြားနိုင်ငံများရှိ ရောင်းဝယ်သူများနှင့် ချိတ်ဆက်လုပ်ကိုင်နေကြသူများကို ခရီးစဉ်အတွင်း တွေ့ရလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့သော်လည်း  မြန်မာနိုင်ငံကဲ့သို့ သင်းခွေချပ်ကို စားသုံးလေ့မရှိသည့် နိုင်ငံမျိုးတွင် သင်းခွေချပ် ရောင်းဝယ်ဖောက်ကားမှုကို နေရာအများအပြားတွင် တွေ့လိမ့်မည်ဟူ၍မူ မမျှော်လင့်ထားခဲ့ပါ။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ “Seasons” ဟိုတယ်အတွင်း ဆိုင်တစ်ဆိုင်တွင် ခင်းကျင်းပြသထားသည့် သင်းခွေချပ်အကြေးခွံများနှင့် အကြေးခွံမှုန့်များ

ရန်ကုန်၊ မန္တလေး၊ မိုင်းလား၊ တာချီလိတ်နှင့် မြဝတီမြို့တို့တွင် သင်းခွေချပ်ဈေးကွက် ရှိကြောင်း ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။ သင်းခွေချပ်အရှင်များကိုတော့ လတ်လတ်ဆတ်ဆတ် စားသုံးရန် ရောင်းချပြီး အသေကိုတော့ တရုတ်တိုင်းရင်းဆေး ဖော်စပ်သူများထံ အကြေးခွံနှင့်တကွ ရောင်းချကြသည်။

၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင် တရုတ်နှင့် မလေးရှားမျိုးနွယ် သင်းခွေချပ်များသည် မျိုးသုဉ်းမည့် အန္တရာယ်ရှိသဖြင့် အဆင့် (၁) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်အုပ်စုထဲတွင် ပါဝင်သည်။ 

ထိုကဲ့သို့ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်း၊ ၎င်းတို့ကို သို့မဟုတ် ၎င်းတို့၏ အစိတ်အပိုင်းကို ရောင်းဝယ်ဖောက်ကားခြင်း စသည့် ပြစ်မှုများကျူးလွန်ပါက သုံးနှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည်။ 

သို့သော်လည်း ကျွန်ုပ်တို့လေ့လာကြည့်သလောက်အရမူ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ဥပဒေက အားကောင်းအသက်ဝင်ပါ့မလားဟု သံသယဖြစ်မိပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ထိုဥပဒေကို အားကောင်းအသက်ဝင်အောင် ဆောင်ရွက်ရန် လုံလောက်သော ဝန်ထမ်းအင်အားရင်းမြစ်မရှိခြင်း၊ နည်းပညာနှင့် ရန်ပုံငွေလိုအပ်ချက်များကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုမှာ ထိန်းမရအောင် ပျံ့နှံ့နေသော်လည်း အဓိကဦးစားပေးကိစ္စတစ်ခု ဖြစ်မနေပါ။ 

မြန်မာအစိုးရအနေဖြင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ကဲ့သို့သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု ကာကွယ်တားဆီးခြင်းဆိုင်ရာ ပညာပေးအစီအစဉ်များ ပြုလုပ်ခြင်းနှင့် နယ်စပ်ဒေသများရှိ ဥပဒေစိုးမိုးရေးအရာရှိများကို သင်တန်းပို့ချခြင်းတို့ ဆောင်ရွက်သည်ဟု သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားရေးမှူး ဦးနိုင်ဇော်ထွန်းက ဆိုသည်။ 

သို့သော်လည်း “ဥပဒေစိုးမိုးမှု အပြည့်အဝမရှိသည့် နယ်စပ်ဒေသများရှိ တရားမဝင်ဈေးကွက်များကို မထိန်းချုပ်နိုင်ခြင်း၊ အွန်လိုင်းဈေးကွက်များ ပိုမိုကျယ်ပြန့်လာခြင်းနှင့် (၎င်း၏) ဌာနအနေဖြင့် လူသားအရင်းအမြစ်၊ ရန်ပုံငွေနှင့် နည်းပညာလိုအပ်ချက်များ ရှိခြင်း” တို့က ဥပဒေစိုးမိုးမှု ရှိအောင် အစိုးရက အားထုတ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ ဖြစ်သည်ဟု ဦးနိုင်ဇော်ထွန်းက Myanmar Now ကို ဒီဇင်ဘာလ ၂၀ ရက်တွင် စာဖြင့် ပြန်လည်ဖြေကြားသည်။ 

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းပြီးနောက် သင်းခွေချပ် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုကြောင့် လူပုဂ္ဂိုလ် ခြောက်ဦးကို အရေးယူနိုင်ခဲ့ပြီး သင်းခွေချပ်အကြေးခွံ ၂၈၄ ဒသမ ၅ ကီလိုဂရမ် (ပိဿာ ၁၇၀ ခန့်) သိမ်းဆည်းရမိခဲ့သည်ဟု သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ အချက်အလက်များအရ သိရသည်။ 

ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူအရေအတွက်နှင့် အကြေးခွံပမာဏမှာ နည်းသော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည်ဟု ဆိုရမည်။ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို စတင်ပြဋ္ဌာန်းခဲ့သည့် ၁၉၉၄ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ ၂၄ နှစ်အတွင်း သင်းခွေချပ် တရားမဝင်ရောင်းဝယ်ဖောက်ကားသူ ၄၆ ဦး၊ တစ်နည်းအားဖြင့် တစ်နှစ်လျှင် နှစ်ဦးခန့်သာ ဖမ်းဆီးနိုင်ခဲ့သည်။ အလားတူပင် အဆိုပါ ၂၄ နှစ်အတွင်း သိမ်းဆည်းရမိသည့် အကြေးခွံပမာဏမှာ ၂၀၁၈ မှ ၂၀၁၉ ခုနှစ်၊ တစ်နှစ်ကျော်အတွင်း သိမ်းဆည်းရမိသည့် ပမာဏထက်ပင် နည်းသေးသည်။ 

သင်းခွေချပ်များကို တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းက ယင်းတိရစ္ဆာန်မျိုးနွယ်များကို မျိုးသုဉ်းခါနီး အခြေအနေအထိ မည်ကဲ့သို့ ရောက်စေခဲ့ပုံကို နိုင်ငံပေါင်း ၁၅ နိုင်ငံမှ သတင်းထောက် အယောက် ၃၀ ကျော်သည် လွန်ခဲ့သည့် တစ်နှစ်အတွင်း အတူတကွ ပူးပေါင်းစုံစမ်းထောက်လှမ်းခဲ့သည်။  ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းမှု ရလဒ် “သင်းခွေချပ်အစီရင်ခံစာ” နှင့် နောက်ဆက်တွဲ သတင်းရယူမှုများအရ တရုတ်နိုင်ငံနှင့် အခြားဈေးကွက်များ၏ မတင်းတိမ်နိုင်သော သင်းခွေချပ်ဝယ်လိုအားကို အာဖရိကတိုက်နှင့် အာရှဒေသတို့ရှိ မှောင်ခိုဂိုဏ်းများက ပူးပေါင်းလုပ်ကိုင်၍ဖြစ်စေ၊ အပြိုင်အဆိုင်ဖြစ်စေ ဖြည့်စွမ်းနေကြသည်။ 

