
စစ်ဆေးနေသည်မှာ ခြောက်လကျော် ကြာလာပြီဖြစ်သည့် ရွှေပေါက်ကံ သက်ငယ်မုဒိမ်းမှုတွင် မှုခင်းဆရာဝန်မလာသဖြင့် အမှုကြန့်ကြာနေကြောင်း ကျူးလွန်ခံရသည့် ကလေး၏ဖခင်က ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တွင် ၁ နှစ်နှင့် ၉ လ အရွယ် မိန်းကလေးငယ်တစ်ဦး မတရားပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေသည်မှာ ခြောက်လကျော်ရှိပြီ ဖြစ်သည်။
ရုံးချိန်းပေါင်း ၁၀ ချိန်းကျော်ရှိပြီဖြစ်သည့် အဆိုပါအမှုတွင် တရားလိုပြသက်သေ ၁၂ ဦး စစ်ဆေးပြီးပြီဖြစ်ကာ မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံမှ မှုခင်းဆရာဝန်၏ ထွက်ဆိုချက်သာ ကျန်ရှိနေခြင်းဖြစ်ကြောင်း ကလေးဖခင်က ဆိုသည်။
ဆေးစစ်ချက် ထွက်ဆိုရန် တရားရုံးမှ ဆက်သွယ်အကြောင်းကြားသော်လည်း ရုံးချိန်း သုံးချိန်းအထိ လာရောက်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
“တရားရုံးကတော့ လှမ်းပြီးအကြောင်းကြားတယ်လို့ ပြောတယ် ၊ ဆရာဝန်ကတော့ အမှု လေးမှု၊ ငါးမှု တရားရုံးမှာ အမှုအများကြီး ထွက်ဆိုတဲ့အခါကျမှ ကိုယ်တိုင်ဆေးစာ လာဖတ်ပြတယ်လို့ပြောတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ ရုံးချိန်းတွင်လည်း ဆရာဝန် လာရောက်ခြင်းမရှိသဖြင့် တရားရုံးက လာမည့် ဇန်နဝါရီလသို့ ပြန်လည်ချိန်းဆိုလိုက်သည်။
ဆေးစာထွက်ဆိုရန်အတွက် ချိန်းဆိုသည့်အခါ ရုံးချိန်းကို ဆရာဝန်လာနိုင်သည့်ရက် ချိန်းပေးရကြောင်း၊ ယခု ရုံးချိန်းသို့မလာနိုင်ခြင်းမှာ ဆရာဝန်ကိုချိန်းဆိုထားသော ရက်မရောက်ခင် ချိန်းဆိုထားခြင်းဖြစ်သည့်အတွက် ထပ်မံချိန်းဆိုလိုက်ရခြင်းဖြစ်သည်ဟု အရှေ့ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်စိုးမိုးက Myanmar Now ကို ပြောသည်။
နောက်ရုံးချိန်းတွင် ဆရာဝန်လာရောက်နိုင်ရေးအတွက် တရားရုံးဘက်က ဆေးရုံနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အစိုးရဝန်ထမ်းတွေဆိုတော့လည်း အခက်အခဲတော့ ရှိကြမှာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မအားလပ်တဲ့ကြားထဲက လာတာဆိုတော့ အချိန်က နစ်နာတာပေါ့” ဟု ကလေးဖခင်က ပြောသည်။
ယခုနှစ် ဇွန်လ ၁၆ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ ပစ္ဆိမာရုံကျောင်းတိုက်မှ အသက် ၃၉ နှစ်အရွယ် ကိုရင်ကြီး (ခ) ဦးဥတ္တရကို ဘေးချင်းကပ်ကျောင်းတိုက်တွင် ရှိသည့် ကလေးငယ်အား မတရားပြုကျင့်မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ကလေး၏မိဘများမှာ အဆိုပါဘုန်းကြီးကျောင်းတိုက်တွင် နေထိုင်ပြီး ရေသန့်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က ၁၀ ပေပတ်လည်ခန့် ကျယ်သည့် တိုက်ခန်းတစ်ခုကို ၎င်းတို့အား ကန်ထရိုက်ပေးထားကြောင်း ကလေး၏ဖခင်က ဆိုသည်။
