သတင်း

ဝက်လက်မြို့မှ ကိုယ်ဝန်ဆောင် မုဒိမ်းကျင့် သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၄ ဦးကို သတ်ဖြတ်လိုက်ပြီး ထိုအထဲမှ အမျိုးသမီးမှာ မုဒိမ်းကျင့်ခံခဲ့ရသေးသည်ဟု ဒေသခံတို့နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

အသတ်ခံရသူများမှာ ကျီးကန်မြောက်ရွာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်း၊ သမီးဖြစ်သူ အသက် ၂၀ အရွယ် မရွှေမန်းသူ၊ ဦးဟန်ရွှေ၊ ကျီးကန်တောင်ရွာမှ ၃၇ နှစ်အရွယ် ကိုနိုင်လင်းတို့ ဖြစ်ကြသည်။

ဩဂုတ် ၂၄ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်း ဝက်လက်မြို့နယ်အတွင်း စတင်ဝင်ရောက်လာသည်။ နောက်တစ်နေ့တွင် ရွာသာကြီးကျေးရွာ စစ်စခန်းမှ လှတောကျေးရွာ စစ်စခန်းသို့ ချီတက်စဉ် ထို ၄ ဦးအပြင် ဦးတင်ဆန်း၏ ဇနီးနှင့် ချွေးမတို့ကိုပါ ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးတွင် ရှိသည့် ကျီးကန်ရွာမ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိ အခန်းတစ်ခုအတွင်း ဦးတင်ဆန်း၏ ဇနီးနှင့် ချွေးမဖြစ်သူတို့ကို အခန်းအတွင်း သော့ခတ် ပိတ်လှောင်ထားခဲ့သည်။

ကျန်လေးဦးကို ဆက်လက်ဖမ်းခေါ်သွားပြီး ညပိုင်းတွင် ရွာမြောက်ဘက်တွင်ရှိသည့် သရက်ခြံတစ်ခုအတွင်းတွင် သတ်ဖြတ်သွားခဲ့သည်။

မရွှေမန်းသူသည် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရဖွယ်ရှိသည်ဟု ရုပ်အလောင်းများကို ကောက်ယူခဲ့သည့် ဒေသခံက ဆိုသည်။

“ကျွန်တော်တို့ အလောင်းတွေ တွေ့တဲ့အချိန်မှာ သူ့ရဲ့ မအင်္ဂါထဲ ထိုးထည့်ထားတဲ့ Royal D အချိုရည်ဘူး ရှိနေတာ၊ ခန္ဓာကိုယ်အောက်ပိုင်းကလည်း အဝတ်အစားမရှိတော့ဘူး” ဟု ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်လည်းဖြစ်သည့် ဒေသခံက ပြောသည်။ 

မရွှေမန်းသူမှာ ကိုယ်ဝန် ၃ လ ရှိနေသူဖြစ်သည်ဟုလည်း သိရသည်။

သတ်ဖြတ်ခံခဲ့ရသည့် ဦးတင်ဆန်း၊ မရွှေမန်းသူ၊ ဦးဟန်ရွှေ၊ ကိုနိုင်လင်းတို့၏ ရုပ်အလောင်းများ။

သေဆုံးသူအားလုံးတွင် လည်ပင်းလှီးဖြတ်ထားသည့် ဒဏ်ရာများတွေ့ရပြီး၊ မရွှေမန်းသူ၏ ရင်ဘတ်နှင့် ဦးတင်ဆန်း၏ ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာများ၊ ရိုက်နှက်နှိပ်စက်ထားသည့်ဒဏ်ရာများလည်း တွေ့ရှိခဲ့ရသည်။

ရုပ်အလောင်းများမှာ ၄-၅ ပေခန့် အကွာအဝေးတွင် ရှိနေခဲ့ကြသည့်အတွက် ၄ ဦးလုံးကို တစ်ပြိုင်တည်း သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

မရွှေမန်းသူသည် ဖမ်းဆီးခံရပြီး ယင်းတို့ကို ချုပ်နှောင်ထားသည့် ကျီးကန်ရွာမ လက်ဖက်ရည်ဆိုင်ရှိ အခန်းအတွင်း စတင်အဓမ္မပြုကျင့်ခံခဲ့ရသည်ဟုလည်း လွတ်မြောက်လာသည့် သူ၏ မိသားစုဝင်များကို ကိုးကားပြီး ကျီးကန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူ့အမေနဲ့ သူ့ယောင်းမကို ချုပ်ထားခဲ့တဲ့ လက်ဖက်ရည်ဆိုင်ထဲမှာတင်ကို သူက အဓမ္မပြုကျင့်ခံရတာ၊ အော်ဟစ်ငိုယိုသံတွေ ကြားနေရတာတဲ့၊ သူ့ယောင်းမကိုတောင် စစ်ဗိုလ်တစ်ကောင်က ကျင့်ဖို့ လုပ်တာမှာ ရှိခိုးတောင်းပန်ပြီးတော့ ကလေးနှစ်ယောက်အမေပါ၊ မလုပ်ပါနဲ့ ပြောတော့မှ ပြန်လွှတ်ပေးတာတဲ့” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