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ပို့ဆောင်မှုအတွက် ဖြတ်သန်းသွားရာနိုင်ငံတစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိခဲ့သည်။ မှောင်ခိုဂိုဏ်းများသည် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နေကြသဖြင့် အစိုးရများက ဖမ်းဆီးအရေးယူလိုက်နိုင်သူအများစုမှာ လက်အောက်ငယ်သားများသာ ဖြစ်နေတတ်ပြီး မှောင်ခိုလှုပ်ရှားမှုများကို ကြိုးကိုင်လုပ်ဆောင်နေသည့် သူဌေးများမှာ ဥပဒေပြင်ပတွင် ရှောင်ကွင်းနေနိုင်ကြသည်။  

ယင်းကုန်သွယ်မှုသည် ပိုမိုကြီးမားသော ပြဿနာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း လျန် နှင့် ကျွန်ုပ်တို့ ပြောဆိုကြည့်သည့်အခါ ပိုမိုထင်ရှားလာသည်။ သင်းခွေချပ်အကြေးခွံ ဝယ်ယူရန် စိတ်ဝင်စားဟန်ပြသည့် ကျွန်ုပ်တို့ကို ၎င်းတွင် ရှိသည့် ဆင်အရေခွံများ၊ ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဆင်းတုတော်များနှင့် ဝက်ဝံသည်းခြေ အစရှိသည့် အခြားတောရိုင်း တိရစ္ဆာန်ထွက်ကုန်များကိုပါ ပြရန် ၎င်း၏ဆိုင်ရှိ ကလေးတစ်ယောက်ကို လျန်က ခိုင်းလိုက်သည်။ 

သင်းခွေချပ် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုသည် ပိုမိုကြီးမားသည့် တရားမဝင်ကုန်သွယ်မှု ကွန်ရက်များ၏အစိတ်အပိုင်း အမြဲလိုလို ဖြစ်နေတတ်သည်။ ကျွန်ုပ်တို့၏ စုံစမ်းထောက်လှမ်းမှုများသည် အဆိုပါ တရားမဝင်ကုန်သွယ်မှုများ၏ တစ်စိတ်တစ်ဒေသကိုသာ ဖွင့်ဟပြသနိုင်ခဲ့ပါသည်။ 

အပိုင်း (၁)

မှောင်ခိုရောင်းချခြင်း

မိုင်းလားမြို့မစျေး အဝင်တစ်နေရာတွင် တွေ့ရသည့် အလုပ်ခေါ်စာကြော်ငြာစာရွက်များ ကပ်ထားသည့် နံရံတစ်ခု

မြန်မာနိုင်ငံတွင် သင်းခွေချပ် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေပုံကို မန္တလေးမြို့ ၏ နာမည်ကြီး ကျောက်စိမ်းဈေး၏ အနောက်ဘက်ဂိတ်မှ ထွက်ပြီး ကိုက် ၁၀၀ ခန့် လမ်းလျှောက်လိုက်လျှင်ပင် သိရှိနိုင်သည်။ ယင်းကျောက်စိမ်းဈေးအနီးတွင် အဖိုးတန်ကျောက်စိမ်းနှင့် အခြားကုန်ကြမ်းများကို တရုတ်နိုင်ငံနယ်စပ်နှင့် အခြားနေရာများသို့ ပို့ဆောင်ပေးမည့် ကုန်ပို့ဆောင်ရေးကုမ္ပဏီများစွာ ရှိသည်။ 

တရုတ်နိုင်ငံသို့ ကုန်တရားမဝင် ပို့ဆောင်ရန် လွယ်ကူသော်လည်း တရုတ်နိုင်ငံအတွင်း ကူးလူးသယ်ယူမှုမှာမူ ပိုမိုခက်ခဲပြီး စိန်ခေါ်မှုများသည်ဟု ကုန်သည်များက ပြောပြသည်။ သင်းခွေချပ် အကြေးခွံများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးနိုင်မည့် ကုန်ပို့ဆောင်ရေးကုမ္ပဏီများ ရှာဖွေတွေ့ရှိရန် ကျွန်ုပ်တို့ အချိန်များစွာ မယူခဲ့ရပါ။ သို့သော်လည်း တရားမဝင်ကုန်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် နည်းလမ်းရှာနေသူများအဖြစ် ကျွန်ုပ်တို့ ဟန်ဆောင်ခဲ့ကြရသည်။ 

Shun Feng Myanmar ဟု ခေါ်သည့် ကုန်ပို့ဆောင်ရေးကုမ္ပဏီ (တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ကုန်ပို့ဆောင်ရေးကုမ္ပဏီ Shun Feng နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပါ) ၏ ပိုင်ရှင် ‘ကျောင်း’ က သင်းခွေချပ်အကြေးခွံများကို တရုတ်ပြည်သို့ ပို့ဆောင်ပေးနိုင်သည်ဟု ဆိုလာခဲ့သည်။

မန္တလေးမြို့ရှိ Shun Feng Myanmar ကုန်ပို့ဆောင်ရေးကုမ္ပဏီ

ကျောင်းသည် မန္တလေးတွင် နေထိုင်ခဲ့သည်မှာ လေးနှစ်ခန့် ရှိပြီဖြစ်သည်။ မန္တလေးမှ တရုတ်နိုင်ငံ ရွှေလီမြို့နှင့် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ လမ်းကြောင်းကို ၎င်းက ကောင်းစွာနားလည်သည်။ သို့သော် ကုန်ပို့ဆောင်မှုမှာ အချိန်ကြာမြင့်နိုင်သည်ဟု ၎င်းက သတိပေးသည်။ သင်းခွေချပ်အကြေးခွံ တစ်ပိဿာခန့်ကို တရုတ်နိုင်ငံသို့ သုံးခေါက်ခွဲပြီးပို့ရန် အချိန် သုံးလကြာခဲ့သည်ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။ အခက်ခဲဆုံးမှာ လမ်းကြောင်း၏ နောက်ဆုံးအပိုင်းဖြစ်ပြီး ရွှေလီနှင့် ကူမင်းကြားတွင် စစ်ဆေးရေးဂိတ် အနည်းဆုံး သုံးခုရှိသည်ဟု ကျောင်း က ပြောသည်။ 

