နောက်ဆုံးထွက်ရှိလာသည့် ၂၀၂၀ တရုတ်တိုင်းရင်းဆေးဝါးကျမ်းတွင် သင်းခွေချပ်ကို ပယ်ဖျက်လိုက်သဖြင့် ထိုနို့တိုက်သတ္တဝါမျိုးစိတ်ကို တရုတ်တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း တရုတ်သတင်းစာ Global Times က ဇွန် ၉ တွင် ရေးသားဖော်ပြထားသည်။
အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် နေထိုင်ကျက်စားရာဒေသ ပျက်စီးခြင်းတို့ကြောင့် သင်းခွေချပ်မျိုးစိတ်အရေအတွက် တစ်ရှိန်ထိုး ကျဆင်းလာသဖြင့် တရုတ်အစိုးရက သင်းခွေချပ်များကို ဒုတိယအဆင့်မှ ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်အဖြစ် ဇွန် ၅ တွင် အဆင့်တိုးမြှင့်သတ်မှတ်ပြီးသည့်နောက် တရုတ်တိုင်းရင်းဆေးဝါးများစာရင်းမှပါ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
“ရှားပါးလာသော တောရိုင်းတိရစ္ဆာန်မျိုးစုများကို ဆေးဝါးကျမ်းမှ ပယ်ဖျက်မည်˝ ဟု နောက်ဆုံးထုတ်ပြန်လိုက်သည့် အဆိုပါ တရုတ်ဆေးဝါးကျမ်းတွင် ဖော်ပြထားကြောင်း Global Times က ဆိုသည်။
သင်းခွေချပ်များသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် အရှိဆုံး တိရစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်ပြီး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု အခံရဆုံး နို့တိုက်သတ္တဝါတစ်မျိုးလည်း ဖြစ်သည်ဟု နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု သုတေသနအဖွဲ့ TRAFFIC က ဆိုသည်။
ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်သည့် ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါတစ်မျိုးဖြစ်သော ကိုဗစ်နိုင်တင်း (Covid-19) သည် လင်းနို့မှ လူသားများသို့ တိုက်ရိုက်မဟုတ်ဘဲ သင်းခွေချပ်ကို တစ်ဆင့်ခံ ကူးစက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း တရုတ်သုတေသီအချို့က ဖေဖော်ဝါရီတွင် ထုတ်ပြန်ကြေညာခဲ့သေးသည်။
ကမ္ဘာတစ်ဝန်း၌ လူသိန်းချီ သေဆုံးစေခဲ့သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် သင်းခွေချပ်တို့ ဆက်စပ်မှုကို သိပ္ပံပညာရှင်အသိုင်းအဝိုင်းက အတည်မပြုသေးသော်လည်း ရှားပါးတောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကား စားသုံးခံရမှုမှာ ကမ္ဘာ့ကပ်ရောဂါများကို ဖြစ်စေသည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်ဟု လက်ခံထားကြသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါ ကမ္ဘာ့တစ်လွှား ကူးစက်ပျံ့နှံ့လာသည့်အခါ သင်းခွေချပ်အပါအဝင် ရှားပါးတောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ရုံသာမက လုံးဝပပျောက်အောင် အစိုးရများက လုပ်ဆောင်သင့်သည်ဟု သဘာဝပတ်ဝန်းကျင်နှင့် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုကြသည်။
