
စစ်ရေးတင်းမာနေသည့် စစ်ကိုင်းမြို့နယ် အရှေ့မြောက်ဘက်အစွန်ရှိ တလိုင်းကျေးရွာအနီး ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ကိုင်းခရိုင်တပ်ရင်းများမှ PDF ၁၁ ဦး၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ၃ ဦး အဆိုပါ ကျေးရွာအနီး ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သလို လက်နက်ခဲယမ်းများ ဆုံးရှုံးထားသည်မှာလည်း ထိုဒေသတွင် ဖြစ်သည်။
ထို့နောက် ၄ ရက်အကြာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ ရပ်ကျေးပကဖအဖွဲ့၊ PDF အမှတ် (၅၁၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့ တလိုင်းရွာဝန်းကျင်၌ ကင်းစောင့်နေစဉ် ဒေသအတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်၏ ရှေ့ပြေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း မြို့နယ်ပလဖအဖွဲ့မှ ကိုမျောက်ကြီး၊ ကိုအောင်ခိုင်၊ ကိုရားရား၊ ရပ်ကျေးပကဖအဖွဲ့ဝင် ဦးမြင့်ကျော်၊ PDF တပ်ဖွဲ့ဝင် ကိုနေခတို့ သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် ပလဖတာဝန်ခံတစ်ဦးထံမှ သိရသည်။
ပဒူကျေးရွာအတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ဇူလိုင် ၃ နံနက်စောစော ၃ နာရီခန့်တွင် ပဒူရွာမြောက်ဘက်ရှိ ၇ မိုင်ခန့်အကွာ တလိုင်းကျေးရွာသို့ ကူးလာစဉ် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ကင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်စဉ် ပလဖတပ်ဖွဲ့ဝင် ၃ ဦး၊ ရပ်ကျေးပကဖ တစ်ဦး၊ တပ်ရင်း ၅၁၀ မှ တစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့စခန်းများကို ဇွန်လ နောက်ဆုံးပတ်မှ စတင်၍ နေ့စဉ် စီးနင်းရှာဖွေနေသလို ဒေသတွင်း လှုပ်ရှားနေသည်။
စစ်ကိုင်းတိုင်းမြောက်ဘက် ပဒူကျေးရွာတွင် ခေတ္တ တပ်စွဲထားသည့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၃ နံနက်စောစော ၃ နာရီခန့်တွင် တလိုင်းကျေးရွာသို့ ကူးလာစဉ် တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။
“ပဒူဘက်က စစ်ကြောင်းက ညကြောင်း ထိုးလာပြီး၊ မနက်လင်းပိုင်းမှာ ထိုးတဲ့အချိန် တိုက်ပွဲဖြစ်၊ အပြန်အလှန်ပစ်ကြနဲ့ ကင်းကုန်းကနေ အရှေ့တည့်တည့်ကို ပြန်ဆုတ်တဲ့ ရဲဘော်တွေက လွတ်မြောက်ခဲ့ပေမဲ့ ဘေးဘက်ကို ခွဲထွက်တဲ့ ရဲဘော်တွေ ကျကုန်တာ” ဟု စစ်ကိုင်းမြို့နယ်ပလဖ တာဝန်ခံက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားသည်နှင့် စစ်ကောင်စီစစ်ကြောင်းသည် တလိုင်းကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ အဆိုအရ သိရသည်။

ရွာမီးရှို့ပြီးနောက် ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းသည် တလိုင်းရွာမှ ပြန်ထွက်သွားကြောင်း သိရသည်။ ထိုရွာမှ ဒေသခံများသည်လည်း စစ်ကောင်စီတပ်ရန်ကြောင့် အစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင် ဇူလိုင် ၃ တိုက်ပွဲနှင့် ပတ်သက်ပြီး ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြပြီး အလောင်း ၅ လောင်းနှင့်အတူ လက်နက်ခဲယမ်းများ၊ ကား ၁ စီး၊ ယူနီဖောင်းတို့ ရရှိခဲ့ကြောင်း ဖော်ပြနေကြသည်။ ရွာမီးရှို့သည့်အကြောင်းကို ဖော်ပြကြခြင်း မရှိပေ။