တရုတ်ကုန်ပို့ဆောင်ရေးကုမ္ပဏီ ZTO Express ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှာ မန္တလေးမြို့၌ ရှိပြီး ယင်းရုံး၏ မန်နေဂျာ ‘လီ’ ကလည်း သင်းခွေချပ်အကြေးခွံများကို သူတို့ တာဝန်ယူပို့ဆောင်ပေးနိုင်သည်ဟု အာမခံသည်။ 

၎င်း၏ အဆိုအရ လမ်းကြောင်းတစ်လျှောက် အန္တရာယ်အများဆုံးအပိုင်းမှာ ရွှေလီမြို့သို့ ဝင်အပြီး တရုတ်နိုင်ငံအတွင်းပိုင်း ဖြစ်သည်။ တရုတ်ပြည်တွင်း ကုန်ပို့ဆောင်ရေးကုမ္ပဏီများသည် ကုန်ပို့၊ ကုန်လက်ခံသူများ၏ နာမည်အရင်းများ ဖြည့်ရန်လိုအပ်ပြီး စစ်ဆေးရေးမှာ အလွန်တင်းကျပ်သည်ဟု လီ က ပြောသည်။ 

သို့သော်လည်း “ပိုက်ဆံပေးနိုင်ရင်တော့ ဘာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်” ဟု ၎င်းက တရုတ်ဘာသာစကားဖြင့် ပြောသည်။

ကျွန်ုပ်တို့ သွားရောက်ခဲ့သည့် မန္တလေးမြို့ရှိ ZTO ရုံးမှာ တရုတ်နိုင်ငံ၊ ရှန့်ဟိုင်မြို့တွင် အခြေစိုက်သည့် ZTO ကုန်ပို့ဆောင်ရေးကုမ္ပဏီ၏ ရုံးခွဲမဟုတ်ဘဲ မြန်မာနိုင်ငံအတွက် လုပ်ပိုင်ခွင့်ရ ဌာနေကုမ္ပဏီတစ်ခုသာ ဖြစ်ကြောင်း အဆိုပါရုံးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ZTO ရုံးချုပ်အနေဖြင့် တရားမဝင်ကုန်သွယ်မှုကို လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုန်ပို့ဆောင်မှုတိုင်းကို စစ်ဆေးရေးပစ္စည်းများနှင့် အသေအချာ စစ်ဆေးပြီး တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများလည်း ချမှတ်ထားကြောင်း ယင်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကျွန်ုပ်တို့အား ဝန်ဆောင်မှုပေးမည်ဟု ဆိုလာသည့် မန္တလေးရှိ ဌာနေကုမ္ပဏီကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားမဝင်လုပ်ရပ်များ လုပ်ဆောင်နေခြင်းမှန်ပါက အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ 

မြန်မာနိုင်ငံနေ တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည့် ‘မာ’  ကမူ သင်းခွေချပ် အကြေးခွံများကို တရုတ်တိုင်းရင်းဆေးဖော်ရန် ဝယ်လိုကြောင်း ကျွန်ုပ်တို့က ဇာတ်လမ်းဆင်ပြောသည့်အခါ မယုံမကြည်ဖြစ်သွားသည်။ တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်နေသူများကို အသွင်ယူထောက်လှမ်းနေသည့် တရုတ်ရဲဝန်ထမ်းများလားဟု ကျွန်ုပ်တို့အပေါ် အစပိုင်းတွင် သံသယဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ကျွန်ုပ်တို့ကို သင်းခွေချပ်အကြေးခွံ တကယ်ဝယ်မည့်သူများအဖြစ် ယုံကြည်သွားသည်။ 

မြန်မာနိုင်ငံအတွင်း အကြေးခွံများ ဝယ်ယူရန်နှင့် ပို့ဆောင်ရန် လွယ်ကူပြီး တရုတ်နိုင်ငံအတွင်းတွင် ပိုမိုခက်ခဲသည်ဟု အခြားသူများကဲ့သို့ပင် ၎င်းက ဆိုလာသည်။ 

မကြာသေးမီနှစ်ကပင် တရုတ်ပြည်အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ဖောက်သည်ထံသို့ ကျားအရိုးစု ခုနစ်စုံပို့ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်ဟု ၎င်းက ပြောပြသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည်ပင် တရုတ်ပြည်တွင် အဖမ်းခံခဲ့ရပြီး ထောင်ကျနေသည်ဟု ဆိုသည်။ 

မှောင်ခိုကုန်ကူးသူများ၏ အဆိုအရ နယ်စပ်မြို့ ရွှေလီသည် တရုတ်နိုင်ငံသို့ သင်းခွေချပ်အကြေးခွံများ အပါအဝင် တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှု၏ အချက်အချာနေရာ ဖြစ်သည်။ ထို့အပြင် ရွှေလီမြို့သည် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှု၏ အချက်အချာအကျဆုံး နေရာလည်း ဖြစ်သည်။ ထိုအချက်မှာ အံ့ဩစရာကောင်းသည်။ အကြောင်းမှာ သင်းခွေချပ်ကဲ့သို့ တောရိုင်းတိရစ္ဆာန် တရားမဝင်ကုန်သွယ်မှုမှာ ဝေးလံခေါင်သီသော ကျေးလက်ဒေသများမှတစ်ဆင့် ဖြတ်ကျော်သွားသည်ဟူသည့် လူအများထင်မြင်ချက်နှင့် ဆန့်ကျင်နေခြင်းကြောင့် ဖြစ်သည်။ 

ကုန်သွယ်မှုပုံစံကို နားလည်ရန် တရုတ်နိုင်ငံ၏ အများပြည်သူ ကြည့်ရှုနိုင်သည့် တရားရုံးမှတ်တမ်းများကို ကျွန်ုပ်တို့ ရှာဖွေဖတ်ရှုခဲ့သည်။ ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ပြစ်မှုဖြစ်စဉ် ၄၅ ခုတွင် မြန်မာနိုင်ငံမှ ဒေသ သုံးခု၏ အမည်မှာ ထပ်ခါထပ်ခါ ပါနေခဲ့သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်ရှိ မိုင်ဂျာယန်၊ ရှမ်းပြည်အရှေ့ပိုင်းရှိ တရားမဝင်ကုန်သွယ်မှုဖြင့် နာမည်ဆိုးရှိသည့် မိုင်းလားတို့ ဖြစ်သည်။ 

