သတင်း

ဝက်လက်မြို့တွင် စစ်တပ်က အရပ်သား ၇ ဦးကို ပစ်သတ်

ယနေ့ (ဇူလိုင် ၆) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း နေရာ ၃ ခုတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အမျိုးသမီးများအပါအဝင် အရပ်သား ၇ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပထမဆုံး ပစ်ခတ် သတ်ဖြတ်ခံရသူမှာ မြို့အနောက်ဘက်ခြမ်း၊ မူးမြစ်အရှေ့ဘက်ကမ်းရှိ သမ္မာရိုးရွာမှ ဆိုင်ကယ်ဖြင့် ငါးရောင်းထွက်လာသည့် အသက် ၅၅ နှစ်အရွယ် ဦးဖိုးလွင် ဖြစ်သည်။

ထို့နောက် နံနက် ၄ နာရီခွဲခန့်တွင် ထိုရွာမှ ဈေးသည် အမျိုးသမီး ၆ ဦး လိုက်ပါလာသော ထော်လာဂျီဈေးကား ရွာအရှေ့ ဘက် ၂ မိုင်ခန့်အကွာ ရွှေပန်းကုန်းစံပြရွာသို့ ကုန်စိမ်းရောင်းရန် သွားနေစဉ် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တိုးခဲ့သည်။

ထိုရွာနှစ်ရွာကြား လမ်းမပေါ်တွင် ပစ်ခတ်ခံရပြီး ကုန်စိမ်းဈေးသည် အမျိုးသမီး ၃ ဦးနှင့် ကားဆရာတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့သည်။

မောင်းပြန်သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပုံရသည်ဟု သမ္မာရိုးရွာဒေသခံတစ်ဦးက ပြောသည်။

“(ကျည်) ဘောက်ကို ဆွဲပစ်တဲ့ပုံစံပဲ၊ ရှေ့ကနေ ပစ်ထားတာ။ အင်ဂျင်မှာလည်း ကျည်ထိထားတာ မနည်းဘူး။ ဈေးကားပေါ်က မိန်းမကြီးတွေ သေသွားတာ။ ခေါင်းကို ထိထားတာတွေရော၊ တစ်ယောက်ဆို ဒူးကို ထိပြီး၊ သွေးထွက်လွန်ပြီး သေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံ အမျိုးသားက ပြောသည်။

သေဆုံးသူတို့မှာ ၂၇ နှစ်အရွယ် ယာဉ်မောင်း ကိုလွင်မိုး၊ ၅၇ နှစ်အရွယ် ဒေါ်နှင်းလှိုင်၊ အသက် ၄၀ အရွယ် ဒေါ်အေးနုဝင်း၊ ၄၆ နှစ်အရွယ် ဒေါ်နုခိုင်တို့ ဖြစ်သည်။

အသက်ရှင် ကျန်ရစ်သည့် ဈေးသည် အမျိုးသမီး ၃ ဦး ဒဏ်ရာရထားကြောင်း၊ စစ်ကောင်စီ ကင်းပုန်းများအန္တရာယ်ကြောင့် ဒေသခံများက နံနက် ၆ နာရီခန့်မှ သွားရောက်ကူညီနိုင်ခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

“မဆိုင်တဲ့လူတွေ လုပ်တာကျတော့ ကျွန်တော်တို့လည်း ဒေါသလည်း ထွက်တယ်၊ စိတ်လည်း မကောင်းဘူးဗျာ။ (ကာကွယ်ရေး) အဖွဲ့ထဲက ဖြစ်ရင်တောင် ဒီလောက် ဝမ်းမနည်းဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဈေးကား ပစ်ခတ်ခံရပြီးနောက် သေဆုံးနေသည့် အမျိုးသမီးနှစ်ဦးကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဇူလိုင် ၅ ညနေပိုင်းတွင် ရွှေဘိုမြို့မှ ထွက်လာသော အဆိုပါ စစ်ကြောင်းသည် ရွာသာကြီးရွာတွင် ညအိပ် တပ်စွဲပြီး နောက်တစ်နေ့ နံနက်အစောတွင် သမ္မာရိုးရွာဘက်သို့ ရောက်သွားခြင်းဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရအမျိုးသမီးများအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ဒဏ်ရာတွေက) စုတ်ပြတ်နေတာ။ ဖွဲလန်ကြဲနေတာပဲ၊ လေးချက်တောင် ထိထားတာ၊ ကျွန်တော်တို့ပဲ အချိန်မီရောက်လို့ ကယ်ပေးထားတာ။ ကျန်တဲ့သူတွေကတော့ ပွဲချင်းပြီးဆိုတော့ မကယ်နိုင်တော့ဘူး” ဟု သူက ဆိုသည်။

