နိုင်ငံတကာသတင်းသတင်း

သင်းခွေချပ်မှတစ်ဆင့် ကိုရိုနာဗိုင်းရပ် ပြန့်ပွားခဲ့ဟု တရုတ်သုတေသီများပြော

ကိုရိုနာဗိုင်းရပ် ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ (nCoV2019) သည် လင်းနို့မှ လူသားများသို့ တိုက်ရိုက်မဟုတ်ဘဲ သင်းခွေချပ်ကို တစ်ဆင့်ခံ ကူးစက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု တရုတ်သုတေသီများက ဖေဖော်ဝါရီလ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သင်းခွေချပ်များသည် ကိုရိုနာဗိုင်းရပ်ကို “တစ်ဆင့်သယ်ဆောင်သူ” များ ဖြစ်နိုင်သည်ဟု တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်ရှိ တရုတ်တောင်ပိုင်း စိုက်ပျိုးရေးတက္ကသိုလ် (South China Agricultural University) ၏ ဝက်ဘ်ဆိုက်တွင် သုတေသီများက ရေးသားထားခြင်း ဖြစ်သည်။

“ယခုနောက်ဆုံးလေ့လာတွေ့ရှိချက်သည် ကိုရိုနာဗိုင်းရပ်၏ မူလဇာစ်မြစ်ကို ကာကွယ်ထိန်းချုပ်ရေးအတွက် ကြီးမားသော အထောက်အကူ ဖြစ်လိမ့်မည်” ဟု သုတေသနတွင် ဦးဆောင်ပါဝင်ခဲ့သူများက ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ သုတေသနအဖွဲ့သည် သင်းခွေချပ်များအပါအဝင် တောရိုင်းတိရစ္ဆာန်များ၏ မျိုးဗီဇကလာပ်စည်း ၁,၀၀၀ ကျော်ကို စမ်းသပ်လေ့လာပြီးနောက် သင်းခွေချပ်များနှင့် ကိုရိုနာဗိုင်းရပ် အဆက်အစပ်ကို တွေ့ရှိခဲ့ကြောင်း တက္ကသိုလ်ကျောင်းအုပ် လျိုယာဟုန်က ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လေ့လာစမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် သင်းခွေချပ်အုပ်စု၏ ၇၀ ရာခိုင်နှုန်းတွင် ဗိုင်းရပ်တစ်မျိုးကို တွေ့ရပြီး ယင်းဗိုင်းရပ်များ၏ မျိုးဗီဇကလာပ်စည်းများကို ထပ်မံဓာတ်ခွဲစမ်းသပ်ခဲ့ရာ ကူးစက်ခံထားရသည့် လူသားများရှိ ကိုရိုနာဗိုင်းရပ်၏ မျိုးဗီဇကလာပ်စည်းများနှင့် ၉၉ ရာခိုင်နှုန်း တူညီနေကြောင်း သုတေသနပြုလုပ်ခဲ့သူများက ဆိုသည်။

သို့သော်လည်း လေ့လာစမ်းသပ်မှုအတွက် ရရှိခဲ့သည့် သင်းခွေချပ်နမူနာများသည် သင်းခွေချပ်မျိုးစိတ်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်သေးကြောင်းနှင့် စမ်းသပ်မှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ဆိုသည်။

သုတေသနတွင် အသုံးပြုခဲ့သည့် သင်းခွေချပ်များသည် မည်သည့်နေရာများမှ ရရှိခဲ့ကြောင်းကိုမူ ယင်းတက္ကသိုလ်၏ သုတေသီများက သတင်းစာရှင်းလင်းပွဲတွင် အတိအကျ မဖြေကြားခဲ့ဘဲ “အကောင်ရေများစွာ မဟုတ်” ဟုသာ ဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ အချက်အလက်များအရ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်အလယ်ပိုင်း၊ ဝူဟန်မြို့မှ စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်ကြောင့် တစ်ကမ္ဘာလုံးတွင် ကူးစက်ခံရသူ ၃၄,၉၀၀ ကျော် ရှိသည့်အနက် ၃၄,၆၀၀ ကျော်မှာ တရုတ်နိုင်ငံတွင် ဖြစ်ပြီး သေဆုံးသူ ၇၂၀ ကျော်အထိ ရှိပြီဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်သည် တောရိုင်းတိရစ္ဆာန်များပါ ရောင်းချသည့် ဝူဟန်မြို့ဈေးမှ အစတည်သည်ဟု ယုံကြည်ထားသဖြင့် တရုတ်အာဏာပိုင်များသည် နိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုကို ဇန်နဝါရီလမှစ၍ ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှုကို အပြည့်အဝထိန်းချုပ်နိုင်သည့် အချိန်အထိ တားမြစ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ရောဂါပိုး၏ ဇာစ်မြစ်ကိုလိုက်ရာ၌ ဝူဟန်ဈေးသည် အရေးပါသည့်နေရာဖြစ်သော်လည်း ယခုအခါ အာဏာပိုင်များက ယင်းဈေးကို ပိုးသန့်စင်ပစ်ခဲ့ပြီး ဖြစ်သည်။

ကနဦးတွေ့ရှိချက်များအရ ယင်းဗိုင်းရပ်သည် လင်းနို့များမှ စတင်သည်ဟု ဆိုသော်လည်း လူသားများဆီ ကူးစက်ပြန့်ပွားရန် “တစ်ဆင့်ခံသယ်ဆောင်သူ” ရှိလိမ့်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