မိုင်းလားမြို့မစျေးအပြင်ဘက်ရှိ စတိုးဆိုင်တစ်ခုတွင် ခင်းကျင်းပြသထားသည့် သင်းခွေချပ်အကြေးခွံများ

အဆိုပါ ပြစ်မှုဖြစ်စဉ်များအားလုံးတွင် သိမ်းဆည်းရမိသည့် သင်းခွေချပ်အကြေးခွံပမာဏမှာ နည်းပါးသည်။ ဖမ်းဆီးရမိပြီး ထောင်ဒဏ်ချမှတ်ခံရသူ အများစုမှာ ကိုယ်တိုင်အသုံးပြုရန် အကြေးခွံများ ယူဆောင်လာသည့် တရုတ်နိုင်ငံသားများ ဖြစ်သည်။ သင်းခွေချပ်အကြေးခွံများသည် ဆေးဖက်မဝင်ကြောင်း တရုတ်တိုင်းရင်းဆေး ပညာရှင်ခေါင်းဆောင်များက ဆိုသော်လည်း ရောဂါမျိုးစုံကို ပျောက်ကင်းစေသည်ဟု အချို့သော တိုင်းရင်းဆေးဆရာများက ယုံကြည်နေဆဲ ဖြစ်သည်။

ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကို လေ့လာကြည့်လျှင် အသေးစားရောင်းဝယ်ဖောက်ကားသူများ သို့မဟုတ် ပစ္စည်းသယ်သူများသာ အဖမ်းခံရပြီး ပိုမိုကြီးမားသည့် မှောင်ခိုဂိုဏ်းများ၊ သူဌေးများမှာ လွတ်မြောက်နေသည်ကို တွေ့ရသည်။ တရားမဝင်ကုန်ကူးသူများ၏ အချက်အချာနေရာဟုဆိုကြသည့် ရွှေလီမြို့ကိုမူ တရုတ်နိုင်ငံရှိ တရားရုံးစီရင်ချက်မှတ်တမ်းများတွင် မတွေ့ရပါ။ 

ထို့နောက် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်သူများ ဖြတ်သန်းသွားရာ နယ်စပ်မြို့များအဖြစ် အမည်ဆိုးဖြင့် ထင်ရှားသည့် မြို့နှစ်မြို့သို့ ကျွန်ုပ်တို့ သွားရောက်ခဲ့သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မြို့တော်မိုင်းလားနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ တာချီလိတ်မြို့တို့သည် ဥပဒေစိုးမိုးမှု မရှိသည့် နေရာများအဖြစ် နှစ်ပေါင်းများစွာ လူသိများသည်။ 

မကြာမီက ပြဋ္ဌာန်းခဲ့သည့် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်ရေး ဥပဒေသည် အသက်ဝင်မှုရှိမရှိ လေ့လာရန် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ တွေ့ရှိမှုများအရ မရှိဟုပင် ပြောနိုင်သည်။ 

မိုင်းလားတွင် သင်းခွေချပ်အစိတ်အပိုင်းများကို အလွယ်တကူ တွေ့နိုင်ပြီး တရုတ်နိုင်ငံသား ဝယ်လိုသူများကို ပစ်မှတ်ထားကြသည်မှာ သိသာထင်ရှားသည်။ မိုင်းလားတွင် အများစုမှာ တရုတ်ဘာသာစကားကို ပြောဆိုကြပြီး ဒေသအချိန်အဖြစ် မြန်မာနိုင်ငံထက် တစ်နာရီခွဲစောသည့် တရုတ်နိုင်ငံစံတော်ချိန်ကို အသုံးပြုကာ တရုတ်ပိုက်ဆံ ယွမ်ဖြင့် ပေးချေကြသည်။ 

မိုင်းလားမြို့မဈေး အပြင်ဘက်ပတ်လည်တွင် သင်းခွေချပ်အကြေးခွံများကို ပေါ်ပေါ်ထင်ထင် ရောင်းချနေသည့် ဆိုင်များစွာကို တွေ့ခဲ့ရသည်။ သို့သော်လည်း တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်ရန် လမ်းကြောင်းကိစ္စ ရောက်လာလျှင်မူ သတိနှင့် ပြောကြသည်။ ဆင်သားရေနှင့် အခြားတောရိုင်းတိရစ္ဆာန်ထွက်ကုန်များ ရောင်းချသည့် ဆိုင်ပိုင်ရှင်တစ်ဦးကမူ “ပုံမှန်ဖောက်သည်များ” နှင့်သာ လမ်းကြောင်းအကြောင်းကို ဆွေးနွေးချင်သည်ဟု ပြောသည်။ 

မိုင်းလားမြို့မဈေး အပြင်ဘက်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် တွေ့ရသည့် သင်းခွေချပ်အရေခွံတစ်စုံ

အခြားတစ်ဆိုင်တွင်မူ ဗန်းထဲတွင် အခြောက်ခံထားသည့် သင်းခွေချပ်အရေခွံအချို့ကို တွေ့ခဲ့ရပြီး ဆိုင်ပိုင်ရှင်လူငယ်က ၎င်းတွင် အကြေးခွံ ပိဿာများစွာ ရှိသည်ဟု ပြောသည်။ တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်ပေးနိုင်မလားဟု မေးသည့်အခါ “ကျွန်တော်တို့ကိုယ်တိုင် မလုပ်ဘူး။ ခင်ဗျားသာ ပိုက်ဆံပေးနိုင်ရင် လုပ်ပေးနိုင်တဲ့သူတွေ ရှိတယ်” တုံ့ပြန်သည်။ 

မြန်မာ-ထိုင်း နယ်စပ်မြို့တာချီလိတ်သည် ၁၉၇၀ မှ ၁၉၉၀ ပြည့်နှစ်များအထိ ဘိန်းဘုရင်ခွန်ဆာ အခြေချခဲ့သည့်နေရာဖြစ်သည့်အတွက် သတင်းဆိုးဖြင့် ကျော်ကြားသည်။ တရားမဝင်ကုန်သွယ်မှုများ ယနေ့တိုင် ရှိနေဆဲအချိန်တွင် တစ်ခုပြောင်းလဲသွားသည်က အင်တာနက်ဖြစ်သည်။ 

တာချီလိတ်တွင် တရုတ်တိုင်းရင်းဆေးဆိုင်ပိုင်ရှင်တစ်ဦးက ကျွန်ုပ်တို့ကို တရုတ်စကားပြောတတ်သည့် ကုန်သည်တစ်ဦးနှင့် မိတ်ဆက်ပေးသည်။ သင်းခွေချပ်အကြေးခွံ တစ်ကီလိုဂရမ် (၆၀ သားခန့်) ကို ထိုင်းဘတ် ၉,၅၀၀ (၄၇၅,၀၀၀ ကျပ်) ဖြင့် ကမ်းလှမ်းသည်။  မြန်မာနိုင်ငံအတွင်း ရောက်ခဲ့သည့် မြို့များအနက် အသက်သာဆုံးဈေး ဖြစ်သည်။ 