ပစ်ခတ်မှု ၂ ခုအပြီး နံနက် ၆ နာရီခန့်တွင် စစ်သားများက သမ္မာရိုးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။

စစ်ကြောင်းနှင့် တိုးသည့် အသက် ၃၀ အရွယ် မဖြူဖြူစန်း၊ ၆၂ နှစ်အရွယ် ဦးသိန်းလှိုင်တို့ ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။

“(အမျိုးသမီးက) ရင်ဘတ်မှာ မှန်တယ်၊ လက်နဲ့ ခြေထောက်မှာလည်း မှန်တယ်။ သူ (အမျိုးသား) ကတော့ ခေါင်းတေ့ပစ်ခံထားရတာဗျ၊ ဦးနှောက်တွေပါ ထွက်ကျနေပြီ။ ထွက်ပြေးရင်းနဲ့ ထိပ်တိုက်တွေ့ကြတာပဲ” ဟု PDF တာဝန်ရှိသူက ပြောသည်။

စစ်သားများက ရွာလယ် ဈေးတန်းမှ ဆိုင်များအားလုံးကို မွှေနှောက်ကာ ပိုက်ဆံနှင့် ပစ္စည်းများ ယူဆောင်ကြသည်၊ ယင်းနံနက်တွင်ပင် မူးမြစ်ကို ဖြတ်ကူးကာ အရာတော်မြို့နယ်ဘက်သို့ ဝင်ရောက်သွားသည်ဟု သိရသည်။

ရုပ်အလောင်းများကို PDF များ၊ ဒေသခံ ပရဟိတအဖွဲ့များက ချက်ချင်း ကောက်ယူ သင်္ဂြိုဟ်ကြကြောင်း သိရသည်။

ရွှေဘိုမှ လာသော စစ်သားများ၏ ပစ်ခတ်စီးနင်းခံရသည့် ဒေသအခြေအနေပြ မြေပုံ။

တစ်ရက်တည်း အလောင်း ၇ လောင်း သင်္ဂြိုလ်ပေးရသဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ဒေသခံပရဟိတအဖွဲ့တာဝန်ခံက ပြောသည်။

“ဘုတ်ချပ် (ကား) ပေါ်က မြင်ရတာတွေရော၊ လမ်းမှာ တွေ့တာတွေရောဆိုတော့ တော်တော် ကြေကွဲတာပေါ့ဗျာ။ ပရဟိတသမားဆိုတော့လည်း အားတော်တော်တင်းပြီး ကောက်ရတာပဲဗျာ။ (ကာကွယ်ရေးအဖွဲ့နဲ့) ပတ်သက်တဲ့သူ သတ်တယ်ဆိုလည်း ထားပါတော့ဗျာ။ အလောင်းကလည်း တော်တော်လေးများတော့ ဝမ်းနည်းရတာပေါ့ဗျာ” ဟု သူက ဆိုသည်။

ယနေ့ နံနက်ပိုင်း လက်နက်မဲ့အရပ်သားများကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

အရာတော်မြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ဝက်လက်မြို့နယ်အနောက်ခြမ်းကို ဇွန်လကုန်ပိုင်းတွင် စစ်ကြောင်းထိုးခဲ့သည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ဒေသခံ ၄ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဝက်လက်မြို့ အနီးဝန်းကျင်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button