̏ဆေးဝါးကျမ်းကနေ သင်းခွေချပ်ကို ထုတ်ပယ်လိုက်ခြင်းဟာ သင်းခွေချပ်အသား စားသုံးမှုဝယ်လိုအားကို သိသိသာသာ လျှော့ချပေးပြီး တရားမဝင် ဖမ်းဆီးရောင်းဝယ်ဖောက်ကားမှုကိုလည်း ထိန်းချုပ်ပေးနိုင်ပါလိမ့်မယ်˝ ဟု ကမ္ဘာ့တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ (World Animal Protection) မှ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ စွန်းချန်ဟွေးက ပြောသည်။
သင်းခွေချပ်များကို တရုတ်တိုင်းရင်းဆေးကျမ်းမှ ထိုသို့ ထုတ်ပယ်လိုက်ခြင်းသည် သင်းခွေချပ်များကို ကာကွယ်စောင့်ရှောက်မှု အရှိန်အဟုန်မြှင့်ရန် လှုံ့ဆော်တောင်းဆိုချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟု စွန်က ချီးကျူးသည်။
၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံရှိ ပြည်နယ်ဒေသ ၁၁ ခုတွင် နေထိုင်ကျက်စားသော မျိုးရင်းသင်းခွေချပ်ပေါင်း ၆၀,၀၀၀ ခန့် ရှိကြောင်း တရုတ်နိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတစ်ဝန်း ကုန်းနေတောရိုင်းတိရစ္ဆာန် အရင်းအမြစ်များ သုတေသန စစ်တမ်းအရ သိရသည်။
သို့သော် လက်ရှိတွင် ထိုအရေအတွက်၏ ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမဂ္ဂ၏ မျိုးစိတ်ရှင်သန်ရေးကော်မတီက ခန့်မှန်းထားကြောင်း Global Times သတင်းစာက ဆိုသည်။
တရုတ်နိုင်ငံတွင် ၂၀၀၇ မှစ၍ သင်းခွေချပ်များကို အမဲလိုက်ဖမ်းဆီးခြင်း တားမြစ်ထားပြီး သင်းခွေချပ်နှင့် သင်းခွေချပ်ထုတ်ကုန်များ စီးပွားဖြစ်တင်သွင်းခြင်းကို ၂၀၁၈ တွင် ရပ်တန့်ခဲ့သည်။
သို့သော် တရုတ်တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် သင်းခွေချပ်များ အသုံးဝင်ပုံနှင့် သင်းခွေချပ်အသား စားသုံးခြင်းအတွက် ပြစ်ဒဏ်မှာ မပြောပလောက်သည့်အတွက် သင်းခွေချပ်များမှာ ဆက်လက်ဖမ်းဆီးသတ်ဖြတ်ခံနေခဲ့ရသည်။
တရုတ်တိုင်းရင်းဆေးကုထုံးများတွင် သင်းခွေချပ်အကြေးခွံများသည် သွေးလည်ပတ်မှုကိုကောင်းစေပြီး သွေးကြောပိတ်ဆို့ခြင်းကို ပျောက်ကင်းစေနိုင်သည့်အပြင် ရောင်ရမ်းခြင်းကို သက်သာစေသည်ဟု ဆိုသည်။ သို့သော် သင်းခွေချပ်အကြေးခွံများကို အသုံးပြုခြင်းသည် ယင်းမျိုးစိတ်များ ရှင်သန်ရေးအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုဖြစ်သည်ဟု စွန်က ပြောသည်။
တရုတ်တိုင်းရင်းဆေးကုထုံးများတွင် သင်းခွေချပ်အကြေးခွံအစား ကင်းမြီးကောက်၊ ပိုးနသန်းကောင်နှင့် ဝက်လက်သည်းခြေသည်းများကို အစားထိုး အသုံးပြုနိုင်သည်ဟု တရုတ်တိုင်းရင်းဆေးပညာအဖွဲ့အစည်းမှ ကျွမ်းကျင်သူ ဝမ်ချန်တဲက ဆိုသည်။
ဆေးဝါးအဖြစ်အသုံးပြုခြင်းကို တရားမဝင်ဟု ပိတ်ပင်ထားသော တိရစ္ဆာန်များစာရင်းတွင် သင်းခွေချပ်သည် ပထမဦးဆုံးတော့ မဟုတ်ပါ။ ကြံ့ဦးချို၊ ကျားအရိုးများနှင့် ဆက်စပ်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားခြင်းကို တရုတ်အစိုးရက ၁၉၉၃ တွင် ပိတ်ပင်ခဲ့ပြီးနောက် ၎င်းတို့ကို တရုတ်တိုင်းရင်းဆေးဝါးများဖော်စပ်ရာတွင် အသုံးပြုခြင်းကိုလည်း တရားမဝင်အဖြစ် တားမြစ်ခဲ့သည်။
ကိုးကား – Global Times