သို့သော် အဆိုပါကုန်သည်နှင့် ကျွန်ုပ်တို့ လူချင်းဆုံပြီး မျက်နှာချင်းဆိုင် စကားပြောခွင့် မရခဲ့ပါ။ တရုတ်ဆက်သွယ်ရေးပလက်ဖောင်းတစ်ခု ဖြစ်သော WeChat မှတစ်ဆင့်သာ ကျွန်ုပ်တို့နှင့် ဆက်သွယ်ပြီး ဈေးစကား ပြောခဲ့ရသည်။ 

၎င်းမှာ အထူးအဆန်းတော့ မဟုတ်ပါ။ မြန်မာနိုင်ငံတစ်ဝန်းရှိ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသူတို့သည် WeChat ကို တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး အချင်းချင်း ဆက်သွယ်ကြသည်။ ထိုအချက်က မြန်မာနိုင်ငံရှိ ဥပဒေစိုးမိုးရေးဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုကို နှိမ်နင်းရန် အားထုတ်မှုအတွက် ထပ်ဆောင်းစိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ 

အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်းဖြင့် တရားမဝင်ကုန်သွယ်ရာတွင် ပုံမှန်လမ်းကြောင်းထက်ပိုပြီး ခရီးရောက်သည်။ နည်းပညာတတ်ကျွမ်းသည့် တရားမဝင်ကုန်သွယ်သူများနှင့် လချီဆက်သွယ်ပြောဆိုမှုကြောင့် ကျွန်ုပ်တို့ ကရင်ပြည်နယ်သို့ သွားရောက်စုံစမ်းဖြစ်ခဲ့သေးသည်။ 

ကရင်ပြည်နယ် မြဝတီမြို့ပြင်ရှိ ရွှေကုက္ကိုကျေးရွာသို့ ကျွန်ုပ်တို့ သွားရောက်ခဲ့သည်။ ရွာပြင်ပနားတွင် ကမ္ဘာဒီးယား-တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူများ၏ ကြီးမားသည့် Yatai Ciry အိမ်ရာစီမံကိန်းကိုမြင်သောအခါ ဝေးလံချောင်ကျသည့် ရွှေကုက္ကိုရွာဘေးတွင် တရုတ်နိုင်ငံရှိ မြို့တစ်မြို့ ရောက်နေသည့်အလား ခံစားရသည်။ 

ယင်းအိမ်ရာစီမံကိန်းသည် ဆောက်လုပ်ဆဲ ဖြစ်သော်လည်း အိမ်ရာဝင်းအတွင်း ဆောက်လုပ်ပြီးစီးသည့်အပိုင်းများတွင် တရုတ်လူမျိုး အများအပြား နေထိုင်နေကြပြီ ဖြစ်သည်။ လူနေမှု ကုန်ကျစရိတ်မှာလည်း မြင့်မားဟန် တူသည်။ Hammer မော်တော်ကားများနှင့် တံခါးနှစ်ပေါက်သာ ပါသည့် ပြိုင်ကားများကို အိမ်ရာဝင်းအတွင်း တွေ့ခဲ့ရသည်။ လမ်းဘေးတရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် အမဲသားခေါက်ဆွဲပြုတ်တစ်ပွဲလျှင် ထိုင်းဘတ် ၁၈၀ (ကျပ် ၉,၀၀၀) ကျသင့်သည်။ ယင်းအိမ်ရာဝင်းအတွင်း နေထိုင်သူတို့၏ ပြောစကားအရ “ဈေးနှုန်းများသည် ရှန့်ဟိုင်နှင့် အတူတူ” ဖြစ်သည်ဟု သိရသည်။  

သင်းခွေချပ် တရားမဝင်ကုန်သွယ်မှုကို မှောင်ခိုလုပ်ငန်းစု သို့မဟုတ် အဖွဲ့များက စီစဉ်လုပ်ကိုင်နေကြောင်း၊ ၎င်းတို့သည် အန္တရာယ်များသည့် အဖွဲ့များနှင့် ချိတ်ဆက်ကာ လုပ်ကိုင်နေကြကြောင်း အထောက်အထားအချို့ Yatai City အိမ်ရာဝင်းအတွင်း တွေ့ခဲ့ရသည်။ 

ထျန်းလုံ သို့မဟုတ် အစ်ကိုလုံ ဟု ခေါ်သည့် တရုတ်အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဆိုင်တွင် ကျွန်ုပ်တို့ တွေ့ခဲ့သည်။ ကနဦးတွင် ၎င်းက ကျွန်ုပ်တို့ကို ကုန်သည်အစစ်များ ဟုတ်၊ မဟုတ်ကို စမ်းသပ်ကြည့်သေးသည်။ ၎င်း၏ ဆိုင်ရှိ လက်ထောက်ဟု ယူဆရသူ တရုတ်အမျိုးသမီးတစ်ဦးက ကျွန်ုပ်တို့ကို သင်းခွေချပ်အကြေးခွံများ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်တစ်လုံး ပြသည်။ အကြေးခွံ၏ အရည်အသွေးကို မနှစ်သက်သည့်ပုံစံ ပြသည့်အခါ ကျွန်ုပ်တို့ကို သူတို့နှစ်ဦး ယုံကြည်သွားသည်။ 

အရောင်းအဝယ်အကြောင်း ဆွေးနွေးရင်း နာရီဝက်ခန့် ကြာသည့်အခါ ထျန်းလုံသည် ၎င်း၏ ဆိုင်နောက်ဘက်နားရှိ ရေခဲသတ္တာဆီ လျှောက်သွားပြီး အကြေးခွံအပြည့်အစုံနှင့် သင်းခွေချပ်အရေခွံတစ်စုံကို ထုတ်လာခဲ့သည်။ အရေခွံ၏အောက်ရှိ အဆီမှာ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကို ခေါ် Yatai City အိမ်ရာစီမံကိန်းဝင်းအတွင်းရှိ ဆိုင်တစ်ဆိုင်တွင် ထျန်းလုံအမည်ရှိ အမျိုးသားက ၎င်း၏ ရေခဲသေတ္တာထဲမှ ထုတ်လာသည့် သင်းခွေချပ်အရေခွံ