ရေသန့်လုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်ကိုလည်း နှစ်စဉ်ကျောင်းစာသင်တိုက်မှ စာသင်သား ကိုရင်လေးများအတွက် လှူဒါန်းကြောင်း၊ စွပ်စွဲခံကိုရင်ကြီးသည် အခင်းမဖြစ်မီ သုံးလအလိုမှစ၍ ကလေးငယ်ကို စနောက်ခြင်း၊ မုန့်ပေးခြင်းတို့ဖြင့် မိသားစုနှင့် ရင်းနှီးခဲ့ကြောင်း ၎င်းက ပြောသည်။
ဇွန်လ ၁၆ ရက်နေ့တွင် ကလေးမိဘနှစ်ဦးမှာ အိမ်နှင့် ဓာတ်တိုင်တစ်တိုင်မျှ အကွာအဝေးရှိသည့် ကျောင်းဝင်းအတွင်း တစ်နေရာတွင် ရေသန့်ဘူးခွံများ စီနေသည့်အတွက် မောင်နှမနှစ်ဦးကို အိပ်ခန်းအတွင်း၌ သိပ်ခဲ့ကြောင်း ည ၁၂ နာရီခန့်တွင် သွားရောက်ကြည့်ရာ သမီးငယ်ပျောက်ဆုံးနေကြောင်း တွေ့ရသည်ဟု ကလေးဖခင်က ဆိုသည်။
“အရင်လည်း ကလေးတွေက တစ်ရေးနိုးရင် ကျွန်တော်တို့ဆီ ငိုပြီးလမ်းလျှောက်လာတာ။ အဲဒီနေ့ညက မိုးလည်း တအားရွာနေတော့ တံခါးသော့မခတ်ခဲ့တာ သူနိုးရင် လမ်းလျှောက်လာအောင်လို့” ဟု ၎င်းက ပြောသည်။
ကျောင်းပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေသော်လည်း သမီးငယ်၏အရိပ်မျှမတွေ့ရသဖြင့် ညတစ်နာရီခွဲ၌ ရွှေပေါက်ကံရဲစခန်းသို့ ကလေးငယ်ပျောက်ဆုံးနေကြောင်း သွားရောက်တိုင်ကြားခဲ့သည်။
တစ်ညလုံး လိုက်ရှာသော်လည်း မတွေ့ခဲ့ဘဲ ယင်းနေ့မနက် ၉ နာရီကျော်တွင်မှ ကျောင်းတိုက်အနီးရှိ ကားဘော်ဒီဝင်း ကိုင်းတောထဲမှ ကလေးကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကလေးဖခင်က ဆိုသည်။
ကိုင်းတောရှိ ပိန်းရိုင်းပင်များသည် ကလေးတစ်ရပ်ကျော်ပြီး အောက်ခြေတွင် ရေများဝပ်နေသဖြင့် ပြန်တွေ့ချိန်တွင် ကလေးမှာ တစ်ကိုယ်လုံးတုန်နေပြီး ဖြုတ်၊ ခြင်ကိုက်ရာများဖြင့် ကိုင်းတောထဲတွင် မတ်တတ်ရပ်ကာ ငိုယိုနေခဲ့ကြောင်း ကလေးဖခင်က ပြောပြသည်။
“ဆေးရုံရောက်တဲ့အထိ ငိုတယ်။ သမီးက အဖေ၊ အမေကလွဲလို့ စကားလည်း မပြောတတ်သေးဘူးလေ” ဟု ၎င်းက ဆိုသည်။
ကလေးကို မိန်းမကိုယ်အောက်ပိုင်း ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည့်အပြင် ဝမ်းဗိုက်မှခွဲကာ အတွင်းတစ်ထပ် ထပ်ချုပ်ခဲ့ရကြောင်း၊ ရန်ကင်းဆေးရုံကြီးတွင် နှစ်ပတ်ကြာကုသမှု ခံယူခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် မိန်းကလေးငယ်၏ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေသော်လည်း တစ်ညလုံး မိုးရေထဲတွင် ပစ်ထားခဲ့သည့်ဒဏ်ကြောင့် မကြာခဏ အဆုတ်အအေးပတ်သည့် ဒဏ်ခံစားနေရကြောင်း ၎င်းက ပြောပြသည်။