“ဖအေဖြစ်တဲ့ ဦးတင်ဆန်းလက်မှာ ရုန်းကန် အော်ဟစ်ရင်းရတယ်လို့ ထင်ရတဲ့ စုတ်ပြတ်ဒဏ်ရာတွေလည်း တွေ့တယ်၊ ကျွန်တော်တို့ ယူဆတာက သူ့သမီး (မရွှေမန်းသူ) ကို ပြုကျင့်နှိပ်စက်တာတွေကို သူအဖေရှေ့မှာတင် လုပ်တယ်လို့ ယူဆတယ်”

ရုပ်အလောင်းများကို စစ်ကောင်စီတပ် ထွက်ခွာသွားသည့် ၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းနောက် လိုက်ကြည့်သည့် ကာကွယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြပြီး ယင်းနေ့ နံနက်ပိုင်းမှာပင် သင်္ဂြိုဟ်လိုက်သည်ဟု ဆိုသည်။

ကျူးလွန်သည့် တပ်ရင်းအမည်၊ အရာရှိအမည်၊ မုဒိမ်းကျင့်သူအရေအတွက်နှင့် ပတ်သက်ပြီး စုံစမ်းနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း ၎င်းတို့၏ စစ်ကြောင်းထိုးမှုသတင်းကို အမှောင်ချထားလေ့ရှိသည်။

ဒေသခံများ သတ်ဖြတ်ခံခဲ့ရသည့် နေရာပြ မြေပုံ။

ကျီးကန်တောင်ရွာနှင့် မြောက်ရွာဒေသခံများမှာ စစ်ကောင်စီ စစ်ကြောင်း ထွက်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ၊ ရှောင်ပုန်းနေရဆဲဖြစ်သည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျီးကန်ရွာသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးတွင် ရှိပြီး၊ ကားလမ်းတောင်ဘက်နှင့် မြောက်ဘက်ကို ပိုင်းခြားကာ တောင်ရွာနှင့် မြောက်ရွာ ပိုင်းခြားထားခြင်းဖြစ်သည်။ စစ်ကောင်စီ စစ်စခန်းချ တပ်စွဲထားရာ လှတော်ကျေးရွာနှင့်လည်း တစ်မိုင်သာ ကွာဝေးသည့် အိမ်ခြေ ၅၀၀ ကျော်ရှိသည့် အုပ်စုကျေးရွာကြီးဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းမှာ ဩဂုတ် ၂၆ ရက်နေ့ နံနက်တွင် ကျီးကန်ရွာမှ ထွက်ကာ လှတောကျေးရွာရှိ စစ်စခန်းဆီသို့ ဆက်လက်ထွက်ခွာသွားသည်၊ ၂၇ ရက်နေ့တွင်လည်း လှတောစစ်စခန်းကို အခြေပြုကာ စစ်ကြောင်းထိုးသွားလာနေကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

၂၄ ရက်နေ့ကတည်းက ဝက်လက်မြို့နယ်အတွင်း စတင်ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းမှာ ၄ ရက်တာအတွင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ၇ ကြိမ် တိုက်ခိုက်ခံရသည်။ ထိုတိုက်ခိုက်မှုများအတွင်း စစ်သား ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း (၁) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယခု ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး စစ်ရှောင်ရွာသူရွာသားများကို သတ်ဖြတ်နေသည့် စစ်ကောင်စီ စစ်ကြောင်းမှာ ဩဂုတ် ၂၁ ရက်က စစ်ကိုင်းမြို့နယ် ထန်းတောဆိပ်ကျေးရွာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးနှင့် အရပ်သား အမျိုးသမီးနှစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၁ တွင်လည်း ဝက်လက်မြို့နယ် ခက်ခကျေးရွာနှင့် စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာတို့မှ ပကဖတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရပ်သားနှစ်ဦးတို့ သတ်ဖြတ်ခံခဲ့ရသည်။

ဇူလိုင်လ ၆ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က သမ္မာရိုးရွာအနီး နေရာ ၃ ခုတွင် ဈေးသည်များ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီး ၃ ဦးအပါအဝင် ဈေးသည် ၇ ဦးတို့ သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button