မူဆယ်မြို့အပါအဝင် လားရှိုး၊ မန္တလေးအစရှိသည့် မြို့များတွင်လည်း ၎င်း၏ ဆိုင်များ ရှိကြောင်း ထျန်းလုံ က ထုတ်ဖော်ပြောပြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ “လက်နက်ကိုင်အဖွဲ့” တစ်ဖွဲ့နှင့် အချိတ်အဆက်ရှိပြီး သူ၏ အဆက်အသွယ်များက တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးနိုင်သည်ဟု ၎င်းက ပြောသည်။ မည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုမူ ထျန်းလုံ က မပြောပါ။ 

အဆက်အသွယ်တစ်ဦးနှင့် ဖုန်းပြောပြီးနောက် သင်းခွေချပ် ၁၀၀ ကီလိုဂရမ် (ပိဿာချိန် ၆၀ ခန့်) လက်ဝယ်သိုလှောင်ထားရှိပြီး ရွှေလီမှတစ်ဆင့် ပို့ပေးနိုင်သည်ဟု လက်ထောက်အမျိုးသမီးက ကျွန်ုပ်တို့ကို ပြောသည်။ အကြေးခွံများ ကွမ်တုံမြို့သို့ ရောက်ရန် ၁၅ ရက်မှ ရက် ၂၀ အထိ ကြာနိုင်သည်ဟု ၎င်းက ခန့်မှန်းတွက်ချက်ပြသည်။ 

ပို့ဆောင်ခ အပါအဝင် တစ်ကီလိုဂရမ်လျှင် ယွမ် ၃,၀၀၀ (၆၃၀,၀၀၀ ကျော်) ကျသင့်ပြီး တစ်စိတ်တစ်ပိုင်းကို ကြိုတင်ပေးချေရမည်ဟု ၎င်းက ဆိုသည်။ ကုန်ပစ္စည်းမရောက်လာပါက ငွေပြန်အမ်းမည်ဟု ထျန်းလုံ က ကျွန်ုပ်တို့ကို ကတိပေးသည်။ 

“ပုံမှန်ချောပို့ဝန်ဆောင်မှု တစ်ခုလိုပဲ ကျနော်တို့ ကုန်ပစ္စည်းပို့ပေးတယ်။ ကုန်ပစ္စည်း ဘယ်ရောက်နေပြီလဲ စစ်ဆေးဖို့ ကုတ်နံပါတ် ရှိမယ်။ ခင်ဗျားဆီ ရောက်လာမယ်။ စိတ်သာချလိုက်ပါ” ဟု ထျန်းလုံက ပြောသည်။

အပိုင်း (၂)

ဝယ်ယူစားသုံးခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ “Seasons” ဟိုတယ်အတွင်း ဆိုင်တစ်ဆိုင်တွင် “သင်းခွေချပ် အကြေးခွံများကို လတ်လတ်ဆတ်ဆတ် ကြိတ်ထားသည်” ဟု အဓိပ္ပာယ်ရသည့် တရုတ်စာသားနှင့်အတူ ခင်းကျင်းပြသထားသည့် သင်းခွေချပ်အကြေးခွံများနှင့် အကြေးခွံမှုန့်များ

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ခဏလမ်းလျှောက် သွားလိုက်လျှင်ပင် သင်းခွေချပ်အကြေးခွံများ ရောင်းသည့်ဆိုင်ကို မြင်ရနိုင်သည်။ လေဆိပ် ခန်းမဆောင် (၁) အရှေ့ဘက် ကိုက် ၃၀၀ ခန့် အကွာအဝေးတွင် Seasons ဟိုတယ်ရှိပြီး ၎င်းဟိုတယ်၏ မြေညီထပ်ရှိ “မြန်မာထွက်ကုန်” များ ရောင်းချသည့်ဆိုင်တွင် သင်းခွေချပ်အကြေးခွံနှင့် အကြေးခွံအမှုန့် တို့ကို ပုံစံအမျိုးမျိုးဖြင့် ရောင်းချနေသည်ကို ကျွန်ုပ်တို့ တွေ့ခဲ့ရသည်။

“သင်းခွေချပ် အကြေးခွံများကို လတ်လတ်ဆတ်ဆတ် ကြိတ်ထားသည်” ဟု အဓိပ္ပာယ်ရသည့် တရုတ်စာသားနှင့် ကြော်ငြာကို ၎င်းဆိုင်အတွင်းတွင် ကပ်ထားသည်။ လေဆိပ်စစ်ဆေးရေးဂိတ်တွင် အသိမ်းမခံရစေရန် အကြေးခွံဘူးများကို မဝယ်ဘဲ အမှုန့်ဘူးများကိုသာ ဝယ်ပါဟု တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်သား ဆိုင်ရှင်က ကျွန်ုပ်တို့ကို ပြောသည်။

လေဆိပ်နေရာအများအပြားတွင် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုအတွက် ပြစ်ဒဏ်များဖော်ပြထားသည့် တရားမဝင်ကုန်သွယ်မှု ကာကွယ်တားဆီးရေး ပညာပေးဆိုင်းဘုတ်များဖြင့် ခရီးသွားများကို သတိပေး၊ ပညာပေးထားသည်ကို တွေ့နိုင်သော်လည်း အဆိုပါတရားမဝင်ကုန်သွယ်မှုမှာ တင်းကျမ်းဖြစ်နေသေးသည်။ Seasons ဟိုတယ်၏ မြေညီထပ်ဧည့်ကြိုနေရာအနီးတွင်ပင် တရားမဝင်ကုန်ပစ္စည်းများကို ရောင်းချသကဲ့သို့ လေဆိပ်တွင် အသိမ်းမခံရအောင် ပြုလုပ်ရမည့် နည်းလမ်းကိုလည်း ပေးသေးသည်။

ဟိုတယ်မြေညီထပ်တွင် သင်းခွေချပ်အကြေးခွံ ဝယ်ယူနိုင်ရုံတင် မဟုတ်ဘဲ သင်းခွေချပ်အသားရောင်းသည့် စားသောက်ဆိုင်လည်း ရှိသည်။

မြေညီထပ်ရှိ ရှန်းယွမ်ကော စားသောက်ဆိုင်သည် တောရိုင်းတိရစ္ဆာန်အသားများ ရနိုင်သည့်ဆိုင်အဖြစ် ရန်ကုန်နေ တရုတ်လူမျိုးများအသိုင်းအဝိုင်းတွင် နာမည်ရှိသည်။ ၎င်းဆိုင်၏ အထူးဟင်းလျာတစ်မျိုးမှာ သင်းခွေချပ်အသား ဖြစ်သည်။

စားသောက်ဆိုင်၏ အခင်းအကျင်းနှင့် အငွေ့အသက်မှာ တရုတ်နိုင်ငံရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကဲ့သို့ပင် ဖြစ်သည်။ ဆိုင်စားပွဲထိုးဝန်ထမ်းများမှာ အနီရောင် တရုတ်အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း တရုတ်စကားအခြေခံအချို့ကိုသာ ပြောဆိုနိုင်သည်။

