စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ပိုင်း သရက်ပင်ရွာတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု နှစ်ရက်ကြာ တပ်စွဲထားစဉ် ထိုရွာမှ စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ် ၂၇ ညနေတွင် ရုတ်တရက် ရောက်ရှိလာပြီး တပ်စွဲရာ ဒေသခံတချို့ ထွက်မပြေးနိုင်ဘဲ ရွာအတွင်း ပိတ်မိခဲ့ကြသည်။
ဩဂုတ် ၂၈ နံနက်တွင် ထိုအမျိုးသမီး အဓမ္မကျင့်ခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များ၊ ရွာခံများနှင့် လုပ်သက်ရင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါအမျိုးသမီး နေအိမ်သို့ အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ရောက်ရှိလာပြီး မိဘနှစ်ဦးကို နေအိမ်ပေါ်တက်ခိုင်းပြီးနောက် နေအိမ်အောက်ဘက်၌ ယင်းသို့ ပြုကျင့်ခဲ့သည်ဟု မိသားစုဝင်များကို ကိုးကား၍ ထိုကျန်းမာရေးဝန်ထမ်းက ဆိုသည်။
မုဒိမ်းကျင့်မှုဖြစ်သည်ဟု ကျန်းမာရေးဌာနတွင် လုပ်သက် နှစ် ၂၀ နီးပါးရှိသူ အဆိုပါအမျိုးသားက ပြောသည်။
“(မုဒိမ်းကျင့်မှုလို့) ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပွန်းပဲ့ဒဏ်ရာလေးတွေလည်း တွေ့တယ်။ အထဲထိတော့ မကြည့်ရဘူးပေါ့။ ဒါပေမဲ့ ဒူးတွေ၊ တံတောင်ဆစ်လေးတွေပါ ပွန်းထားတယ်။ ရုန်းများရုန်းထားလို့လား မသိဘူး” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ထိုအမျိုးသားက ဆက်ပြောသည်။
စစ်တပ်ဝင်လာစဉ် မိဘနှစ်ပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း စိတ်ကျန်းမာရေးမကောင်းသည့် သမီးဖြစ်သူ အိမ်တွင်ကျန်ရစ်ခဲ့သည့်အတွက် ဩဂုတ် ၂၈ ရက် နံနက်တွင် ရွာအတွင်း ပြန်ဝင်လာခဲ့စဉ် ထိုဖြစ်ရပ်ကို တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုအမျိုးသမီးမှာ ကျန်းမာရေးကောင်းမွန်သော်လည်း အရေးပေါ် သားဆက်ခြားဆေးမှအပ အခြားကျန်းမာရေးစောင့်ရှောက်မှုမရသေးကြောင်း သိရပြီး ကာယကံရှင်နှင့်မိသားစုဝင်များမှာ ထိုဖြစ်ရပ်အကြောင်း ပြောဆိုလိုခြင်း မရှိ ကြောင်း တဆင့်သိရသည်။
ပိတ်မိနေခဲ့သော ဒေသခံများကလည်း ကျေးရွာအတွင်း စစ်တပ်ဝင်ရောက်လာချိန်တွင် ရွာခံအများစုမှာ ထွက်ပြေးနေကြသည့်အတွက် အရပ်ဝတ်ဖြင့် ရောက်လာသူမှာ လူစိမ်းတစ်ဦးဖြစ်ကြောင်း ပြောသည်။
ထိုစစ်ကောင်စီတပ်သည် စာသင်ကျောင်းနှင့် တိုက်ခံအိမ်များ အပါအဝင် ရွာအတွင်း ၅ နေရာခန့်ခွဲပြီး တပ်စွဲခဲ့ပြီး ဩဂုတ် ၂၉ တွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် ကပ်လျက်အိမ်များတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စခန်းချနေထိုင်ခဲ့သည့် အထောက်အထားများတွေ့ရကြောင်း အထက်ပါကျန်းမာရေးဝန်ထမ်းက ပြောသည်။
“သူတို့အိမ်နဲ့ ကပ်လျက် အိမ်တွေမှာလည်း (စစ်တပ်က) တည်းထားတဲ့အနေအထားတွေ တွေ့တယ်။ အဲ့ဒီအနားတစ်ဝိုက်လေးတွေပဲ တည်းသွားတယ်။ ၄၊ ၅ အိမ်လောက်မှာ တည်းသွားတဲ့အနေအထားပဲ။ သူတို့အိမ်နဲ့ မနီးမဝေးပဲ။ ၂ အိမ်ကတော့ သူတို့အိမ်နဲ့ ကပ်လျက်အိမ်ပဲ။ ချက်ပြုတ်စားသောက်တာတွေ၊ သူတို့တည်းထားတဲ့ စောင်တွေ၊ ခေါင်းအုံးတွေ အဲဒီလိုမျိုးတွေရော တွေ့တယ်” ဟု ဆိုသည်။
