သတင်း

ဖယ်ခုံရှိ ဆေးရုံ ဗုံးကြဲခံရပြီး မွေးလူနာနှင့် အခြားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆေးရုံကို ယမန်နေ့ (ဧပြီ ၂၅) တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ၌ သေဆုံးသူ မရှိသော်လည်း ထိခိုက်ဒဏ်ရာရသူများအနက် မွေးလူနာတစ်ဦးနှင့် လူနာစောင့်တစ်ဦး အသက်အန္တရာယ် စိုးရိမ်နေရသည်။

ကယားပြည်နယ်နှင့် ထိစပ်နေသော ဖယ်ခုံမြို့နယ်အနောက်ပိုင်း ဆောင်းဖွေးရွာရှိ ထိုဆေးရုံကို ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC) က ကိုယ်ထူကိုယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကာ စစ်တပ်က ဗုံးလာကြဲစဉ် မွေးလူနာသုံးဦးနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် စုစုပေါင်း လူ ၁၀၀ ကျော် ရှိနေသည်ဟု သိရသည်။

ပထမဗုံးတစ်လုံး ကြဲချခံရပြီးနောက် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများကို အမြန်ကယ်ထုတ်ခဲ့သောကြောင့် ဒုတိယအကြိမ်ဗုံးကြဲမှုတွင် ထိခိုက်သူမရှိခဲ့ကြောင်း၊ ပထမအကြိမ် ဗုံးကြဲခံရစဉ် ထိခိုက်သူ ငါးဦးခန့်ရှိပြီး ဆေးမှူးတစ်ဦး ခြေထောက်တွင် ထိမှန်ကာ မွေးလူနာနှင့် လူနာစောင့်မှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဆေးရုံတာဝန်ခံ အိုင်ဖရင်က ပြောသည်။​

ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ဗုံးတစ်လုံးကြဲချပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ဗုံးထပ်ကြဲကြောင်း၊ စုစုပေါင်း ဗုံး ၁၅ လုံးခန့် ကြဲခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့ (ဧပြီ ၂၆) တွင် ဗုံးကြဲတိုက်ခိုက်ခံရသည့် ထိုဆေးရုံသို့ Myanmar Now ရောက်ရှိစဉ် ဆေးရုံတာဝန်ခံ အိုင်ဖရင်က ပြောဆိုခြင်းဖြစ်သည်။

“သူ ကလေးမွေးတာ သုံးရက်ပဲ ရှိသေးတာပေါ့နော်။ သူ့ကလေးကလည်း အသားဝါဖြစ်တဲ့အတွက် ကလေး နို့ဆာတဲ့အချိန် နို့ဘူး သွားဖျော်ရင်းနဲ့ ဒီဘက်ကို လမ်းလျှောက်လာတာ။ (ဗုံး) အစ စင်ပြီး မျက်လုံးတစ်ဖက် ထွက်သွားတယ်၊ (ခေါင်း) တစ်ဖက် ဒဏ်ရာအကြီးအကျယ်ရတယ်” ဟု အိုင်ဖရင်က ပြောသည်။

ဒဏ်ရာပြင်းထန်သည့် မွေးလူနာမှာ အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး လူနာစောင့်ဖြစ်သော ၎င်း၏ ယောက္ခမဖြစ်သူ ၅၀ အရွယ် အမျိုးသမီးသည်လည်း ဦးခေါင်းတွင် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု အိုင်ဖရင်က ပြောသည်။

ဆေးရုံအတွင်းရှိ အဆောင်များအပြင် ဆေးရုံပရဝဏ်အပြင်ဘက်တွင်လည်း ဗုံးကြဲခဲ့ကာ ၁၅ လုံးခန့်ရှိကြောင်း၊ မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည့် ဗုံးနှစ်လုံးရှိကြောင်းလည်း အိုင်ဖရင်က ဆိုသည်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာန၊ ရုံးခန်း၊ ဝန်ထမ်းအိမ်ရာအပါအဝင် ဆေးရုံရှိ အဆောင်အားလုံးတို့အပြင် ဆေးရုံသုံးကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသည်။

ဗုံးကြဲခံထားရသည့် ဆေးရုံရှိ လူနာကုတင်များ၌ ဆေးသွင်းပိုက်များ သွင်းလက်စအနေအထားပင် ရှိနေပြီး ကုတင်အချို့တွင် အိပ်ရာလိပ်များပင် မသိမ်းနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ 

လွန်ခဲ့သည့်ရက်များအတွင်းက ဆေးရုံအနီးဝန်းကျင်ကို စစ်ကောင်စီ၏ တိုက်လေယာဉ်နှင့် ကင်းထောက်လေယာဉ်များ မကြာခဏ ပျံဝဲခဲ့သည်ဟု ဆေးရုံတာဝန်ခံ အိုင်ဖရင်က ဆိုသည်။

“အရင်တုန်းကလည်း ဒီမှာ (လေယာဉ်) ဝဲနေကျဆိုတော့ ပြဿနာမရှိဘူးလို့ပဲ ကျွန်တော်တို့ထင်တာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက်လာတာ တောင်ကြောကနေ ဝဲတာမဟုတ်ဘဲနဲ့ တစ်ခါတည်း ကြဲသွားတာပေါ့” 

လူနာကယ်ဆယ်ရေးလုပ်နေသည့်အတွက် လာရောက်ဗုံးကြဲခဲ့သည့် လေယာဉ်အရေအတွက်ကို မရေတွက်မိကြောင်း၊ အနီးဝန်းကျင်ရွာများ၏ ပြောဆိုချက်အရ လေယာဉ်နှစ်စင်းမှ သုံးစင်းအထိ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဆေးရုံဝင်းအတွင်း ဗုံးကျထားသည့် ချိုင်ခွင့်များအပြင် မပေါက်ကွဲဘဲ မြေကြီးတွင် နစ်ဝင်နေသည့် ဗုံးတစ်လုံးလည်း တွေ့ရှိရသည်။ 

ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC) က ဦးစီးဖွင့်လှစ်ထားသည့် ထိုဆေးရုံသည် စစ်ဘေးရှောင်များနှင့် ဒေသခံ ရွာသူရွာသားများကို ကုသပေးနေခြင်းဖြစ်ကာ လစဉ် လာရောက်ကုသသည့် လူနာအရေအတွက်မှာ ၁၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် အိုင်ဖရင်က “ပြောစရာစကားလုံးတောင် မရှိတော့ဘူး။ ဒီလောက်ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်က ဒါတွေ မလုပ်သင့်တဲ့ဟာဆိုပေမဲ့ သူတို့ အတွေးအခေါ်မရှိလို့ပဲ ကျွန်တော်တို့ မြင်တာပေါ့နော်” ဟု ပြောသည်။

နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံတော်လှန်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများရှိရာနေရာများကိုလည်း ဗုံးကြဲတိုက်ခိုက်နေရာ ဘာသာရေးအဆောက်အအုံများနှင့် ဆေးရုံများလည်း အပါအဝင်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကြီးဆေးရုံကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ဆေးရုံအဆောင်များ ပျက်စီးခဲ့သည်။

ယခုလအတွင်း၌ပင် မကွေးတိုင်း မြိုင်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာတွင် ရပ်ရွာလူထုက ဖွင့်လှစ်ထားသည့် ဆေးပေးခန်းကို စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ စီးနင်းခဲ့သည်။

Show More

Related Articles

Back to top button