နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံပရဟိတ တောင်နီလေးကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ မုဒိမ်းမှုဖြင့် အမှုဖွင့်ခံရပြီးနောက် ၎င်းဦးစီးသည့် လူငယ်ပရဟိတကျောင်းနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။
အေးမေတ္တာစံပရဟိတကျောင်းတွင် ဂျပန်စာသင်ပေးနေသည့် အသက် ၃၃ နှစ်အရွယ် သားသည်မိခင် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ဦးစန္ဒိမာကို မုဒိမ်းမှုဖြင့် ထုံးဘိုရဲစခန်း၌ ဒီဇင်ဘာ ၃၁ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း အမှုစစ်ဆေးရန် လက်ခံထားသည်။
အဆိုပါအမှုမှာ ကျောင်းထိုင်ဆရာတော်ကို တိုင်ကြားထားသည့်အတွက် သာသနာရေးနှင့်သာ တိုက်ရိုက်သက်ဆိုင်သော်လည်း ပရဟိတကျောင်း၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကိုမူ ပရဟိတအဖွဲ့အစည်းများအတွက် ဖွဲ့စည်းထားသည့် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုကော်မတီ (Case Management Committee) က စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက Myanmar Now ကို ပြောသည်။
“လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုအနေနဲ့တော့ Case Manager (ဖြစ်ရပ်မန်နေဂျာ) ကတော့ (ဖြစ်ရပ်) တွေ လိုက်နေပါတယ်။ ဆက်ပြီးတော့လည်း တစ်ခုပြီးတစ်ခုတော့ လုပ်သွားမှာပါ။ သာသနာရေးကကျတော့လည်း သူတို့ဆောင်ရွက်စရာရှိတဲ့ လုပ်ငန်းတွေ လုပ်နေမှာပေါ့” ဟု ဒေါက်တာစန်းစန်းအေးက ပြောသည်။
လက်ရှိတွင် လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုကော်မတီ၏ ကနဦးအစီရင်ခံစာ ရရှိထားပြီးဖြစ်သည်ဟု ဆိုသော်လည်း အစီရင်ခံစာပါ အသေးစိတ်ကို မပြောနိုင်သေးကြောင်း၊ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်နေသည့် ပရဟိတကျောင်းဖြစ်သည့်အတွက် မြို့နယ်ကလေးသူငယ်အခွင့်အရေးကော်မတီ (TCRC) က အုပ်ချုပ်မှုပိုင်းဆိုင်ရာအတွက် နေပြည်တော်ကောင်စီသို့ တင်ပြထားကြောင်း ၎င်းက ဆိုသည်။
၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဦးစန္ဒိမာ၏ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသည် လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု ဒုတိယအဆင့် ရရှိထားသည့်ကျောင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက အထောက်အပံ့ တစ်စိတ်တစ်ပိုင်း ပေးထားသည်ဟု ဆိုသော်လည်း အသေးစိတ်ကို မသိရပေ။
ဦးစန္ဒိမာ မုဒိမ်းမှုဖြင့် အမှုဖွင့်မခံရမီ တစ်ရက်အလို ဒီဇင်ဘာ ၃၀ တွင် အေးမေတ္တာစံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ Myanmar Now က ရောက်ရှိခဲ့စဉ် ၎င်းနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်း၏ ပရဟိတဂေဟာတွင် ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ကရင်ပြည်နယ်များမှ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီး လူငယ် ၂၅၀ ခန့်ရှိကြောင်း၊ ၂ နှစ်ကျော်အရွယ်မှစ၍ တက္ကသိုလ်တွင် ဂုဏ်ထူးတန်းတက်နေသည့်အရွယ်အထိ ရှိကြောင်း၊ ကျောင်းကို မည်ကဲ့သို့ စည်းကမ်းတင်းကျပ်စွာ အုပ်ချုပ်ကြောင်း ဦးစန္ဒိမာက Myanmar Now ကို ရှင်းပြခဲ့သည်။
အာမခံမရသည့် မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် ဦးစိန္ဒိမာကို အမှုဖွင့်ထားသည်မှာ နှစ်ပတ်ခန့် ရှိလာပြီဖြစ်သော်လည်း လက်ရှိတွင် ၎င်းကို လူဝတ်လဲ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း တရားလို၏ရှေ့နေ ဦးယုယချစ်က ယနေ့ (ဇန်နဝါရီ ၁၁) တွင် Myanmar Now ကို ပြောသည်။
“သာသနာရေးက ခွင့်မပြုသေးလို့လို့ (ရဲက) ပြောတာပဲဗျ။ ရဲက ဖမ်းချင်နေတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပုဒ်မက အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်တဲ့အတွက် ရဲကတော့ ဖမ်းခွင့်ပေးရင် တန်းဖမ်းမှာပဲ။ ဥပဒေနဲ့တော့ မညီဘူးပေါ့ဗျာ။ ဖမ်းရမယ့်ပုဒ်မက ဖမ်းကို ဖမ်းရမှာလေ” ဟု ဦးယုယချစ်က ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ပုဗ္ဗသိရိမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကုမာရကကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။