
ချပ်သင်း – ကမ္ဘာ့ရှားပါး ရွှေသမင်တွေဟာ မြန်မာနိုင်ငံမှာပဲ ပေါပေါများများရှိပါတော့တယ်။ လုံးဝ ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေတဲ့ ရွှေသမင်တွေ ကျက်စားတဲ့ ဘေးမဲ့တောနှစ်ခု ကတော့ မကွေးတိုင်းဒေသကြီး ရွှေစက်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးထဲက ချပ်သင်း တို့ပါပဲ။
ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကြီးက ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ် ၂ ခုလုံးကို ခွထိုင်ထားတာပါ။ ဘေးမဲ့တောက မန္တလေး၊ မြစ်ကြီးနား ရထားလမ်းနဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။ မြေပုံကိုကြည့်လိုက်ရင် အဲဒီရထားလမ်းပေါ်မှာ ချပ်သင်းဘူတာကို တွေ့ပါလိမ့်မယ်။
ချပ်သင်းမှာ မျောက်မျိုးစိတ်တွေ၊ ငှက်မျိုးစုံ၊ သမင်မျိုးစိတ်တွေ၊ တောဝက်၊ တောခွေး၊ ကြောင်မျိုးနွယ်ဝင် တောကောင် စသဖြင့် တောသတ္တဝါ မျိုးစိတ်ပေါင်း ၁,၅ဝဝ ကျော်တို့ ကျက်စားတယ်လို့ သိရပါတယ်။
ချပ်သင်းမြို့ကနေ ဆိုင်ကယ်နဲ့ တောထဲကို ၂ မိုင်ခန့် ဝင်ရောက်လိုက်တဲ့အခါမှာ ဘေးမဲ့တော ရှေ့တန်းစခန်းရုံးမှာ ရွှေသမင် စုံတွဲပုံကို ရုံးနံရံမှာ ကပ်ထားတာ တွေ့လိုက်ရတယ်။
ရှေ့တန်းစခန်းကနေ တောထဲကို အတန်ငယ် ဝင်လိုက်တဲ့အခါ စမ်းမြောင် လို့ အမည်ပေးထားတဲ့ တောတွင်းစခန်းကို ရောက်ပါတယ်။ ဒီတောထဲက တောရိုင်းတိရစ္ဆာန်တချို့ကို ရုပ်လုံးသွင်း ပြသထားတဲ့ ပြတိုက်အသေးလေးတစ်ခုရှိပါတယ်။ လိပ်ပြာ၊ အင်းဆက်တွေကိုပါ ပြသထားပါတယ်။
တောထဲ လှည့်လည်သွားနေတုန်းတွေ့ရတဲ့ တောထန်းမြစ် စီးပွားဖြစ်တူးသူ ဒေသခံအမျိုးသမီး ၃ ဦးကို သစ်တောဝန်ထမ်းတွေက နောက်မလာဖို့ ပြောဆိုပြီး ပြန်လွှတ်ပေးလိုက်တာနဲ့လည်း ကြုံရပါတယ်။ တရုတ်နိုင်ငံကို ပို့နေကြတဲ့ တောထန်းမြစ်က အဲဒီဒေသမှာ ၁ ပိဿာကို ကျပ် ၁,၅ဝဝ ပေါက်ပါတယ်။ သစ်ဖု၊ သစ်ဥရှာ၊ ဆေးဖက်ဝင်အပင်တွေ ရှာတာကို သစ်တောဝန်ထမ်းတွေက တွေ့ရင် ဖမ်းဆီးအရေးယူလို့ရပါတယ်။
“ဖမ်းမယ်ဆိုရင်လည်း သူတို့အခက်တွေ့ရုံကလွဲပြီး ထပ်မကျူးလွန်ဘူးလို့ အာမ မခံနိုင်ဘူး။ ကျွန်တော်တို့က ရွာတွေမှာ လှည့်ပညာပေးတယ်။ တူးမီးသေနတ်တွေ အပ်ပါ၊ အရေးမယူပါဘူးလို့ ကြေညာတော့ ရှိတဲ့သူတွေက လာအပ်တယ်။ ဒါကို ရဲလက်အပ်တော့ ရဲရဲ့လုပ်ထုံးလုပ်နည်းအရ အရေးယူမှရမယ်ဆို ဖြစ်ပြန်တယ်။ အရေးယူမယ်ဆိုရင် ဘယ်သူက လာအပ်တော့မလဲ” လို့ သစ်တောဝန်ထမ်းတစ်ဦးက ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်လို့မရသေးတဲ့ အနေအထားအကြောင်း ရင်ဖွင့်ပြတယ်။
