သတင်း

ဝက်လက်မြို့ဝန်းကျင်ကို လေတပ် ဗုံးကြဲ၊ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနီးဝန်းကျင်ကို ယနေ့ (ဇွန် ၂၉) နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီခွဲခန့်တွင် ဝက်လက်မြို့ဝန်းကျင် နှစ်မိုင်ခန့်အကွာရှိ ကျေးရွာများကို ထိုသို့ ဗုံးကြဲသည့် လေယာဉ်က စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ ၂ ဦး၊ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးထံမှ သိရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရှိ မီးသတ်စခန်း၊ ယမန်နေ့ (ဇွန် ၂၈) တွင် ဝက်လက်မြို့မရဲစခန်းတို့ကို ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီက လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ယူဆကြသည်။

မီးသတ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်အပြီး မိနစ် ၂၀ ခန့်အကြာ တိုက်လေယာဉ်တစ်စီး ပျံသန်းလာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြို့ပတ်ချာလှည့်ပြီး သုံးကြိမ် ပတ်ကြဲတယ်။ ဗုံး အကြီးအကျယ် သုံးလုံး ကြဲသွားတယ်။ စက်လက် (စက်သေနတ်) နဲ့ကတော့ မြို့အစွန်နယ်နိမိတ်တွေအကုန်လုံးကို ပတ်ပြီး ရမ်းပစ်သွားတယ်” ဟု သူက ဆိုသည်။

ဝက်လက်မြို့တောင်ဘက် နှစ်မိုင်နီးပါးအကွာ ခေါတောရွာ စာသင်ကျောင်းအနီး ဗုံးနှစ်လုံး၊ မြို့အရှေ့ဘက် မိုင်ဝက်ခန့်အကွာ မြင်တော်ရွာအနီးတွင် ဗုံးတစ်လုံး၊ မြို့မြောက်ဘက် တစ်မိုင်အကွာ သခွတ္တောကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ အဆိုပါ ဗုံးကြဲမှုအတွင်း လူသေဆုံးမှု မရှိကြောင်း ကနဦး သိရပြီး လူတစ်ဦးနှင့် ကျွဲနွားတိရစ္ဆာန်တချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

ဝက်လက်မြို့အနီး လေကြောင်းမှ ဗုံးကြဲခံရသည့် ကျေးရွာများ။

လေယာဉ်မလာခင်ကတည်းက ဝက်လက်မြို့ပေါ်မှ အရှေ့ဘက်ခြမ်းသို့ လက်နက်ကြီးများ ဆက်တိုက် ပစ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာ၌ ပုန်းအောင်းနေရသည်ဟု ဒေသခံပကဖခေါင်းဆောင် နောက်တစ်ဦးက ပြောသည်။

“မနက်ပိုင်းကတည်းက ဝက်လက်မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ပြီးတော့ မကြာဘူး ဖိုက်တာ (တိုက်လေယာဉ်) တက်လာတာ။ အကုန် ဝဲပစ်တာ ရွာပတ်လည်တွေကို လှည့်ပစ်တာ။ အရပ်သားတွေကတော့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ နီးရာ တော၊ ကျင်းထဲ ပုန်းတဲ့သူတွေ ပုန်းပေါ့ဗျာ” ဟု သူက ဆိုသည်။

ရဲစခန်းကို တိုက်ခိုက်မှုတွင် နံနက်ပိုင်း ရဲများ တန်းစီနေချိန် ဖြစ်သောကြောင့် ရဲတချို့ ထိခိုက် သေဆုံးကြောင်း၊ မီးသတ်ရုံးတိုက်ခိုက်မှုတွင် အဆောက်အအုံ ပျက်စီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်လည်း ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာပြီး စစ်ကိုင်းမြို့နယ်မှ ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သတ်သည့် အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားဒေသများ အပါအဝင် လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် ဗမာလူမျိုးများကပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဝင်နေကြသည်။

နေရာအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားရသဖြင့် မြေပြင်စိုးမိုးမှု အားနည်းလာသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို အားပြုလာရသည်။

ဇွန်၂၇ တွင်လည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာ ၂ ရွာပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ရဟန်းတစ်ပါး အပါအဝင် အရပ်သား ၁၀ ဦးအထိ သေဆုံးခဲ့သည်။

ဧပြီလကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အုပ်ချုပ်ရေးရုံးဖွင့်ပွဲအခမ်းအနားတစ်ခုကို ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အများအပြား အပါအဝင် ပြည်သူ ၁၅၀ ကျော် သေဆုံးသွားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button