ဩဂုတ် ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်သားများက အရပ်သား ၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စိတ်ကျန်းမာရေးမကောင်းသူ ကိုဇော်ကိုလတ် (၃၀ နှစ်)၊ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုဇင်ကို (၃၀ နှစ် )၊ ခက်ခကျေးရွာ ပကဖ အဖွဲ့ဝင် အောင်ကိုထူး (၂၄ နှစ်) နှင့် တစ်လိုင်းကျေးရွာမှ ပကဖအဖွဲ့ဝင်တစ်ဦးတို့ အသတ်ခံရသည်၊ စစ်ကြောင်းပြန်ထွက်သွားပြီး နောက်တစ်ရက် (ဩဂုတ် ၁၃) တွင် ရုပ်အလောင်းများကို တွေ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့်သည် စစ်ကိုင်းမြို့နယ် တစ်လိုင်းကျေးရွာဘက်မှ အနောက်ဘက် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ဝက်လက်မြို့တောင်ဘက် ၁၃ မိုင် အကွာ၊ တလိုင်းရွာ၏ မြောက်ဘက် ထန်းကြီးရွာတွင် ပကဖအဖွဲ့ဝင် နှစ်လောင်း၊ ထန်းကြီးရွာနှင့် ကပ်လျက် ပဲ့သူကြီးရွာတွင် အရပ်သားနှစ်လောင်းတို့ကို ဒေသခံများက တွေ့ရှိခဲ့သည်။
စစ်သားများ ဒေသတွင်း ဝင်ရောက်လာစဉ် ထွက်မပြေးနိုင်သည့် စိတ်ကျန်းမာရေးမကောင်းသူ လက်ပြန်ကြိုးတုပ်၊ လည်လှီးခံထားရသည်၊ စစ်သားများက သူ၏ ရုပ်အလောင်းကို ကျင်းတစ်ခုတွင် ပစ်ထားခဲ့သည်ဟု အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဦးခေါင်း ပစ်ခတ်ခံထားရသည့် မသန်စွမ်းသူ ကိုဇင်ကို၏ ရုပ်အလောင်းကိုမူ ကျေးရွာစာသင်ကျောင်းအနီး တွေ့ရသည်ဟု သူက ဆိုသည်။
“(မသန်စွမ်းသူကို) နောက်ကနေ ပစ်ဖွင့်ထားတာဆိုတော့ မျက်နှာတစ်ခြမ်း မရှိတော့ဘူး၊ မျက်လုံးတွေ ဘာတွေ ထွက်နေပြီ”
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ကိုဇင်ကိုမှာ PDF ခေါင်းဆောင်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
ပဲ့သူကြီးရွာတောင်ဘက် တစ်မိုင်အကွာရှိ ထန်းကြီးရွာအနီး ရေကန်ထဲတွင် တွေ့ရှိရသည့် နှစ်လောင်းမှာ ကျေးရွာပကဖအဖွဲ့ဝင်နှစ်ဦး ဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။
လက်ပြန်ကြိုးတုပ်ထားပြီး ရင်ဘတ်ကို ပစ်ခတ်ခံရသည်၊ မျက်နှာ ညိုမည်းနေသဖြင့် မသေမီ နှိပ်စက် ညှဉ်းပန်းခံခဲ့ရဖွယ်ရှိသည်ဟု ရုပ်အလောင်းကို တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
“စစ်ကြောင်းဝင်တော့ ရွာထဲက ပြည်သူတွေ ကယ်ထုတ်ဖို့ဆိုပြီး သွားတာ။ စစ်ကြောင်းနဲ့ တိုက်ရိုက်တိုးပြီး (ပကဖ နှစ်ဦး) ဖမ်းခံလိုက်ရတာ” ဟု ထိုဒေသခံက ဆိုသည်။
အဆိုပါ ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိသည့် ဩဂုတ် ၁၃ ရက်တွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ပဲ့ကြီးရွာတွင် ညအိပ် တပ်စွဲပြီးနောက် ဩဂုတ် ၁၂ ရက်နေ့ ညအချိန်တွင် စစ်ကိုင်းမြို့နယ်အတွင်း ပြန်လည် ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောကြသည်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွင် တည်ရှိသော တလိုင်း၊ ထန်းကြီး၊ ပဲ့ကြီး၊ ခက်ခ ကျေးရွာတို့သည် ကပ်လျက်ရှိသော ကျေးရွာများ ဖြစ်ကြသည်။
သြဂုတ် ၁၃ တွင်ပင် ပဲ့သူကြီးရွာနှင့် နှစ်မိုင်အကွာ ပေါက်ကန်ကျေးရွာရှိ ကာကွယ်ရေးအဖွဲ့ဝင်များ အသုံးပြုသည့် ဆေးခန်းတစ်ခုကိုလည်း လေတပ်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒေသအတွင်း ဝင်ရောက်နေသော စစ်ကြောင်းရှိသဖြင့် လူနာများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားပြီးနောက်ပိုင်း လေတပ်က တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“တော်လှန်ရေးသမားတွေ အသုံးပြုတဲ့ ဆေးခန်းပေါ့။ စစ်ကြောင်းနီးတော့ လူနာတွေရော၊ ဆရာဝန်တွေရော နေရာရွှေ့ထားတာ၊ ပတ်ဝန်းကျင်က အရပ်သား ၅ ယောက်လောက် ဒဏ်ရာရတယ်၊ ဆေးခန်းကတော့ ကြေမွသွားတာပေါ့” ဟု အထက်ပါ ဒေသခံက ဆိုသည်။
နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် စစ်တပ်သည် ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အရပ်ဘက်ဒေသခံများ ကိုယ်ထူကိုယ်ထ ထူထောင်ထားသည့် ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။
ယမန်နှစ် ဩဂုတ်အတွင်းက စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ သရက်ပင် တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းပြီး ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို မီးရှို့ခဲ့သလို၊ ရေတွင်းထဲသို့လည်း ပစ်ချ ဖျက်ဆီးခဲ့သည်။
ယခုနှစ် ဧပြီလထဲတွင်လည်း ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC) ထူထောင်ထားသည့် ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုလထဲမှာပင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထလည်ပတ်နေသည့် ဆေးရုံကို ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်သားများက စီးနင်းဖျက်ဆီးကာ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကုသနေသူများ အပါအဝင် ဒေသခံ ၂၁ ဦးကို ဖမ်းဆီးသွားသည်။
စစ်ကိုင်းမြို့နယ် အရှေ့မြောက်ဘက်အစွန်ရှိ တလိုင်းကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့မှုဖြစ်ပွားနေရာ ဇွန်လကုန်တွင် PDF ၏ ခရိုင်တပ်ရင်းနှစ်ခုမှ ၁၁ ဦး၊ ပြင်ဦးလွင်ခရိုင် ပကဖနှစ်ဦး အလစ်အငိုက် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။
အလားတူ ဇူလိုင် ၂ ကလည်း တလိုင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)