သစ်တော ကျယ်ကျယ်၊ ဝန်ထမ်း နည်းနည်း
ချပ်သင်းဘေးမဲ့တောက ကန့်ဘလူမှာ ၂၁,၉ဝ၈ ဧကနဲ့ ကောလင်းမြို့နယ်ထဲမှာတော့ ၄၄,၃၆၅ ဧကရှိပါတယ်။ ဒီသစ်တောကြိုးဝိုင်းကြီးကို ထိန်းသိမ်းရတဲ့ သစ်တောဝန်ထမ်းက ၃၄ ယောက် တဲ့။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောတို့နဲ့ ဆိုင်တဲ့ ဌာနတွေမှာ အဓိကလိုအပ်ချက်က ဝန်ထမ်းအင်အားနဲ့ ဘဏ္ဍာငွေပဲလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိကြီး တစ်ဦးက ပြောဆိုခဲ့ဖူးပါတယ်။
ဘေးမဲ့တောကြီးအတွင်းမှာ ဆပ်သွားချောင်း၊ ကျေးအင်းနဲ့ ဆင်ဂေါင်းဆိုတဲ့ နာမည်တွေနဲ့ ကျေးရွာတည် ထောင်ခွင့် ပေးထားပြီး တောစပ်မှာလည်း ရွာပေါင်း ၂ဝ ကျော်ရှိတာကြောင့် မုဆိုးလုပ်ငန်း လုပ်ကိုင်သူ အများအပြား ရှိပါတယ်။ ဒီအနေအထားမှာ ဒီသစ်တောကို ထိန်းသိမ်းဖို့ ဝန်ထမ်းအင်အား မလုံလောက်ဘူးလို့ တောအုပ်ဦးဝင်းဇော်လွန်းက ပြောပြတယ်။
မုဆိုးတွေဟာ ဒေသဖြစ် တူးမီးသေနတ်တွေသုံးပါတယ်။ အခုတော့ ထောင်ချောက်တွေကို အသုံးများလာပါပြီ။
“ကျနော်တို့က သေနတ်အသံကြားတဲ့ဘက်ကို ကင်းလှည့်ကြတာပေါ့။ အဲဒီတော့ မိတယ်။ အခုက စတီးကွင်းတွေနဲ့ လုပ်ထားတဲ့ ထောင်ချောက်တွေနဲ့ ဖမ်းတာ” လို့ သူကဆိုပါတယ်။
ထောင်ချောက်တွေနဲ့ ဖမ်းဆီးတဲ့အခါ အသံမထွက်တော့တဲ့အတွက် သမင်တွေကို ဘယ်နေရာမှာ သတ် ဖြတ်နေသလဲဆိုတာ သိနိုင်ဖို့ ခက်ခဲသွားတယ်လို့ သူက ဆက်ပြောပြတယ်။
ဒေသခံတွေ သမင်တစ်ကောင်အတွက် အများဆုံးရတဲ့ငွေက ကျပ် တစ်သိန်းထက် မပိုပါဘူး။ များပြားတဲ့ငွေမဟုတ်ပေမဲ့ ဒေသခံတစ်ဦး တခြားအလုပ်လုပ်ပြီး တစ်နေကုန်ရှာမှ ဝင်ငွေက ကျပ် ၁,၅ဝဝ၊ ၂,ဝဝဝ ဖြစ်တဲ့အတွက် သမင်တစ်ကောင် ရပြီဆိုရင် သူတို့အဖို့ ထီပေါက်သလိုပါပဲ။
“ဒီလောက်ငွေကြေးလေးနဲ့ သမင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ။ ဒေသခံတွေမှာက အသိပညာတွေ များများရှိဖို့ လိုတယ်” လို့ တောအုပ် ဦးဝင်းဇော်လွန်းက ပြောပြတယ်။
ရွှေသမင်အရေအတွက်
ကြိုးဝိုင်းတောကြီးရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အင်တိုင်းပင်တွေပေါက်နေတာကြောင့် အင်တိုင်းတောကြီးလို့ပဲ ယူဆရတော့မယ်။ ပိတောက်၊ ကျွန်းနဲ့ သစ်မလန်း၊ ပျဉ်းကတိုးပင်လေးတွေက ဟိုနားတပင်၊ ဒီနားတပင်။