မည်သည့်အထူးဟင်းလျာများ ရနိုင်သနည်းဟု ကျွန်ုပ်တို့က မေးသည့်အခါ ဝက်ဝံသားနှင့် သင်းခွေချပ်သား ရနိုင်သည်ဟု ဖူကျန့်ပြည်နယ်ဇာတိ ဆိုင်၏ မန်နေဂျာဆိုသူက ဖြေသည်။

“သင်းခွေချပ်အသားကို နှပ်ထားတာ၊ ကင်ထားတာနဲ့ ဟော့ပေါ့စတိုင်တွေ စီစဉ်ပေးတယ်။ ခါတိုင်းတော့ တစ်ဝက်ကို နှပ်ပြီး ကျန်တဲ့တစ်ဝက်ကို ကင်ပေးတယ်။ သွေးကိုတော့ ထမင်းကြော်လုပ်ပေးတယ်။ တစ်ကီလိုဂရမ် (၆၀ ကျပ်သားခန့်) ကို ကျပ် ၁၆၈,၀၀၀ ကျမယ်။ ကြိုအော်ဒါမှာစရာ မလိုပါဘူး” ဟု ၎င်းက ပြောသည်။

၎င်း၏ ဆိုင်လိပ်စာကတ်တွင် ၎င်းအမည်ကို “အားကျန်” ဟု ရေးသားထားသော်လည်း အိမ်ခေါ်အမည်သာ ဖြစ်နိုင်သည်။

“အခုလည်း ရှိတယ်။ အမြဲတမ်း ရှိတယ်။ ဒါလုပ်လာတာ ဆယ်စုနှစ်တစ်ခုတောင် ကျော်ပြီ” ဟု အားကျန်က ပြောသည်။

ကျွန်ုပ်တို့က သင်းခွေချပ်မှာ လတ်ဆတ်မှုရှိ၊ မရှိ ကြည့်ချင်သည်ဟု ပြောသောအခါ အားကျန်က ၎င်း၏ ဝန်ထမ်းတစ်ဦးကို သင်းခွေချပ်တစ်ကောင်ကို ထုတ်လာပြခိုင်းလိုက်သည်။ မိနစ်အနည်းငယ် ကြာသည့်အခါ ထိုဝန်ထမ်းသည် မီးဖိုချောင်ထဲမှ သင်းခွေချပ်တစ်ကောင်ကို ကိုင်ရင်း ထွက်လာသည်။ ဆိုင်ဝန်ထမ်းက ၎င်းလက်ထဲမှ သင်းခွေချပ်ကို မီးခိုးချောင်ကြမ်းခမ်းပေါ်သို့ ပစ်ချလိုက်သည်။ သင်းခွေချပ်များသည် အန္တရာယ်ကို ခံစားမိသည့်အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အဝိုင်းသဏ္ဌာန် ခွေပစ်လိုက်တတ်ကြသည်။ ၎င်းပစ်ချလိုက်သည့် သင်းခွေချပ်သည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်နှင့် အခွေလိုက် ဖြစ်နေသည်။

ရှန်းယွမ်ကော စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးက မီးဖိုဆောင်ထဲမှ ထုတ်ပြလာသည့် သင်းခွေချပ်အရှင်တစ်ကောင်

စားသောက်ဆိုင်သို့ သွားခဲ့သည့်ရက်မှ ရက်သတ္တပတ်အနည်းငယ် ကြာသည့်အခါ အားကျန်ကို ကျွန်ုပ်တို့ ပြန်လည်ဆက်သွယ်ခဲ့သည်။ ကျွန်ုပ်တို့မှာ သတင်းထောက်များ ဖြစ်ကြောင်း ပြောပြပြီး သင်းခွေချပ် အသားရောင်းချရသည့်အကြောင်း မေးမြန်းသည့်အခါ ၎င်းက ဆိုင်တွင် သင်းခွေချပ်အသား ရောင်းချသည်မှာ အင်မတန်ရှားပါးပြီး သင်းခွေချပ်များကို ကာကွယ်ပေးထားသည့် မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်ဥပဒေကိုလည်း မသိရှိကြောင်း ပြန်ဖြေသည်။ စားသောက်ဆိုင်ပိုင်ရှင်များနှင့် ကျွန်ုပ်တို့ကို ချိတ်ဆက်ပေးရန်မူ ငြင်းဆန်ခဲ့သည်။

Seasons ဟိုတယ်မှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကမူ ယင်းစားသောက်ဆိုင်တွင် သင်းခွေချပ်အသား ရသည်ကို မသိကြောင်းနှင့် စားသောက်ဆိုင်အပြင်ဘက် “မြန်မာပစ္စည်း” အရောင်းဆိုင်တွင်လည်း အကြေးခွံများ ရောင်းချနေသည်ကို မသိရှိကြောင်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်မှာ မသက်ဆိုင်ကြောင်း ပြောသည်။ ဟိုတယ်အတွင်း ထိုကဲ့သို့ တရားမဝင်ရောင်းချမှုများ ပြုလုပ်နေမှုနှင့် ပတ်သက်ပြီး ဟိုတယ်တာဝန်ရှိသူကို Myanmar Now က အီးမေးလ်ဖြင့် ထပ်မံမေးမြန်းခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။

“သင်းခွေချပ် အစီရင်ခံစာ” အတွက် သတင်းထောက်များသည် နိုင်ငံပေါင်း ၁၄ နိုင်ငံကျော်၌ စုံစမ်းမေးမြန်းခဲ့ရာ နေရာအများစုတွင် သင်းခွေချပ်ရောင်းချသူများသည် သတိကြီးပြီး သံသယကြီးတတ်ကြသည်။ ရက်ပေါင်း၊ ရက်သတ္တပတ်ပေါင်းများစွာ ၊ တစ်ခါတစ်ရံတွင် လနှင့်ချီ ကြာမြင့်ပြီးမှသာ သင်းခွေချပ်ကို ဝယ်ယူနိုင်မည့်အခွင့်အရေးရသည်။ ၎င်းတို့ လုပ်ကိုင်နေသည့် လုပ်ငန်းသည် တရားမဝင်ကြောင်း ကောင်းစွာနားလည်ကြသည်။

မြန်မာနိုင်ငံသည် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းဖြတ်သန်းရာ အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် မတူဘဲ သင်းခွေချပ်စားသုံးမှု လွန်စွာလွယ်ကူပွင့်လင်းသည့် နိုင်ငံဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးရှိ ရှန်းယွမ်ကော စားသောက်ဆိုင်မှ အဖြစ်အပျက်က ဖော်ကျူးနေသည်။