ထိုစစ်ကြောင်းသည် ကျေးရွာတိုက်နယ်ဆေးရုံမှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးဝါးများ ဖျက်ဆီးခဲ့သည့်အပြင် ရွာစာသင်ကျောင်းဝင်းအတွင်းရှိ ယာယီ စာသင်ဆောင်တစ်ခုကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။
သရက်ပင်ရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ဒုတိယပိုင်းက ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်နှင့် ရောက်သွားသည့်စစ်ကြောင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းတွင်ပါဝင်သည့် စစ်သားများမှာ အရပ်ဝတ်အရပ်စား ဝတ်ဆင်ထားလေ့ရှိပြီး ထိုအထဲတွင် ပြင်ဦးလွင်အခြေစိုက် တပ်အချို့ပါဝင်သည်ဟု ဒေသခံအချို့က ပြောသော်လည်း ပါဝင်သည့် တပ်ရင်း၊ တပ်မ အသေးစိတ်ကို မသိရသေးပေ။
စစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာတွင် သုံးရက်ကြာတပ်စွဲပြီးနောက် ယင်းမာပင်၊ ပုလဲနယ်မှတစ်ဆင့် ကနီမြို့နယ်အတွင်း သုံးပတ်နီးပါးကြာ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
ရင်ပေါင်တိုင်ရွာမှ ထွက်ခွာစဉ် အမျိုးသား ၂၃ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းတစ်လျှောက် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
ထိုစစ်ကြောင်းသည် ရွာစဉ်လှည့်စီးနင်းစဉ် နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာ၊ အဖိုးတန် ပစ္စည်းများ လုယက်ယူဆောင်ခဲ့ပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်တပ်က အဓမ္မပြုကျင့်စော်ကားမှုများ ကျူးလွန်ခဲ့
စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ကြောင်းထိုးသွားလာသည့် နယ်မြေများတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ မုဒိမ်းမှု ကျူးလွန်တတ်သည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအများအပြား ဖြစ်ပွားသည့် ၂၀၁၇ မှ ၂၀၂၀ အတွင်း စစ်ကောင်စီတပ်က ထိုကဲ့သို့သောအမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုအများအပြား ထွက်ပေါ်ခဲ့ပြီး ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သောအမှုကို စစ်တပ်က ဝန်ခံခဲ့ရသည်။
၂၀၂၀ ဇွန်လ ၂၉ ရက်က ဦးဂါကျေးရွာအတွင်း စစ်ကြောင်းတစ်ခု ဝင်ရောက်လာချိန် ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ရွာထဲတွင် ပုန်းအောင်းနေသည့် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းတွင် စစ်တပ်က ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးသည့်သတင်းဖြစ်ကြောင်း ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်း ထိုအမှုကို ဝန်ခံခဲ့ရသည်။
ထို့နောက် အဓမ္မပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို ၂၀၂၀ ဒီဇင်ဘာ ၁၁ တွင် စစ်တွေမြို့ စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့ ပြစ်ဒဏ်ချခံရမှု ရှိမရှိ မသိရပေ။
စစ်အာဏာသိမ်းပြီးနောက် ဒေသများတွင် အလားတူအမှုမျိုး ကျုးလွန်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အထောက်အထား မရရှိခဲ့ပေ။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ချင်းပြည်နယ် တီးတိန်မြို့နယ်၊ အပ်လွယ်ရွာအနီးတွင် စခန်းချခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မီးဖွားပြီးစ အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