ဒီအင်တိုင်းတောကြီးက ရွှေသမင်တွေ ကျက်စားဖို့ ပိုအဆင်အပြေတယ်လို့ ချပ်သင်းဘေးမဲ့သစ်တောကြိုးဝိုင်း တောခေါင်းတစ်ယောက်ဖြစ်သူ ဒေါ်မြင့်မြင့်စိုးက ပြောပြတယ်။
“ရွှေသမင်တွေ ဒီထက်ပိုကျက်စားတယ်ဆိုတဲ့ ရွှေစက်တော်ဘေးမဲ့တောထက် ဒီချပ်သင်းတောက ရွှေသမင်တွေအတွက် အသင့်တော်ဆုံးလို့ (နိုင်ငံခြား) ပညာရှင်တွေက ပြောသွားခဲ့ဖူးတယ်။ ဒါပေမယ့် ဒီမှာက ရွှေစက်တော်လောက် အကောင်ရေမရှိတော့ဘူး။ ဒေသခံတွေကြောင့် တော်တော်လေးရှားနေပြီ” လို့ သစ်တောအရာရှိ ဒေါ်မြင့်မြင့်စိုးက ဆိုတယ်။
၁၉၉၅ ဝန်းကျင်မှာ ရွှေသမင်ကောင်ရေ ၃,ဝဝဝ နီးပါး ရှိပေမယ့် အခုတော့ အဲဒီအရေအတွက်ရဲ့ ထက်ဝက်တောင် မရှိတော့ပါ။ ဒီတောကြီးထဲမှာ ရွှေသမင်တွေပဲ အန္တရာယ်ရှိနေတာ မဟုတ်ပါ၊ အပြင်ဘက် ကြိုးဝိုင်းတွေမှာ သစ်ပင်တွေ ကုန်နေပြီဖြစ်တဲ့အတွက် ဒေသသုံး ထင်းနဲ့ သစ်တွေအတွက် ဘေးမဲ့တောကို မျက်စောင်းထိုးလာကြတဲ့ဒဏ်လည်း ခံနေရပါပြီ။
ကျွန်တော်တို့ရောက်တဲ့အချိန်က မိုးရွာချိန်ဖြစ်တာကြောင့် ရွှေသမင် မမြင်ခဲ့ရပါဘူး။ လူလာသံကြားတာနဲ့ ရှောင်ပြေးကြတယ်လို့ ဆိုပါတယ်။ သမင်တွေရဲ့ လတ်ဆတ်တဲ့ ခြေရာတွေပဲ အများအပြား တွေ့ခဲ့ရတာပါ။
ရွှေသမင်တွေက မှောင်ရီပျိုးချိန်ကစပြီး အစာရှာထွက်တတ်ကြတယ်၊ ဆောင်းဦးပေါက်ကနေ နွေအကုန်အထိ စပါးခင်းတွေအထိ ဆင်းလာတတ်ကြတယ်လို့ တောခေါင်းတွေက ပြောပါတယ်။
ဘေးမဲ့တောအုပ်ချုပ်ရေးအဖွဲ့က ကင်းလှည့်ပြီး လုံခြုံရေး ယူပေမယ့် ရွှေသမင်တွေကို ညဘက် တိတ်တဆိတ် ဖမ်းဆီးသတ်ဖြတ်သလား ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ တောခေါင်းတို့က ဆိုပါတယ်။
ရွှေသမင်တွေ များများ စားစား ရှိတာ ရွှေစက်တော် နဲ့ ချပ်သင်းဘေးမဲ့ကြိုးဝိုင်း ၂ ခုသာ ကျန်တော့ပါတယ်။ အရေးတကြီး ထိန်းသိမ်းကာကွယ်မယ်ဆိုပြီးတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်၊ ခွင့်ပြုချက်မရှိဝင်ရင် ပစ်ခတ်မယ် လို့ ဆိုပြန်ရင်လည်း မသင့်တော်ပါဘူး။
ရွှေသမင်တွေ၊ သစ်တောတွေ ထိန်းသိမ်းဖို့ ဆိုရာမှာ အသိပညာပေး၊ တားမြစ်၊ အရေးယူတာတွေက ဒေသခံတို့ရဲ့ ဓလေ့ထုံးစံ၊ စီးပွားရေးအခွင့်အလမ်းများနဲ့ ကိုက်ညီအောင် စီမံမှရမှာပါ။ ဒေသတွင်းရပ်တည်မှုကို အစားထိုးစရာ မလုပ်ပေးဘူးဆိုရင် ကြိုးဝိုင်းရဲ့ လုပ်ငန်းစဉ်တွေဟာလည်း အောင်မြင်မှာမဟုတ်သလို ဒေသခံတို့ ရှင်သန် ရပ်တည်ရေးလည်း ပျက်ယွင်း သွားမှာပါပဲ။