အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကနီမြို့ တိုက်နယ်ဆေးရုံမှ ဆေးနှင့် ဆေးပစ္စည်းများကို စစ်တပ် ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် စစ်ရှောင်များကို ဆေးဝါးကုသပေးနေသည့် တိုက်နယ်ဆေးရုံမှ ဆေးဝါးများ၊ ဆေးပစ္စည်း ကိရိယာများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ဩဂုတ် ၂၈ တွင် သရက်ပင်ရွာကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် သရက်ပင် တိုက်နယ်ဆေးရုံ မှ ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို မီးရှို့ဖျက်ဆီးခြင်း၊ ရေတွင်း ထဲသို့ ပစ်ချဖျက်ဆီးခဲ့သည်။

ရွာစာသင်ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် ၂ ဆောင်၊ ထိုတဲအတွင်းရှိ စာရေးကိရိယာများ၊ စာသင်ခုံများပါမီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

“ဆေးရုံကနေ ဆေးပစ္စည်းတွေ၊ ကိရိယာတွေကို အကုန်အပြင်ထုတ်ပြီး မီးရှို့ဖျက်ဆီးသွားတယ်။ ပုံမှန်ဆိုရင် တော့ လူနာ ၅၀ ဝန်းကျင်လောက် ဆေးကုနိုင်တဲ့နေရာပါ။ အခက်အခဲတွေကြားက ကျန်းမာရေးစောင့်ရှောက်မှုအတွက် လုပ်ကြကိုင်ကြတာပါ။ စစ်ဘေးရှောင်တွေကို ကုသပေးနေတဲ့ ဆေးရုံပါ ” ဟု ကနီမြို့နယ်မှ လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သရက်ပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် လသားအရွယ် ကလေးငယ်အပါအဝင် အသက် ၈၀ ကျော် အရွယ်ထိ ပါဝင်သည့် ဒေသခံ ၉၀ ကျော်ကို တစ်ရက်ကြာ ဖမ်းဆီးစစ်ဆေးပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် ဝါဒဖြန့်ဟောပြောမှုများပြုလုပ်ကာ နောက်နေ့ (ဩဂုတ် ၂၉) စစ်ကြောင်းပြန်ထွက်ချိန် တွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ထိုရွာမှ ထွက်လာသည့် စစ်ကြောင်းသည် ယင်းနေ့မှာပင် ၃ မိုင်ခန့်အကွာရှိ ဝါးတန်း(အရှေ့)ရွာကို ဝင်ရောက် စီးနင်းပြီး လူနေအိမ် ၁၀ လုံး၊ နွားတဲများ၊ မီးဖိုဆောင်များ စသည့် အဆောက်အဦ ၂၀ နီးပါး ကို မီးရှို့ဖျက်ဆီး သွားသည်ဟု ဒေသခံများက ဆိုသည်။

ထို့နောက် စစ်ကြောင်းသည် ဝါးတန်း(အရှေ့ရွာ) မှ ၈ မိုင်ခန့်အကွာရှိ အုန်းပင်ဆိပ်ရွာ မှတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာသို့ ယနေ့ (ဩဂုတ် ၃၀) နံနက်တွင် ပြန်ထွက်ခွာသွားသည်။

ထိုစစ်ကြောင်းသည် ယခုလ ၁၁ ရက်က ရင်ပေါင်တိုင်ရွာကို လေကြောင်းမှ ရောက်ရှိစီးနင်းခဲ့ပြီး ပုလဲ၊ ယင်းမာပင်၊ ကနီ နယ်တဝိုက် သုံးပတ်နီးပါးကြာ ရွာစဉ် လှည့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရွာများကို ဝင်ရောက်စီးနင်းစဉ် နေအိမ်များ အတွင်း ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာများ၊ အဖိုးတန်ပစ္စည်းများကိုလည်း မွှေနှောက်ယူငင်သွားကြောင်း၊ နေအိမ် အများအပြားကို မီးရှို့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတလျှောက် ကျေးရွာများတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ကြပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များ ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ဩဂုတ်တတိယပတ်အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့ များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၈၀၀၀ ကျော် ပျက်စီးခဲ့သည့်အနက် လေးပုံသုံးပုံနီးပါးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

ကုလသမဂ္ဂက စစ်ကောင်စီကို တောင်းဆိုထားသည့် အချက်များထဲတွင် အရပ်သားများကို သတ်ဖြတ်မှု၊ အိမ်မီးရှို့မှုများ ရပ်ဆိုင်းရေး ပါဝင်သည်။

စစ်ကောင်စီက ၎င်းတို့ ထိုလုပ်ရပ် ကျူးလွန်ခြင်း မရှိကြောင်း၊ အရပ်သားများကို အကာအကွယ် ပေးနေခြင်း ဖြစ်ကြောင်း တုံ့ပြန်လေ့ရှိသည်။

Related Articles

Back to top button