ကိုရိုနာဗိုင်းရပ်သည် ဆောင်းရာသီတွင် စတင်ဖြစ်ပွားခဲ့ရာ လင်းနို့များသည် ဆောင်းရာသီတွင် ဂူအောင်းနေထိုင်တတ်သော တိရစ္ဆာန်မျိုးနွယ်ဖြစ်သဖြင့် ၎င်းတို့မှ လူသို့ တိုက်ရိုက်ကူးစက်စေနိုင်သည့် အလားအလာမှာ အလွန်နည်းပါးကြောင်း သုတေသနတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် တရုတ်တောင်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ်၏ တိရစ္ဆာန်ကုသရေးကျောင်းမှ ပါမောက္ခ ရှန်ယုံယိကပြောသည်။

“ဒါကြောင့် ဒီတစ်ဆင့်ခံသယ်ဆောင်သူတွေဟာ ဗိုင်းရပ်စတင်ရာ ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စတင်ရာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်လောက်ပဲ ကူးစက်ခံရသူတွေကို သီးခြားထားပြီး ကာကွယ်ပါစေ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ခက်ခဲပြီး ထပ်ပြီးလည်း ဖြစ်နိုင်ပါတယ်” ဟု ပါမောက္ခရှန်က ပြောသည်။

တရုတ်တောင်ပိုင်း စိုက်ပျိုးရေးတက္ကသိုလ်သည် သုတေသနအချက်အလက် အပြည့်အစုံကို မထုတ်ပြန်ရသေးပါ။ ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ရေးကို ကူညီနိုင်ရန် သုတေသနအဖွဲ့သည် သုတေသနရလဒ်ကို ရှေးဦးစွာ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု တက္ကသိုလ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ချန်းဖုန်ချန်က သတင်းထောက်များကို ပြောသည်။

သို့သော်လည်း အဆိုပါ သုတေသနရလဒ်အပေါ် မူတည်ပြီး ကောက်ချက်ဆွဲရန် စောနေသေးကြောင်း တရုတ်နိုင်ငံ၊ ဗြိတိန်နှင့် ဟောင်ကောင်တို့ရှိ အခြားပညာရှင်များက ဆိုသည်။

သင်းခွေချပ်များတွင် ရှိနေသည့် ဗိုင်းရပ်၏ မျိုးဗီဇကလာပ်စည်းများအားလုံးကို လေ့လာစမ်းသပ်မှုများ ပြုလုပ်မပြီးစီးမီ သင်းခွေချပ်များသည် တစ်ဆင့်ခံ သယ်ဆောင်သူများ ဖြစ်သည်ဟု ကောက်ချက်မချသင့်သေးကြောင်း၊ လေ့လာစမ်းသပ်မှုများ ထပ်မံပြုလုပ်ရန် လိုသေးကြောင်း တရုတ်သိပ္ပံပညာကျောင်း (Chinese Acadamy of Sciences) ရှိ သုတေသီတစ်ဦးက မှတ်ချက်ပြုကြောင်း Caixin.com ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အခံရဆုံး နို့တိုက်သတ္တဝါတစ်မျိုးဖြစ်ပြီး မျိုးသုဉ်းမည့်အန္တရာယ်နှင့်လည်း ကြုံတွေ့နေကြရသည်။

မြန်မာနိုင်ငံတွင်လည်း သင်းခွေချပ်များနှင့် ၎င်းတို့၏ အကြေးခွံများကို တရုတ်နိုင်ငံသို့ တရားမဝင် ရောင်းဝယ်ဖောက်ကားနေကြသူများ ရှိကြောင်း “ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းရေးသားခြင်းအဖွဲ့” နှင့်အတူ Myanmar Now က စုံစမ်းရေးသားခဲ့ပြီး ဖြစ်သည်။

အဆိုပါ မှောင်ခိုရောင်းဝယ်ဖောက်ကားသူများသည် သင်းခွေချပ်လတ်လတ်ဆတ်ဆတ် စားသုံးလိုသူများအတွက် အရှင်ရောင်းချကြသလို တရုတ်တိုင်းရင်းဆေးဖော်မည့်သူများ အတွက်လည်း အသေကို အကြေးခွံနှင့်တကွ ရောင်းချကြသည်။ သင်းခွေချပ်အကြေးခွံသည် ဆေးဖက်မဝင်ကြောင်း တရုတ်တိုင်းရင်းဆေးပညာရှင်များက ဆိုသော်လည်း တိုင်းရင်းဆေးဆရာအချို့က အကြေးခွံသည် ဖျားနာမှုပေါင်းစုံကို ပျောက်ကင်းစေသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင် သင်းခွေချပ်များကို အဆင့် (၁) လုံးဝကာကွယ်ထားသော ရှားပါးတောရိုင်းတိရစ္ဆာန်အုပ်စုထဲတွင် ထည့်သွင်းသတ်မှတ်ထားသည်။

သင်းခွေချပ်များကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်း၊ ၎င်းတို့ကို သို့မဟုတ် ၎င်းတို့၏ အစိတ်အပိုင်းကို ရောင်းဝယ်ဖောက်ကားခြင်းတို့ ကျူးလွန်သူကို သုံးနှစ်မှ ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည်။

Show More

Related Articles

Back to top button