အထက်ပါ စစ်ကြောင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ “လင်းယုန်” ဟု အမည်ပေးထားသည့် အင်အား ၃၀ ခန့်ပါသည့် ကွန်မန်ဒိုတပ်ဖွဲ့တစ်ခုကိုလည်း ထည့်သွင်း အသုံးပြုလျက်ရှိနေသည်။
ယင်းသို့ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ် ၂၅ ရက်နေ့တွင် စစ်ကိုင်းနယ် တောင်ပိုင်းရှိ ကင်းတော်ကျေးရွာမှ PDF စခန်းတစ်ခု စီးနင်းခံရပြီး PDF ၁၅ ဦး၊ အရပ်သား ၃ ဦး သေဆုံးခဲ့သည်။
ထို့နောက် ၂၈ ရက်နေ့တွင် စစ်ကိုင်းနယ်မြောက်ဖျားရှိ စဉ့်ကိုင်ရွာနှင့် တလိုင်းရွာအကြား၊ ဗျူဟာလမ်းမပေါ်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကိုင်းခရိုင် PDF တပ်ရင်းများမှ ၁၁ ဦး၊ ပြင်ဦးလွင်ခရိုင်ပကဖ (ဗိုလ်ကောင်းကင်တပ်ဖွဲ့) မှ ၃ ဦးတို့ သေဆုံးခဲ့သည်။
ထိုစစ်ကြောင်း၏ ထိုးစစ်ဆင်မှုကြောင့် စခန်းများ ရွှေ့ပြောင်းနေခဲ့ကြရပြီး ၂၉ ရက်တွင်လည်း ဗိုလ်ကောင်းကင်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပကဖ) ၏ လက်နက်ခဲယမ်းများ သယ်ဆောင်ရွှေ့ပြောင်းနေသည့် ကားနှစ်စီး ဖမ်းဆီးခံရပြီး သိန်းပေါင်း ၄၅၀၀ ကျော်တန်ဖိုးရှိ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့နှင့် ဧရာဝတီမြစ်သာ ခြားသည့် စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ရေး အသည်းအသန် ကြိုးစားနေသည်ဟု ပလဖတာဝန်ရှိသူက ဆိုသည်။
“စစ်ကိုင်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေ အရမ်းများနေတဲ့အတွက် သူတို့အနေနဲ့ ပြန်ပြီး ကာဗာ (စိုးမိုးမှု) ယူမယ့် အနေအထားရှိတယ်၊ ဘယ်အချိန်လို့သာ မပြောနိုင်တာ၊ အလုံးအရင်းနဲ့ လုပ်မယ့်အနေအထားရှိတယ်၊ အခုလောလောဆယ်မှာ ဖမ်းမိတဲ့ ဒေသခံ ဓားစာခံတွေဆီကနေ သတင်းပေါက်ကြားမှုတွေ ဖြစ်နေတယ်” ဟု ပလဖတာဝန်ရှိသူက ပြောသည်။
စစ်ကိုင်းမြို့နယ်အတွင်း အခြေစိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ရင်ဆိုင်နေရချိန်မှာပင် စခန်းများကိုလည်း နေရာပြောင်းရွှေ့နေကြသည်ဟု သိရသည်။
စစ်ကိုင်းမြို့နယ် အရှေ့ခြမ်းနှင့် မြောက်ခြမ်းတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းဝင်နေသောကြောင့် စစ်ကိုင်းမြို့နယ်ရှိ ရွာ ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။
ဇွန်လနှင့် ဇူလိုင်လဆန်းအတွင်း အဆိုပါစစ်ကြောင်း၏ စီးနင်းတိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်ကမ်း အနီးဝန်းကျင်တွင် PDF တပ်ဖွဲ့ဝင် ၅၀ ဝန်းကျင်ခန့်အထိ သေဆုံးခဲ့သည်ဟု ဒေသခံ ခုခံသူများထံမှ သိရသည်။
စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)