ရန်ကုန်နှင့် အခြားမြို့များရှိ တရုတ်စားသောက်ဆိုင်များတွင်လည်း သင်းခွေချပ်အသား စားသုံးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ တရုတ်နိုင်ငံထက် မြန်မာနိုင်ငံတွင် စားသုံးသည်က များစွာဈေးချိုသည်ဟု ဆိုင်ရှင်များက ပြောပြသည်။ မြန်မာနိုင်ငံရှိ စားသောက်ဆိုင်များတွင် ရောင်းချသည့် စျေးနှုန်းသည် တောရိုင်းတိရစ္ဆာန်သားရောင်းချသည့် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များက တောင်းသည့် ဈေးနှုန်း၏ သုံးပုံတစ်ပုံ သို့မဟုတ် လေးပုံတစ်ပုံခန့်သာ ရှိသည်။

ဝက်ဝံခြေထောက် အပါအဝင် သင်းခွေချပ်သားသည် အစားအများဆုံး တောရိုင်းကောင်ဟင်းလျာများ ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

 

စားသောက်ဆိုင်များသည် အဆိုပါ သင်းခွေချပ်များကို မည်သည့်နေရာမှ ဝယ်ယူရရှိသနည်း။ မိုင်းလားမြို့မဈေးအတွင်း တရုတ်တိုင်းရင်းဆေးကုန်ကြမ်းများ ရောင်းချသည့် တရုတ်စကားပြောအမျိုးသမီးထံတွင် အဆိုပါမေးခွန်း၏ အဖြေကို ကျွန်ုပ်တို့ ရှာဖွေတွေ့ခဲ့ကြသည်။

“သင်းခွေချပ်ရှိလား” ဟု ကျွန်ုပ်တို့က မေးသည့်အခါ အဆိုပါ အမျိုးသမီးသည် ခြေ ၁၀ လှမ်းခန့်အကွာတွင် ဈေးဝယ်နေသည့် မိုင်းလားရဲဝန်ထမ်း သုံးဦးကို မြင်သော်လည်း အကြောက်အရွံ့မရှိဘဲ သင်းခွေချပ် “ဘယ်နှကောင် လိုချင်သလဲ၊ ဘယ်နှယောက်စားမှာလဲ” ဟု တရုတ်ဘာသာစကားဖြင့် တုံ့ပြန်သည်။ ဈေးနှုန်းပြောဆိုပြီး သင်းခွေချပ်အရှင် ဟုတ်၊ မဟုတ် ကြည့်လိုသည်ဟု ဆိုသည့်အခါတွင်မူ သင်းခွေချပ်များထားရာ ၎င်း၏ အိမ်သို့ ခေါ်သွားပြရန် သဘောမတူပေ။ စားမည့်နေ့တွင် ဖုန်းဆက်အတည်ပြု၊ ငွေပေးချေမှသာ ကြည့်နိုင်မည်ဟုဆိုပြီး ၎င်း၏ ဖုန်းနံပါတ် သို့မဟုတ် We Chat အကောင့်ကို ယူထားရန် ပြောသည်။

ထို့နေ့တွင်ပင် ကျွန်ုပ်တို့သည် တာချီလိတ်မြို့၏ ဈေးတစ်ဈေးထဲတွင် အလားတူ အဖြစ်အပျက်မျိုး မြင်ခဲ့ရသည်။ ‘အာခါဈေး’ ဟုခေါ်သည့် ၎င်းဈေးထဲတွင် အမျိုးသားတစ်ဦးသည် သင်းခွေချပ်တစ်ကောင်ကို ဆာလာအိတ်ထဲမှ ဝါးခြင်းထဲသို့ ထည့်ပြပြီး ကျွန်ုပ်တို့ကို ရောင်းရန် ကြိုးစားနေသည်။

သို့သော် အဆိုပါသင်းခွေချပ်သည် ဝါးခြင်းတောင်းထဲမှ ခုန်ထွက်ပြီး လွတ်မြောက်လုနီးပါး ဖြစ်သွားသည်။ အဆိုပါအဖြစ်အပျက်ကြောင့် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဈေးထဲ ဖြတ်သွားဖြတ်လာအချို့က လှည့်ကြည့်ကာ စပ်စုသွားကြသည်။ သို့သော် မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသည့် တောရိုင်းတိရစ္ဆာန်တစ်ကောင် တရားမဝင် ရောင်းချခံရတော့မည့် အခြေအနေကို မည်သူကမျှ တအံ့တဩ မဖြစ်ခဲ့ကြပါ။

အဆုံးတွင် ယင်းအမျိုးသားနှင့်အတူရှိနေသည့် တိုင်းရင်းသူ အမျိုးသမီးကြီးက သင်းခွေချပ်ကို အမြီးမှကိုင်ပြီး ဆာလာအိတ်ထဲသို့ အလျင်အမြန် ပြန်ထည့်လိုက်သည်။ မျောက်ကလေးတစ်ကောင်ကို ၎င်း၏ ဘေးတွင် ကြိုးဖြင့်ချည်နှောင်ထားပြီး ကျန်အစွန်းတစ်ဖက်ကို ၎င်း၏ လက်ကောက်ဝတ်နားတွင် ချည်ထားပုံက ယင်းအမျိုးသမီးကြီး၏ တောရိုင်းတိရစ္ဆာန်အတွေ့အကြုံ မည်မျှရှိကြောင်း သိသာထင်ရှားစေသည့်အချက်ပင် ဖြစ်ပါသည်။ 

တာချီလိတ်မြို့၊ အာခါဈေးအတွင်းတွင် တွေ့ရသည့် တိုင်းရင်းသူအမျိုးသမီးကြီးတစ်ဦးနှင့် ၎င်း၏ မျောက်ကလေးတစ်ကောင်

Patrick Boehler ၊ Yenni Kwok နှင့် ညွန့်ဝင်းတို့ တည်းဖြတ်သည်။

ဤဆောင်းပါးသည် “ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းရေးသားခြင်းအဖွဲ့” က အာရှတိုက်၊ အာဖရိကတိုက်နှင့် ဥရောပတိုက်တို့တွင် သင်းခွေချပ်များကို တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သက်ပြီး စုံစမ်းထောက်လှမ်းရေးသားထားသည့် “သင်းခွေချပ်အစီရင်ခံစာ” ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုလိုပါက – https://myanmar-now.org/mm/news/across-myanmar-pangolins-are-trafficked-in-plain-sight

တရုတ်ဘာသာဖြင့် ဖတ်ရှုလိုပါက – https://theinitium.com/article/20191227-international-pangolin-trade-in-myanmar/

Show More

Related Articles

Back to top button